သတင်း

စစ်ရဟတ်ယာဉ်များဖြင့် ယင်းမာပင်ကို တိုက်ခိုက်၊ ဒေသခံများ ဒဏ်ရာရ 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ (ဩဂုတ် ၁၁) တည်းက လေကြောင်းမှ တိုက်ခိုက်သဖြင့် ဒဏ်ရာရနေသည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အပါအဝင် ဒေသခံ ၅၀ ထက်မနည်း ပိတ်မိနေကြောင်း သိရသည်။ 

မြို့နှင့် ၁၀ မိုင်ခန့်အကွာ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိ ထိုရွာကို ညနေ ၃ နာရီဝန်းကျင်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၃ စီး လာရောက်ပစ်ခတ်ပြီး စစ်သား ၆၀ ကျော်ကို ရဟတ်ယာဉ်ဖြင့် လာချထားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“မနေ့က တရစပ်ပစ်တာပါပဲ။ ထိခိုက်တာက အရပ်သား ပြည်သူတော်တော်များများ ထိခိုက်တာပဲ။ ရွာထဲမှာက သန်သန်မာမာ မဟုတ်တဲ့သူတို့၊ ထွက်ပေါက်ကျဉ်းသွားတဲ့သူတို့တွေက တော်တော်များများ ပိတ်မိသေးတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရဟတ်ယာဉ် ၃ စီးဖြင့် ၄၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အချို့ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“ဒဏ်ရာနဲ့ ပိတ်မိကျန်နေတာက ၁၅ ယောက်နဲ့ ၂၀ ကြားမှာ ရှိတယ်။ ပိတ်မိနေတဲ့သူ ခြုံငုံရင်တော့ ၅၀ လောက် ရှိတယ်။ ဒဏ်ရာနဲ့လွတ်မြောက်တာက အယောက် ၂၀ ကျော်လောက် လွတ်မြောက်ခဲ့ပါတယ်။ တချို့က အပြင်းစားဒဏ်ရာရတယ်။ တချို့က အသေးမွှားဒဏ်ရာရတယ်” ဟု ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Young Ranger Force မှ တာဝန်ခံ ကိုဗလက မြေပြင်အခြေအနေကို ပြောသည်။

ယမန်နေ့ ညနေက ရဟတ်ယာဉ်များ အဆက်မပြတ် ဝဲပျံနေသည့်အတွက် အားလုံးကို ကယ်ထုတ်နိုင်ခြင်း မရှိကြောင်း၊ နေအိမ်နှင့် လမ်းများပေါ်တွင် ပိတ်မိနေသူအရေအတွက် အတိအကျမသိရကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်ခန်းထဲမှာ နေနေရင်းနဲ့ကို အပေါ်ကပစ်တဲ့လက်နက်ကြီး အိမ်ကိုမှန်ပြီး၊ အဲဒီက အစအနတွေ မှန်ပြီး ဒဏ်ရာရထားတဲ့သူတွေလည်းရှိတယ်။ ခြေထောက်အရိုးကျိုးသွားတာတွေရှိတယ်။ တချို့ဆိုရင် ပထမပစ်လိုက်တဲ့ လက်နက်ကြီးက ခေါင်းကိုမှန်ထားတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

“တချို့ဆိုရင် ကယ်ထုတ်နိုင်တယ်။ တချို့ကိုတော့ ကယ်မထုတ်နိုင်ဘဲ စိတ်မကောင်းစွာနဲ့ ထားခဲ့ရတာတွေ ရှိတယ်”

အဘွားအိုတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာရရှိထားပြီး၊ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာလည်း ခြေထောက်နှင့် ပေါင်တွင် ဒဏ်ရာအပြင်းအထန်ရရှိထားသည်ကို တွေ့မြင်ခဲ့ရကြောင်း ကိုဗလက ပြောသည်။

ထို့နောက် ရဟတ်ယာဉ်နှင့် ရောက်လာသည့် စစ်သားများက ယင်းနေ့ညနေမှာပင် ကျေးရွာအတွင်း ဖြန့်ကြက်နေရာယူလိုက်ပြီး ရွာနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်တပ်က မီးရှို့သွားပြီးနောက် ထွက်ပြေးလာသော ဒေသခံများအား ဇွန် ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-ယင်းမာပင်သတင်းမှန်ပြန်ကြားရေး)  

ရင်ပေါင်တိုင်ရွာတိုက်ခိုက်ခံရမှုကြောင့် အနီးအနားမှ ပုထိုးသာ၊ ရွာသစ်၊ ညောင်တန်း၊ ရွာအို၊ ဆင်တဲ၊ ရွှေလံရွာတို့မှ ဒေသခံများ ဘေးလွတ်ရာ တောတောင်များသို့ ရှောင်တိမ်းနေရသည်။ 

ယခင် မြေပြင်စစ်ကြောင်းထိုးစဉ်က ဘေးလွတ်ရာ တိမ်းရှောင်နိုင်သော်လည်း ယခုကဲ့သို့ လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခံရမှုတွင် ဒေသခံများ ပိုအခက်တွေ့ရသည်။ 

“အရင်တုန်းက မြေပြင်စစ်ကြောင်းလာရင် ဒီဘက်ရွာကို ဝင်ရင် ဟိုဘက်ရွာကို ပြေးတယ်။ ဟိုဘက်ရွာကို ဝင်ရင် ဒီဘက်ရွာကို ပြေးတယ်။ အဲ့လိုပတ်သွားနေခဲ့တာ။ အဆင်ပြေခဲ့သေးတယ်။ အခုကျတော့ ဘယ်ပြေးလို့ ပြေးရမှန်း မသိတော့ဘူး။ ကြောက်လန့်တကြားပြေးနေရတယ်” ဟု ကိုဗလက ပြောသည်။ 

ရင်ပေါင်တိုင်ရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ ရောက်ရှိနေကြောင်း သတင်းပေးချက်အရ ယမန်နေ့က ဝင်ရောက်တိုက်ခိုက်ရာ ၇ ဦး သေဆုံးပြီး သေနတ် ၅ လက်၊ ဗုံးပစ်လောင်ချာ ၂ လက်အပါအဝင် လက်နက်ခဲယမ်းများ၊ ကျည်ဆန်များ သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီဘက်တော်သား အွန်လိုင်းလူမှုကွန်ရက်သုံးသူများက ဓာတ်ပုံနှင့်တကွ ရေးသား ဖြန့်ဝေနေကြသည်။ 

စစ်ကောင်စီတပ်က ကျေးရွာများကို တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

လက်ရှိတွင် ရွာအတွင်း စစ်တပ်တပ်စွဲထားဆဲဖြစ်သည့်အတွက် ယမန်နေ့က ပစ်ခတ်မှုအတွင်း ထိခိုက် ဒဏ်ရာရသေဆုံးသည့်အခြေအနေနှင့် ပတ်သက်ပြီး အတိအကျမသိရသေးကြောင်း၊ ညနေ ၄ နာရီမှ စတင်ကာ ရွာကို မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။ 

စစ်ကိုင်းတိုင်းအတွင်းမှ လက်နက်ကိုင်ခုခံမှုအားကောင်းရာမြို့နယ်ဖြစ်သည့် မြင်းမူ၊ အရာတော်၊ ဒီပဲယင်း၊ ရေဦးမြို့တို့ကို စစ်ကြောင်းထိုးရာတွင် ရွာများကို ပစ်ခတ်ခြင်း၊ စစ်သားများကို သယ်ယူပို့ဆောင်ခြင်းတို့အတွက် ရဟတ်ယာဉ်များ ပိုမို အသုံးပြုနေသည်။ 

ယခုလဆန်းပိုင်းက မြင်းမူမြို့နယ်နှင့် အရာတော်မြို့နယ်စပ်ရှိ လက်ပံကျင်းရွာကို လေကြောင်းမှ ရုတ်တရက် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button