သတင်း

လုပ်ခသက်သာ၍ လုပ်ငန်းတိုးချဲ့မည့် ဂျပန်အထည်ချုပ်စက်ရုံ လုပ်သားရာချီအလုပ်ထုတ်ခဲ့  

လုပ်အားခ သက်သာ၍ စက်ရုံသစ်ထပ်ဖွင့်မည့် ဂျပန်အခြေစိုက် အဝတ်အထည်လုပ်ငန်း Honeys Holdings သည် ၂၀၁၇ ခုနှစ်အတွင်း မြန်မာအလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ဖူးသည်။

ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်အတွင်း စက်ရုံနှစ်ခု ထူထောင်ထားသည့် ထိုကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ရင်းနှီးမြှုပ်နှံမည့် တတိယမြောက်စက်ရုံသစ်ကို နှစ်နှစ်အတွင်း တည်ဆောက်သွားမည်ဟု Nikkei Asia သတင်းဌာနက ယခုလ ၂ ရက်တွင် ရေးသည်။

စစ်တပ်အာဏာသိမ်းထား၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများပြည်တွင်းမှ ထွက်ခွာနေချိန်တွင် ခြေလှမ်းသစ်ပြင်နေသည့် ထိုဂျပန် အထည်ချုပ်ကုမ္ပဏီသည် ယခင်ကတည်းက အလုပ်သမားအခွင့်အရေးကို လိုက်နာခဲ့ခြင်း မရှိဟု သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက မှတ်ချက်ပြုသည်။

၂၀၁၇ တွင် Honeys Holdingsက အလုပ်သမားရာချီ အလုပ်ထုတ်မှုတွင် ကူညီဆောင်ရွက်ပေးသည့် ၎င်းကိုပင် ဆက်သွယ်ရေးဥပဒေပုဒ်မ၊ နစ်နာကြေးရလိုမှု၊ တရားမမှုတို့ဖြင့် တရားစွဲခဲ့သေးသည်ဟု ဒေါ်မျိုးမျိုးအေးက ဆက်ပြောသည်။ ဆက်သွယ်ရေးပုဒ်မမှာ အမှုပိတ်သိမ်းသွားပြီး ကျန်အမှုများ ဆက်လက်ရင်ဆိုင်နေရသည်ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်မှာ စစ်တပ်က လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခြင်းမပြုမီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD) အရပ်သားအစိုးရလက်ထက်တွင် အလုပ်သမားတို့က သင်္ကြန်ပိတ်ရက် တောင်းဆိုရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်အထည်ချုပ်ကုမ္ပဏီ Honeys Holdings က အလုပ်သမားခေါင်းဆောင်အချို့ကို အလုပ်ထုတ်ခဲ့သလို စက်ချုပ်လုပ်သားတို့ နေ့စဉ် ထုတ်လုပ်ပေးရမည့် အထည်အရေအတွက်ကိုလည်း ၅၀၀မှ ၇၅၀ အထိ တိုးသည်။

ထိုကိစ္စ ညှိနှိုင်းနေစဉ်အတွင်း သတ်မှတ်အထည်ရေ မပြည့်မီသည့်အလုပ်သမားများကို ၄ ကြိမ် သတိပေးပြီးနောက် Honeys Holdings က အစုလိုက်အပြုံလိုက် ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု STUM ၏ မှတ်တမ်းများက ဆိုသည်။

“အဲဒီတုန်းက အလုပ်သမားတွေက စုပေါင်းတောင်းဆိုမှုလုပ်နေတဲ့အချိန်။ အဲဒီလိုအချိန်မှာ မထုတ်ရဘူး ဒါပေမဲ့ ထုတ်လိုက်တယ်” ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။

ထိုကိစ္စကို အလုပ်သမားများက အငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီကို တိုင်ကြားခဲ့သော်လည်း အလုပ်ရှင်ဘက်ကို အနိုင်ပေးခဲ့သည့်အတွက် အလုပ်ထုတ်ခံအလုပ်သမားများ နစ်နာကြေး မရခဲ့ပေ။

Honeys Holdings နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်နိုဝင်ဘာလက ထွက်ရှိခဲ့သော အမေရိကန်အခြေစိုက် WORKER RIGHTS CONSORTIUM အဖွဲ့ အစီရင်ခံစာတွင်လည်း အလုပ်သမားအခွင့်အရေးချိုးဖောက်သည်ဟု မှတ်တမ်းတင်ဖူးသည်။

နေ့စားခန့်ထားသော အလုပ်သမားများကို အနည်းဆုံးလုပ်ခလစာအောက် လစာပေးထားခြင်း၊ အသက်မပြည့်သေးသော အလုပ်သမားခန့်ထားခြင်း၊ လုပ်သားအများအပြားကို တစ်ပြိုင်နက် ရပ်စဲခြင်း၊ ကြီးကြပ်ရေးမှူးများက အလုပ်သမားများကို ဆဲဆိုခြင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး စီမံထားမှုများမရှိခြင်းကြောင်း ထိုသို့ သတ်မှတ်ရသည်ဟု WORKER RIGHTS CONSORTIUM အဖွဲ့က ဆိုထားသည်။

“ဒီလိုစက်ရုံမျိုးက မြန်မာနိုင်ငံမှာ ထပ်ပြီးရင်းနှီးမြှုပ်နှံမှုလုပ်တာကို လက်ခံတယ်ဆိုရင် ပိုပြီးဆိုးလာနိုင်တဲ့ အနေအထားမျိုးပဲရှိတယ်” ဟု ဒေါ်မျိုးမျိုးအေးက ဆိုသည်။

မြန်မာတွင် တည်ဆောက်မည့် တတိယမြောက်စက်ရုံကို စတုရန်းမီတာ ၁၆,၀၀၀ ကျယ်ဝန်းသည့် မြေနေရာယူမည်ဟု ကြေညာထားသည့် Honeys Holdings ကုမ္ပဏီဥက္ကဋ္ဌ Eisuke Ejir က ၎င်း၏ ဆုံးဖြတ်ချက်မှာ လုပ်ခသက်သာမှုပေါ်တည်သည်ဟု အတိအလင်းပြောထားသည်။

“တခြားနေရာတွေထက် ဈေးသက်သက်သာသာနဲ့ မြန်မာမှာရှိတဲ့စက်ရုံတွေက ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအားသာချက်ပါပဲ” ဟု ၎င်းက ဆိုသည်။

ထိုကုမ္ပဏီ၏ အမျိုးသမီးဖက်ရှင်ပစ္စည်း ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို အရှေ့တောင်အာရှနိုင်ငံများရှိ စက်ရုံများက ချုပ်လုပ်နေသည်။ ထိုအထဲတွင် မြန်မာနိုင်ငံက ၄၄ ရာခိုင်နှုန်းပါဝင်သည်။

Honeys Holdings သည် နိုင်ငံတကာအသိမှတ်ပြုလက်မှတ်များ ထုတ်ပေးသည့် SGS Group က စစ်ဆေးမှုကို လည်းခံနေရသည်။ စက်ရုံအတွင်း ကလေးလုပ်သား၊ အဓ္ဓမလုပ်အားပေးစေခိုင်မှုနှင့် ခွဲခြားဆက်ဆံမှုကဲ့သို့သော ချိုးဖောက်မှုများနှင့် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ လုပ်ငန်းခွင် လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စများကိုလည်း စစ်ဆေးနေခြင်းဖြစ်သည်။

အထက်ပါ ဝေဖန်မှုများနှင့်ပတ်သက်၍ Honeys Holdings ထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် ပြီးခဲ့သည့် အရပ်သားအစိုးရလက်ထက်ကထက် ပိုမိုဆိုးရွားသော အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ရှိလာသည်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ထဲတွင်ပင် စက်ရုံအလုပ်ရုံ အများအပြားပိတ်သိမ်းသွား၍ အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button