သတင်း

ဆန္ဒပြပွဲအပြီး ဖိနှိပ်မှုများ ပိုဆိုးလာကြောင်း အထည်ချုပ်အလုပ်သမားများပြော

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာစက်ရုံဝင်းရှိ အထည်ချုပ်စက်ရုံမှ အလုပ်သမားထောင်ချီဆန္ဒပြမှုသည် သဘောတူညီမှုတချို့ရရှိခဲ့သော်လည်း လုပ်ငန်းခွင်ဖိနှိပ်မှုမှာ ပိုမိုဆိုးရွားလာသည်ဟု အလုပ်သမားများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ တွင် Great Glowing Investment Co. ltd(ADK) အထည်ချုပ်စက်ရုံတွင် ဆိုးရွားနေသည့် အလုပ်သမားအခွင့်အရေးအတွက် ထောင်နှင့်ချီသည့် အထည်ချုပ်အလုပ်သမားများက ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲအပြီး အလုပ်ရှင်နှင့် အလုပ်သမားများအကြား သဘောတူညီမှုတစ်ချို့ရရှိခဲ့သော်လည်း လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည်ဟု အသက် ၂၅ နှစ်အရွယ် ဆန္ဒပြအလုပ်သမတစ်ဦးက ပြောသည်။ 

“သူတို့က စာချုပ်သာချုပ်ပေးထားတယ်။ စာချုပ်အတိုင်းလည်း တကယ်ဖြစ်မလာဘူး။ အရင်ထက်ပိုပြီး စည်းကမ်းတွေက တင်းကျပ်လာတယ်။ လူ သုံး၊ လေး၊ ငါး ယောက်လောက် စုတာကိုတောင်မှ လာပြီး ခွဲထုတ်တာမျိုးတွေ လုပ်တယ်” ဟု ဆိုသည်။ 

ထို့ပြင် ကျွမ်းကျင်မှုဆုကြေး ကျပ် ၁၅၀၀၀ ပေးအပ်ရန် သဘောတူညီမှုရရှိခဲ့သော်လည်း လက်တွေ့တွင်မူ ၇၅၀၀ သာ ပေးခဲ့ပြီး အတင်းအကျပ်လက်မှတ်ထိုးခိုင်းပြီး မှတ်တမ်းဓာတ်ပုံများ ရယူခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ပိုက်ဆံရရှိကြောင်းကို လက်မှတ်မထိုးရင် မထိုးတဲ့သူကို ပြောတာများ ၂ ပြားတောင် မတန်ဘူး။ အတင်းအကျပ်တွေ ထိုးခိုင်းတယ်။ သောင်းကျန်းပြီး ထိုးခိုင်းတယ်။ အရမ်းရုပ်ပျက်တယ်” ဟု ၎င်းက ဆိုသည်။ 

ဆန္ဒပြပြီးနောက်တစ်နေ့ (ဇူလိုင် ၈) တွင် စနေနေ့  ညနေ ၄ နာရီ အလုပ်ဆင်းခွင့်ရရှိရန်နှင့် တနင်္ဂနွေနေ့ အလုပ်ပိတ်ရန် အချက် ၂ ချက် ကို အလုပ်ရှင်ဘက်က သဘောတူညီခဲ့သော်လည်း အဓိကကျသည့် တောင်းဆိုချက်များ မရရှိသေး ကြောင်း အလုပ်သမားများထံမှ သိရသည်။ 

တက်ကြွသည့်အလုပ်သမားတချို့ကို အလုပ်ရှင်က စောင့်ကြည့်နေပြီး စက်ရုံအစည်းအဝေးတွင်လည်း ဆန္ဒပြမှုမှာ တရားဝင်မှုမရှိကြောင်း၊ အထည်ချုပ်စက်ရုံအတွင်း (စက်ချုပ်) လိုင်းတစ်ခုမှ တစ်ခုသို့ သွားရောက် စကားမပြောဆိုရန် တားမြစ်ထားကြောင်း အလုပ်သမနောက်တစ်ဦးက ပြောသည်။ 

“တခြားတစ်ယောက်ယောက်က ကိုယ့်ကို ဆွယ်လာမယ်ဆိုရင် သူတို့ခေါင်းဆောင်ပိုင်းတွေကို လာတိုင်လို့ ရပါတယ်ဆိုတာမျိုးပေါ့။ ကျွန်မတို့ဆန္ဒပြဖို့ တိုင်ပင်လို့မရအောင် ပိတ်ဆို့လိုက်တဲ့သဘောပါ” ဟု ဆိုသည်။ 

နိုင်ငံတကာ အားကစားအမှတ်တံဆိပ်တစ်ခုဖြစ်သည့် CRIVIT တံဆိပ်နှင့် သားမွေးအနွေးထည်များ၊ အနွေးထည်များကို အဓိကချုပ်လုပ်နေသည့် ADK အထည်ချုပ်စက်ရုံတွင် အထည်ချုပ်အလုပ်သမား ၇၀၀၀ နီးပါး လုပ်ကိုင်နေပြီး ယခုဆန္ဒပြတောင်းဆိုမှုမှာ ယင်း၏ စက်ရုံခွဲတစ်ခုဖြစ်သည့်  Great Glowing Investment Co.LTD တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ADK အထည်ချုပ်စက်ရုံလုပ်ငန်းရှင်ထံ Myanmar Now က ဆက်သွယ် မေးမြန်းခဲ့သော်လည်း မရသေးပေ။

ဆန္ဒပြသည့်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဆိုပါစက်ရုံသို့ ရောက်ရှိလာကာ စက်ရုံပိုင်ရှင်နှင့် စကားပြောဆိုပြီးနောက် သဘောတူညီချက်တချို့ ဟန်ပြပေးခဲ့ပြီး ထိုသို့ဆက်လက်ဖိနှိပ်နေခြင်း ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ရာနှင့်ချီသည့် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းခဲ့ရပြီး အလုပ်သမား တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။ 

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် အလုပ်သမဂ္ဂခေါင်းဆောင်များ တရားစွဲခံထားရပြီး အလုပ်သမားရေးရာအဖွဲ့ ၁၆ ဖွဲ့ကို စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက တရားမဝင်ကြောင်း ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button