သတင်း

ယင်းမာပင်ဒေသကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နှင့် ပုလဲမြို့နယ်စပ်ရှိ ရင်ပေါင်တိုင်ရွာကို ယနေ့ (ဩဂုတ် ၁၁) ညနေ ၃ နာရီဝန်းကျင်မှ စတင်၍ စစ်ရဟတ်ယာဉ်များက ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

မြို့နှင့် ၁၀ မိုင်ခန့် အကွာရှိ ထိုရွာကို ရဟတ်ယာဉ် ၃ စီးက ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ 

“ရင်ပေါင်တိုင်နားကို ပစ်နေတယ်။ ၄၅ မိနစ်ကျော်သွားပြီ၊ ပစ်တာ။ အခုထက်ထိ အသံက ကြားနေရတုန်းပဲ။ စစ်ကြောင်းထိုးတာ တိုက်ပွဲဖြစ်တာ မြေပြင်အခြေအနေ ဘာမှမရှိဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရုတ်တရက်လေကြောင်းမှ လာရောက် တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ဒေသခံများ ကျေးရွာအတွင်း ပိတ်မိနေဖွယ်ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 

“ဘာကြောင့်လာပစ်လဲ ဆိုတာကတော့ လက်ရှိစုံစမ်းနေဆဲဆိုတော့ ပြောလို့မရသေးဘူး။ သေချာတာတစ်ခုကတော့ ပိတ်မိနေတဲ့ ရွာသားတွေရှိနိုင်သလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ဘာလို့တုန်းဆိုတော့ ရင်ပေါင်တိုင်ရွာက စံပြရွာကြီးဖြစ်တယ်။ အိမ်ခြေ ၁၀၀၀ လောက်ရှိတယ်” ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုခန့်က ပြောသည်။

ညနေ သုံးနာရီခွဲဝန်းကျင်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘက်မှ ရဟတ်ယာဉ် နောက်တစ်စီး ရောက်ရှိလာပြီး စစ်အင်အားလာရောက်ချထားခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်း၊ ရေဦး၊ မြင်းမူ၊ အရာတော်မြို့နယ်များမှ ကျေးရွာများကို စစ်ကောင်စီက ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်နေသည်။

ယင်းမာပင်မြို့နယ်သည် စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံခဲ့သည့် မြို့နယ်တစ်ခုဖြစ်ပြီး မြို့ပေါ်မှအပ ကျေးရွာအများစုတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများလည်း အားကောင်းနေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button