သတင်း

သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးအရာရှိ နှစ်ဦး ပစ်ခတ်ခံရ၊ ၁ ဦးသေဆုံး

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး ယနေ့ (ဩဂုတ် ၁၂) မွန်းလွဲချိန်တွင် ဝင်ရောက်ပစ်ခတ်ခံရပြီး ဒုဦးစီးမှူးသေဆုံးကာ ဦးစီးမှူးမှာ သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု Myanmar Now က စုံစမ်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်း၊ ဘီအိုစီမှတ်တိုင်အနီးရှိ အထက်ပါ ရုံးအတွင်းသို့ သေနတ်သမား၂ ဦးဝင်ရောက်ပစ်ခတ်ခဲ့ပြီး မြို့နယ် ဦးစီးအရာရှိ ဦးနိုင်ဝင်းထွေးနှင့် ဒုဦးစီးမှူးဦးကျော်မိုးတို့ သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနောင်း၏ သတင်းရင်း မြစ်ကပြောသည်။

အဆိုပါ အခြေအနေများကို စုံစမ်းသိရှိနိုင်ရန် သင်္ဃန်းကျွန်း မြို့မရဲစခန်းသို့ Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါ။

ယခုပစ်ခတ်မှုကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုသည်။ သို့သော် အသေးစိတ် အခြေအနေများကို ဖြေကြားခြင်းမရှိသေးပါ။

သင်္ဃန်းကျွန်းမြို့နယ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများသည် နာမည်ဆိုးဖြင့် ကျော်ကြားသည်ဟုလည်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“အဲ့ဒီရုံးက သင်္ဃန်းကျွန်းမြို့နယ်မှာ တော်တော် နာမည်ကြီးတဲ့ရုံးဖြစ်တယ် အဲ့ဒီမှာ မှတ်ပုံတင်လုပ်တဲ့သူတွေ သန်းခေါင်စာရင်းလုပ်တဲ့သူတွေကို ငွေတောင်းတဲ့ကိစ္စတွေနဲ့ တော်တော်ကြီးကို နာမည်ထွက်တယ်” ဟု ဒေသခံက ဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်တံတားပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းကြပ်စွာ ပိတ်ဆို့စစ်ဆေးနေပြီး ထိစပ်မြို့နယ်များတွင်လည်း လမ်းသွားလမ်းလာယာဉ်များကို စစ်ဆေးနေသည်ဟု ဒေသခံ သတင်းများက ဆိုသည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင်လည်း ယနေ့ (ဩဂုတ်၁၂) နံနက်က အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဘက်ရင်ဘတ်တွင် သေနတ်ကျည်ဖောက်ဝင်ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဒညင်းကုန်းရပ်ကွက်၊ မြတ်ဧရာ (၂) လမ်းသွယ်တွင် နေအိမ်ရှေ့၌ ကားတာယာလဲနေသည့် အသက် ၃၇ နှစ်အရွယ် အရန်မီးသတ်တပ်ခွဲမှူး လှိုင်မင်းထွန်းကို လူ ၃ ဦးက ဆိုင်ကယ်တစ်စီးဖြင့် လာရောက် ပစ်ခတ် သွားခြင်းဖြစ်သည်။

ဩဂုတ် ၁၁ ညကလည်း ရွှေပြည်သာမြို့နယ်အတွင်း ၂ နေရာပေါက်ကွဲမှုဖြစ်ပြီး ည ၇ နာရီခန့်က ၇ ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ည ၇ နာရီခွဲ၌ ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ ဖောက်ခွဲတိုက်ခိုက်ခံရသည်။

အဆိုပါ၂ရုံး ဗုံးခွဲခံရမှုတွင် အုပ်ချုပ်ရေးမှူး ၂ ဦးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု Myanamr Now ၏သတင်းရင်းမြစ်ထံမှ သိရသည်။

ရွှေပြည်သာရှိ အုပ်ချုပ်ရေးရုံးနေရာ ၂ နေရာအား တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA) က ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ နုတ်ထွက်ကြရန် သတိပေးထားသည်။

နိုင်ငံအတွင်း မြို့ပေါ်ရပ်ကွက်များတွင်သာမက၊ ကျေးလက်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်ထောက်ခံသူ ပျူစောထီးများ ပစ်ခတ်လုပ်ကြံခံရမှုများရှိနေသည်။ အဆိုပါ ပစ်ခတ်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အချို့က စီမံခြင်းဟု အဆိုပါ အဖွဲ့များက ရံဖန်ရံခါ ထုတ်ပြန်လေ့ရှိသည်။

ထိုလုပ်ကြံမှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က စစ်ရေးပစ်မှတ်သတ်မှတ်ရာတွင် နိုင်ငံတကာက စစ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေတွေနဲ့အညီ စစ်ရေးပစ်မှတ် သတ်မှတ်သည်ဟု Myanmar Now ကိုပြောသည်။

“စစ်ရေးကိစ္စရပ်တွေမှာ ပါဝင် ဆောင်ရွက်ခြင်း မရှိဘူးဆိုရင်တော့ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ဖို့မရှိပါဘူး” ဟု ဦးနိုင်ထူးအောင်က ပြောသည်။

သို့သော် စစ်ကောင်စီသည် ပြည်သူ့လုံခြုံရေးအကြောင်းပြကာ ပြည်သူ့စစ်များဖွဲ့စည်းပြီး အရပ်သားများ၊ ဝန်ထမ်းများကို အသုံးပြုလာခြင်း၊ အဆိုပါ ဝန်ထမ်းများ အရပ်သားများက စစ်ကောင်စီနှင့် ပူးပေါင်းပါက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သည်ဟုလည်းသူက ဆိုသည်။

“ဒီလိုကိစ္စရပ်မျိုးတွေမှာ ပါဝင်ဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စစ်ရေးပစ်မှတ် သတ်မှတ်ခံရတဲ့ အမျိုးအစားထဲမှာ အကျုံးဝင်သွားနိုင်ပါတယ်” ဟု ပြောသည်။

Show More

Related Articles

Back to top button