စက်ရုံယာယီပိတ်သိမ်းသည့်ကာလအတွင်း အလုပ်သမားအခွင့်အရေးရရန် တိုင်စာပို့တောင်းဆိုသော UMG ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ Win Food ကုမ္ပဏီ၏ စားသောက်ကုန်ထုတ်စက်ရုံမှ အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံလိုက်ရသည်။
ထိုသို့ တိုင်ကြားခြင်းကြောင့် ပုံရိပ်ထိခိုက်သည်ဟု ကုမ္ပဏီက အကြောင်းပြခဲ့သည်ဟု အလုပ်ထုတ်ခံရသူ အမျိုးသမီးနှစ်ဦးက Myanmar Now ကို ပြောသည်။
ဩဂုတ် ၂၃ က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန်တွင် တည်ရှိသည့် Win Food စားသောက်ကုန်စက်ရုံ ယာယီပိတ်မည်ဟု ကြေညာပြီး နောက်တစ်ရက်၌ပင် ဌာနအချို့မှလွဲ၍ အလုပ်ဆင်းခွင့်ပိတ်ခဲ့ကြောင်း၊ စက်ရုံပိတ်သိမ်းသည်ကို သိရှိကြောင်း လက်မှတ်မထိုးလျှင် အချိန်ပိုကြေးထုတ်မပေးဟု ကုမ္ပဏီဘက်က ဖိအားပေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။
စက်ရုံကို လေးလကြာပိတ်မည်ဟုသာ ကုမ္ပဏီဘက်က ခန့်မှန်းပြောဆိုပြီး ပြန်ဖွင့်မည့် အချိန်ကာလ အတိအကျမသိရသဖြင့် အခြေခံလစာ နှစ်လစာပေးရန် ၎င်းတို့က ညှိနှိုင်းသော်လည်း တစ်လစာသာ ရသည်ဟု သိရသည်။
ထို့ကြောင့် စက်ရုံယာယီပိတ်စဉ် အနည်းဆုံးအခကြေးငွေဥပဒေအရ လစာခံစားလိုကြောင်း Win Food ကုမ္ပဏီကို လိပ်မူ၍ စာရေးသားတောင်းဆိုကာ UMG နှင့် သက်ဆိုင်ရာမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတို့သို့ ဩဂုတ် ၂၄ တွင် တိုင်ကြားခြင်းဖြစ်သည်။
“သူတို့ခွင့်ပြုချက်မယူဘဲ ကျွန်မတို့သဘောနဲ့ အခြားရုံးတွေကို မိတ္တူတွေဖြန့်ပါတယ်ဆိုပြီး စွပ်စွဲပြီးတော့ ၂၅ ရက်နေ့မှာ ရုံးချုပ်က မရူပါက ကျွန်မတို့ကို အလုပ်ထုတ်လိုက်တယ်။ ကျွန်မတို့တွေက စာတွေကို ဖြန့်တယ်တဲ့”ဟု ထုတ်လုပ်ရေးဌာနတွင် ၇ နှစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
အလုပ်သမား ၁၆၀ ဦးရှိသည့် စက်ရုံတွင် စက်ရုံပိတ်သည်ကို သိရှိကြောင်း လက်မှတ်မထိုးဘဲ ဥပဒေပါ အခွင့်အရေးများရရန် တောင်းဆိုသူများသာ အလုပ်ထုတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်တွင် တစ်လကြိုတင်အသိမပေးဘဲ အလုပ်ထုတ်ပါက လုပ်သက်အလိုက် နစ်နာကြေးပေးရမည်ဟု ပါဝင်သော်လည်း ကုမ္ပဏီဘက်က လိုက်နာခြင်းမရှိခဲ့ဟု အလုပ်ထုတ်ခံရသူ နောက်ထပ်တစ်ဦးက ပြောသည်။
“အပြစ်မရှိဘဲ အလုပ်ထုတ်လိုက်တာပေါ့။ အကြောင်းပြချက်မခိုင်လုံဘဲနဲ့။ အဲဒီအတွက် နစ်နာတယ်လေ။ ကျွန်မတို့ကို တရားဝင်အလုပ်ထုတ်မယ်ဆိုရင် နစ်နာကြေးတွေ၊ ရပိုင်ခွင့်တွေ ပေးရမှာလေ။ အခု သူတို့က အဲဒါတွေမပေးတော့ ကျွန်မတို့က နစ်နာတာပေါ့” ဟု ၎င်းက ပြောသည်။
ထို့ပြင် စီစဉ်ပေးထားသည့် အဆောင်မှ သုံးရက်အတွင်း ဆင်းပေးရန် ပြောဆိုခဲ့ပြီး အချိန်စေ့သည့် နေ့တွင် ကုမ္ပဏီလုံခြုံရေးဝန်ထမ်းကို သုံး၍ နှင်ချခံခဲ့ရကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။
Myanmar Now က ကြည့်ရှုခွင့်ရသည့် ဩဂုတ် ၂၇ ရက်စွဲပါ Win Food ကုမ္ပဏီ၏ အလုပ်ထုတ်ပယ်စာတွင် လုပ်ငန်းခွင်အတွင်းချမှတ်သည့် စည်းကမ်းများမလိုက်နာခြင်း၊ ကုမ္ပဏီသတင်းအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ပြင်ပသို့သတင်းပေးသူ ၇ ဦးကို အလုပ်ထုတ်ကြောင်း ဖော်ပြထားသည်။
ထိုအလုပ်သမားတို့၏ တိုင်ကြားစာတွင် ကုမ္ပဏီဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့် အချက်များပါဝင်ကြောင်း၊ အလုပ်ခန့်ထားမှုသဘောတူစာချုပ်အရ ထိုသို့ပြုမူခြင်းသည် ကြီးလေးသော ပြစ်ဒဏ်ထိုက်သဖြင့် အလုပ်ထုတ်ရန် စီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Win Food အထွေထွေမန်နေဂျာ ဒေါ်ဇာဇာနွဲ့က Myanmar Now ကို ပြောသည်။
“သူတို့(အလုပ်သမား) ကလည်း လျော်ကြေးလိုချင်တယ်။ ကျွန်မတို့ကုမ္ပဏီဘက်က Management Team (စီမံခန့်ခွဲမှုအဖွဲ့) ဘက်ကကျတော့လည်း အပြစ်ရှိလို့ ထုတ်တာဖြစ်တဲ့အတွက်ကြောင့် လျော်ကြေးမပေးနိုင်ဘူး။ သူတို့က (ယာယီပိတ်ထားသည့်) ကြားကာလမှာ တိုင်လိုက်တာဖြစ်တဲ့အတွက်၊ အလုပ်ထုတ်တာဖြစ်တဲ့အတွက်၊ စက်တင်ဘာ One Month Notice (အလုပ်မှနားရန် တစ်လကြိုတင် အကြောင်းမကြားသည့်အတွက် ရရန်လစာ) ကြေးလည်း မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် လက်မှတ်မထိုးသူများကို အချိန်ပိုကြေးမပေးဟု အလုပ်ထုတ်ခံရသူများက ဌာနဆိုင်ရာများသို့ တိုင်ကြားသည့် စာတွင်ပါဝင်သော အချက်အလက်မှာ မှားယွင်းနေကြောင်း၊ ပေးချေပြီးဖြစ်ကြောင်း ဒေါ်ဇာဇာနွဲ့က ဆိုသည်။
အလုပ်သမားများကို အလုပ်ဆင်းခွင့်ပိတ်လိုက်သော်လည်း စက်တင်ဘာလစာကို One Month Notice ကြေးအဖြစ် ပေးမည်၊ စက်ရုံပြန်မဖွင့်မီ နောက်လများအတွင်း ပေးရန်ရှိသည့် လစာများကို ပြန်လည်ဆွေးနွေးမည်ဟု အလုပ်သမားများထံ အသိပေးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အလုပ်ထုတ်ခံရသည့် အလုပ်သမားများဘက်ကမူ ဒေါ်ဇာဇာနွဲ့ပြောသကဲ့သို့ မဟုတ်ဘဲ စက်ရုံမလည်ပတ်လျှင် ဝင်ငွေမရှိ၍ လစာမပေးနိုင်၊ စက်ရုံပြန်ဖွင့်ချိန်မှသာ လစာပေးချေမည်ဟု ကုမ္ပဏီဘက်က ပြောခဲ့ကြောင်း၊ ကိုဗစ်နိုင်တင်းကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုဂယက်ကြောင့် စားဝတ်နေရေးဒုက္ခများ ကြီးမားစွာကြုံနေရကြောင်း ပြောကြသည်။
ထို့အတူ စက်ရုံပိတ်သည်ကို သိရှိကြောင်း လက်မှတ်ထိုးခဲ့သည့် ဝန်ထမ်းအချို့ကိုလည်း စာချုပ်သက်တမ်းပြည့်ပြီဟုဆိုကာ အလုပ်မှထုတ်ပယ်မှုများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေခဲ့ရသည့် အမျိုးသမီးဝန်ထမ်း နောက်ထပ်တစ်ဦးထံမှ သိရသည်။
“ဥပဒေကြောင်းအရသွားမယ်ဆိုရင် Fair မဖြစ် (မျှတမှုမရှိ) တော့ဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မက တစ်ခုခုလုပ်ခဲ့လို့ ရပ်လိုက်တယ်ဆိုရင် ဒါကိစ္စမရှိဘူးလေ” ဟု ၎င်းက ပြောသည်။
လက်မှတ်ထိုးခဲ့သူများအနက် ဦးရေမည်မျှ အလုပ်ရပ်နားခံရသည်ကိုမူ အတည်မပြုနိုင်သေးပါ။
အလုပ်သမားရပိုင်ခွင့်အတွက် သက်ဆိုင်ရာ အလုပ်သမားရုံးတွင် ညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းဖြင့် ဆက်လက်အရေးဆိုမည်ဟု Myanmar Now နှင့် မေးမြန်းခွင့်ရသည့် နစ်နာကြေးမရဘဲ အလုပ်ထုတ်ခံရသော အမျိုးသမီးဝန်ထမ်း ၂ ဦးက ပြောသည်။
ထိုသို့ရပ်တည်ချက်မှာ မှန်ကန်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဦးရဲနိုင်ဝင်းကလည်း ပြောသည်။
စက်ရုံယာယီပိတ်လျှင် ပုံမှန်ပေးရမည့် အခြေခံခံစားခွင့်ကို အလုပ်သမားထံပေးရန်၊ လုံးဝပိတ်လိုက်၍ အလုပ်မှထုတ်ရမည်ဆိုပါက လုပ်သက်အလိုက် နစ်နာကြေးပေးရန် တည်ဆဲဥပဒေအရ ကုမ္ပဏီဘက်က တာဝန်ရှိသည်ဟု ၎င်းက ထောက်ပြသည်။
၂၀၁၃ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၄(ဆ) တွင် အလုပ်ရှင်က အလုပ်မပေးနိုင်၍ အလုပ်နားရလျှင် အချိန်ပြည့်အလုပ်လုပ်ဘိသကဲ့သို့ အခကြေးငွေရပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
အလုပ်သမား ၇ဦးက ဌာနဆိုင်ရာများသို့ တိုင်ကြားစာကြောင့် ကုမ္ပဏီတွင်းသတင်းအချက်အလက်များ ပေါက်ကြားသည်ဆိုသော အကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်မှုမရှိဟု အလုပ်သမားအရေးကူညီပေးနေသည့် ကိုစိုင်းယုမောင်ကလည်း ပြောသည်။
“အလုပ်သမားဖြစ်တဲ့အတွက် အလုပ်သမားနဲ့ဆိုင်တဲ့ ရုံးလေးရုံးကိုပဲ ပို့တာ။ ပြီးတော့ ထွေအုပ်ကို ပို့ပေးတယ်။ တကယ်ဆိုင်တဲ့လူကိုပဲ ပို့တာ။ မဆိုင်တဲ့ လျှပ်စစ်တို့၊ ဝန်ကြီးချုပ်တို့ ကျန်တဲ့ဟာ ဘာမှမပို့ဘူး။ ဒီဟာက လျှို့ဝှက်ချက်လည်းမဟုတ်ဘူး။ ဥပဒေနဲ့အညီ ဖြေရှင်းပေးပါလို့ပဲ တင်ထားတာ” ဟု ၎င်းက ဆိုသည်။
ထို့အတူ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်ဖြစ်သည့် အထက်ပါ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုကို လှိုင်သာယာမြို့နယ်အလုပ်သမားရုံးက လက်ခံဖြေရှင်းပေးခြင်းမရှိဟု ကိုစိုင်းယုမောင်က ပြောသည်။
တိုင်ကြားစာကို ထပ်မံပို့ရန် စီစဉ်နေသော်လည်း သက်ဆိုင်ရာ ရုံးဌာနသို့ မေးမြန်းနိုင်ခြင်း၊ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
၂၀၁၃ တွင် စတင်ထူထောင်သည့် Win Food ကုမ္ပဏီမှာ ဘီစကစ်၊ ဝေဖာမုန့်ကဲ့သို့သော စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ချိနေသည်။ Win Food ၏ မိခင်ကုမ္ပဏီ UMG သည် ယာဉ်ယန္တရား၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ အစားအသောက်၊ သတ္တုတူးဖော်ရေး၊ အိုင်စီတီ၊ မီဒီယာနှင့် ကုန်ပစ္စည်းပို့ဆောင်ရေး စသည့် စီးပွားရေးနယ်ပယ်မျိုးစုံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည်။
အဆိုပါကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်အရ UMG တွင် အလုပ်သမားပေါင်း ၃,၀၀၀ ကျော်ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p



