
ရန်ကုန်မြို့စွန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်အတွင်းရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ရုံတွင် အသက် ၂၃ နှစ်အရွယ် ကိုဝင်းဇော်* ချွေးဒီးဒီးကျအောင် အလုပ်ရှုပ်နေသည်။
စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအခြေအနေများကြောင့် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ရသည်မှာ ပို၍ခက်ခဲကျပ်တည်းလာသည်။ တစ်လ ကျပ်တစ်သိန်းကျော်သာ ဝင်ငွေရှိတော့သဖြင့် မငတ်ရုံတစ်မည်ဖြစ်လာသည်။ အလုပ်သမားအခွင့်အရေးဝေးစွ အလုပ်မပြုတ်ရေးကိုပင် သတိထားနေရသည်။
လွန်ခဲ့သော တစ်နှစ်ကျော် အရပ်သားအစိုးရလက်ထက်တွင် လစာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ ကျွမ်းကျင်မှုကြေး အစုံအလင်ရသဖြင့် တစ်လ ကျပ်နှစ်သိန်းခွဲ ပြေးမလွတ်ဟု ရွှေလင်းပန်းစက်မှုဇုန်ရှိ AMG1 အမည်ရ အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုဝင်းဇော်က ပြောသည်။
အာဏာမသိမ်းမီက အထည်အစိတ်အပိုင်း ၁၀၀ သာ တာဝန်ယူချုပ်လုပ်ပေးရသော်လည်း လက်ရှိတွင် ၂၀၀ နီးပါးအထိ ပိုလုပ်ပေးနေရသည်ဟု ဆိုသည်။ အလုပ်ပိုလုပ်ပေးရသော်လည်း အချိန်ပိုကြေး နတ္ထိဖြစ်နေကြောင်း လုပ်သက်ငါးနှစ်ရှိ အထည်ချုပ်အလုပ်သမားက ဆိုသည်။
“အာဏာမသိမ်းခင်ကဆို အဲဒီလို (ဆဲဆို) ပြောလို့ မရဘူး။ ပြောရင် (အလုပ်သမားဌာနက စက်ရုံကို) သတိပေးခံရတာရှိတယ်။ အခုတော့ အဲဒါတွေ လုံးဝမရှိတော့ဘူး”
အဆိုးတကာ့အဆိုးများထဲတွင် စက်ရုံပိုင်ရှင် တရုတ်သူဌေး လူယုံများ၏ မကြားဝံ့မနာသာ ဆဲဆိုခံရခြင်း ဖြစ်သည်ဟု ကိုဝင်းဇော်က ပြောသည်။
“အာဏာမသိမ်းခင်ကဆို အဲဒီလို (ဆဲဆို) ပြောလို့ မရဘူး။ ပြောရင် (အလုပ်သမားဌာနက စက်ရုံကို) သတိပေးခံရတာရှိတယ်။ အခုတော့ အဲဒါတွေ လုံးဝမရှိတော့ဘူး”
“အိမ်သာသွားချင်လည်း မသွားရဘူး။ တချို့ကျ သူတို့ (သတ်မှတ်ထားတဲ့) စံချိန်မမီဘူး။ အဲဒါဆို (သတ်မှတ်ခွင့်ပြုချိန် နာရီဝက်အတွင်း) ထမင်းမစားဘဲ ပြည့်အောင်ချုပ်ပေးရတယ်” ဟု ကိုဝင်းဇော်က ပြောသည်။
နာတာရှည် အသက် ၅၅ နှစ်အရွယ် မိခင်လည်းရှိ၊ အဆောင်လခ ခုနှစ်သောင်းလည်း ပုံမှန်ပေးနေရသည်တွင် ကုန်ဈေးနှုန်းကြီးမြင့်လာသော အခြေအနေ၌ အရာရာ ကြိတ်မှိတ်သည်းခံနေရသည်ဟု ၎င်းက ဆိုသည်။
“လစာထုတ်ပြီး လေးငါးရက်နေရင် ဘေးကနေ ပြန်ဆွဲ (ချေးငှား) ရတာပဲ အဲဒီလိုပဲ သံသရာလည်နေတာပဲ၊ ဘယ်လိုမှတော့ အဆင်တော့ မပြေဘူး၊ စားစရိတ်ကလွဲရင် လက်ထဲ ကျန်းမာရေးမကောင်းရင် ဆေးကုစရာ ပိုက်ဆံမရှိဘူး” ဟု ကိုဝင်းဇော်က ဆက်ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး သုံးလအကြာ ပြီးခဲ့သည့်နှစ် ဧပြီတွင် သူအလုပ်လုပ်ရာ စက်ရုံ ယာယီပိတ်လိုက်ရသည်။ ပြန်ဖွင့်ချိန်တွင် အလုပ်သမားခေါင်းဆောင်များ ပြေးသူပြေး၊ အလုပ်ပြတ်သူပြုတ် ဖြစ်ကုန်သည်။ ယခင်လို အရေးဆိုရန် အခွင့်မသာတော့ဟု ဆိုသည်။
အာဏာသိမ်းသည့် တစ်နှစ်ထဲတွင်ပင် စက်ရုံအလုပ်ရုံ အများအပြားပိတ်သိမ်းသွား၍ အလုပ်သမား ၁ ဒသမ ၆ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားသည်။
အခု စက်ရုံတိုင်းလိုလိုမှာ ပြောနေတာက ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့။ မကျေနပ်ဘူးဆိုရင် တိုင်ချင်ရာတိုင်ဆိုပြီး ဖြစ်နေတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဝင်ရပ်တည်ခွင့် ရုပ်သိမ်းခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ထံ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ တိုင်ကြားထားမှုမှာ ၂၀၂၁ တွင် အမှုပေါင်း ၆၀ ကျော်၊ ယခုနှစ် ဇန်နဝါရီမှ မတ်လအထိ အမှုပေါင်း ၂၀ ကျော်ရှိနေသည်ဟု သိရသည်။

အချိန်ပိုကြေးမပေးခြင်း၊ ပိတ်ရက်တွင် အခကြေးငွေမပေးဘဲ အလုပ်ဆင်းရခြင်း၊ မဆင်းလျှင် အလုပ်ပျက်ရက်သတ်မှတ်ခြင်း၊ ကုန်ထုတ်လုပ်ပေးရသည့် အရေအတွက်ကို မြှင့်တင်လိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံရခြင်း၊ ဆဲဆိုခြင်း၊ ခွင့်မပေးခြင်း စသည့် တိုင်ကြားမှုများ ပါဝင်သည်ဟု CTUM ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က Myanmar Now ကို ပြောသည်။
အသက်မပြည့်သေးသည့် ကလေးအလုပ်သမားများကို နေ့စားခန့်ထားပြီး လုပ်ခလစာ အပြည့်မပေးဘဲ အချိန်ပိုခိုင်းစေခြင်း၊ လူမှုဖူလှုံရေးခံစားခွင့်များ မရတော့ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ အလုပ်သမားအဖွဲ့များ လွတ်လပ်စွာဖွဲ့ခွင့် မရှိတော့ခြင်းများလည်း ပါဝင်သည်ဟု ဆိုသည်။
“အခုဖြစ်နေတဲ့ အဓမ္မခိုင်းစေမှုတွေက အထည်ချုပ်နဲ့ ဖိနပ်သားရေလုပ်ငန်းတွေမှာဆိုရင် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကဏ္ဍတစ်ခုလုံးမှာ ဖြစ်နေတယ်လို့ ပြောလို့ရတယ်” ဟု မခိုင်ဇာအောင်က ပြောသည်။
သို့သော် လုံခြုံရေးနှင့် အလုပ်ပြုတ်မည် စိုးရိမ်၍ အရပ်သားအစိုးရလက်ထက်ကကဲ့သို့ ပွင့်လင်းစွာ မပြောဆိုရဲကြသဖြင့် ဖြေရှင်းရခက်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“အခု စက်ရုံတိုင်းလိုလိုမှာ ပြောနေတာက ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့။ မကျေနပ်ဘူးဆိုရင် တိုင်ချင်ရာတိုင်ဆိုပြီး ဖြစ်နေတာပါ” ဟု မခိုင်ဇာအောင်က ပြောသည်။
ကိုယ်ဝန်ဆောင်ပင် ခွင့်ယူမရ
အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်ဝန်ဆောင်အမျိုးသမီးများပင် မီးဖွားခွင့်၊ မီးဖွားစရိတ် မရတော့သည့်ပြင် အလုပ်ရပ်စဲခံရမှုများပင်ရှိနေသည်ဟု CTUM မှတ်တမ်းများကို ကိုးကား၍ မခိုင်ဇာအောင်က ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် လုပ်သက် ၆ လ မပြည့်သေးသည့် ကိုယ်ဝန်ဆောင်အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်နေသည်ဟု အလုပ်သမားရေးရာများ ဖော်ပြနေသည့် Myanmar Labor News လူမှုကွန်ရက်စာမျက်နှာက မတ်လအတွင်း ရေးသားသည်။
ဒီနေ့ အထည်ရေ ၁,၂၀၀ ပေးရမယ်ဆိုရင် မပြည့်ရင်၊ နောက်ပြန်ပြင်ရမဲ့ အထည်တွေဆိုရင် သူတို့ကို ပြန်ခေါ်တယ်။ အလကားဆင်းပေးရတယ်
အဆိုပါအချက်ကို ကိုဝင်းဇော်ကလည်း ထောက်ခံသည်။ သူအလုပ်လုပ်နေသော စက်ရုံတွင် ကိုယ်ဝန်ဆောင်အလုပ်သမားများကို အလုပ်မှ မထုတ်ပယ်သော်လည်း မီးဖွားခွင့် အပြည့်အဝမပေးတော့ဟု အတည်ပြုသည်။
“ဟိုအရင်ကဆို မမွေးခင် ၆ ပတ် မွေးပြီး ၆ ပတ်ရတယ်။ အခု မွေးပြီး တစ်ပတ်လောက်ဆို အလုပ်ဆင်းပေးရတယ်။ အခု နားလို့ မရတော့ဘူး” ဟု ကိုဝင်းဇော်က ပြောသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ ရန်ကုန်တက် အလုပ်လုပ်နေသည်မှာ ၁၀ နှစ်ကျော်ပြီဖြစ်သည့် အသက် ၂၇ နှစ်အရွယ် ကိုစိုးမင်း* သည်လည်း အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေသူတစ်ဦးဖြစ်သည်။
အာဏာမသိမ်းမီက ကုမ္ပဏီတစ်ခုတွင် အရောင်းဝန်ထမ်းလုပ်ခဲ့သော်လည်း ကိုဗစ်ကာလအတွင်း အလုပ်နားလိုက်ရပြီးနောက် လှိုင်သာယာစက်မှုဇုန်တွင် အထည်ချုပ်အလုပ်သမားဖြစ်လာသူဖြစ်သည်။ Tianjin Fashion Milestone Garment အမည်ရ တရုတ်အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူဖြစ်သည်။
သူလုပ်နေသော စက်ရုံတွင် နေ့စဉ် အချိန်ပို နှစ်နာရီခွဲအပြင် ပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့တွင်ပါ ဆင်းပေးနေရသော်လည်း အချိန်ပိုကြေးအနေဖြင့် တစ်နာရီ ၁၂၀၀ ကျပ်သာရသည်ဟု ကိုစိုးမင်းက ပြောသည်။ သို့သော် အချိန်ပိုကြေး မရသူများလည်းရှိသည်ဟု ပြောသည်။
“ဒီနေ့ အထည်ရေ ၁,၂၀၀ ပေးရမယ်ဆိုရင် မပြည့်ရင်၊ နောက်ပြန်ပြင်ရမဲ့ အထည်တွေဆိုရင် သူတို့ကို ပြန်ခေါ်တယ်။ အလကားဆင်းပေးရတယ်” ဟု ကိုစိုးမင်းက ပြောသည်။
ဖေဖော်ဝါရီလအတွင်း ကိုဗစ်ကူးစက်ခံရပြီး နေမကောင်းသဖြင့် နယ်ပြန်ခွင့်တောင်းရာ စက်ရုံက ခွင့်မပေးဟု ဆိုသည်။ အလုပ်ချိန် ၈ နာရီပြည့်အောင် ဆင်းပေးပြီးမှ အိမ်ပြန်လို့ရသလို နောက်ရက်အတွက် ခွင့်တိုင်သော်လည်း မရဟု ၎င်းက ပြောသည်။
“အညာတို့ ရခိုင်တို့ ပြန်ချင်လို့ရှိရင် ဟိုမှာက ကျန်းမာရေးမကောင်းဖြစ်နေတာဆို သွားလာတာနဲ့ သုံးရက်တည်းက ဘယ်လိုမှ မလောက်ဘူးလေ။ လေးငါးရက်တောင်းရင် ဘယ်တော့မှ မပေးဘူး သုံးရက်ပဲ။ သုံးရက်ကျော်တာနဲ့ ဖြုတ်ပစ်လိုက်ရော” ဟု ကိုဝင်းဇော်ကလည်း ပြောသည်။
အလုပ်အကိုင်ကလည်း ရှားပါးနေသဖြင့် မိဘများ နေထိုင်မကောင်းလျှင်ပင် မပြန်ရဲတော့ကြောင်း၊ တချို့စက်ရုံများတွင် ခွင့်တင်သော်လည်း ရက်ပျက်ကြေး တစ်ရက် ကျပ်ငါးသောင်းထိ လစာထဲမှ ဖြတ်ခံရသည်ဟု ၎င်းတို့ထံမှ သိရသည်။
လှိုင်သာယာရှိ စက်ရုံများတွင် အလုပ်လုပ်နေသူအများစုမှာ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် အထက်အညာဒေသ မကွေးနှင့် စစ်ကိုင်းတိုင်းတို့မှ ဖြစ်သည်ဟု သိရသည်။ လက်နက်ကိုင်ခုခံတော်လှန်ရေး အားကောင်းသည့် ထိုအညာဒေသမှာ စစ်တပ်၏ အငြိုးအတေးဖြင့် ချေမှုန်းခြင်းလည်း ခံနေရသည်။
ခေါင်းပုံဖြတ်ခံ နေ့စားအလုပ်သမားများသာ
အာဏာသိမ်းပြီးနောက် နိုင်ငံတကာမှ အလုပ်အပ်သူ ရှားပါးလာခြင်းနှင့်အတူ စက်ရုံအလုပ်ရုံများတွင် နေ့စားအလုပ်သမား ပိုသုံးလာသည်ဟု သိရသည်။
အသက် ၃၆ နှစ်အရွယ် ကိုဌေးအောင်* သည် ပန်းချီကားဘောင်များ ပြုလုပ်သည့် လှိုင်သာယာစက်ရုံတစ်ရုံတွင် နေ့စားအလုပ်သမားဖြစ်သည်။ အလုပ်ဝင်နေသည်မှာ သုံးလခန့်သာရှိသေးသည်။ မြစိမ်းရောင်စက်မှုဇုန်ရှိ ထိုစက်ရုံပိုင်ရှင် မည်သူဖြစ်သည်၊ မည်သည့်ကုမ္ပဏီက ပိုင်ဆိုင်သည်ကို ကိုဌေးအောင် မသိပေ။
“ဆိုင်းဘုတ်လည်း မရှိဘူး။ ပန်းချီဘောင်စက်ရုံလို့ပဲ ခေါ်ကြတယ်” ဟု ယခင်က အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်ခဲ့သူ ကိုဌေးအောင်က ပြောသည်။
အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အလုပ်သမားထု ချီတက်ဆန္ဒပြရာတွင် ကိုဌေးအောင်လည်း ပါဝင်ခဲ့သည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် အလုပ်သမားများကို စစ်တပ်က လိုက်လံဖမ်းဆီးသဖြင့် ကိုဌေးအောင်လည်း အလုပ်ထွက်ကာ ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ဇာတိရွာကို ပြန်သွားခဲ့သည်။
ရန်ကုန်သို့ အဝတ်အထည်များ တက်ဝယ်ကာ ရွာတွင် ပြန်ရောင်းသည်။ အရောင်းအဝယ်မကောင်းသည်က တစ်ကြောင်း၊ ဇနီးဖြစ်သူ ကိုယ်ဝန်ရှိလာသည်ကတစ်ကြောင်းကြောင့် ရန်ကုန်ပြန်လာပြီး နေ့စားလုပ်နေခြင်းဖြစ်သည်။
“တောမှာကလည်း အလုပ်အကိုင်က အဆင်မပြေတော့ ရန်ကုန်ပြန်တက်လာပြီး ရတဲ့အလုပ်လေး ဝင်လုပ်နေတာ”
နေ့စားအလုပ်သမားဖြစ်သည့်အတွက် အလုပ်ဆင်းသည့်ရက်သာ ပိုက်ဆံရပြီး ပိတ်ရက်များအတွက် မရပေ။ အချိန်ပိုကြေးလည်း မရှိပေ။ ပုံမှန်နေ့စားခသည် တစ်ရက် ကျပ် ၄၈၀၀ သာဖြစ်သည်။
“ကျနော်တို့ကျတော့ တစ်နေ့လုံးလုပ်လည်း အလုပ်ချိန် ၈ နာရီအတွင်းက ၄,၈၀၀ ပဲ ပေးတာ။ တရားဝင်အလုပ်သမား မဟုတ်တော့ ကျန်းမာရေးမကောင်းတာတို့၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တာတွေ မရဘူး” ဟု ကိုဌေးအောင်က ပြောသည်။
အလုပ်ပါးရက်များတွင် စက်ရုံက နေ့စားအလုပ်သမား ခေါ်လေ့မရှိပေ။ ပိတ်ရက်များပါမကျန် ရသမျှ မနားတမ်း ကုန်းရုန်းလုပ်ပါမှ တစ်လ ကျပ်နှစ်သိန်းနီးပါးသာ ဝင်သည်ဟု ဆိုသည်။ ကိုယ်ဝန်ဆောင် ဇနီး ဆေးခန်းပြဖို့ မလောက်င၍ နယ်ကဆွေမျိုးများထံမှ ချေးငှားသုံးစွဲနေရသည်ဟု ကိုဌေးအောင်က ပြောသည်။
သုံးလပြည့်ပါက လခစားဝန်ထမ်းခန့်မည်ဟု နှုတ်ကတိပေးကာ နေ့စားအလုပ်သမား ခေါ်ယူသည်ဖြစ်ရာ စက်ရုံများက အကြောင်းအမျိုးမျိုးပြလျက် စိတ်ကြိုက်အလုပ်ထုတ်ခွင့်ရနေကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် ခြောက်လကျော်လာသော်လည်း နေ့စားအလုပ်သမားအဖြစ်သာ ဆက်ခန့်ထားသည်ဟု တိုင်ကြားစာများတွင် တွေ့ရကြောင်း CTUM တာဝန်ရှိသူက ပြောသည်။ လခစားမခန့်သည့်အတွက် အလုပ်သမားများကို ဥပဒေပါအတိုင်း ပေးရမည့် လုပ်ခလစာနှင့် အချိန်ပိုကြေးကို စက်ရုံဘက်မှ ရှောင်၍ရနေသည်ဟု ထိုအဖွဲ့က သုံးသပ်သည်။
ကိုစိုးမင်း၏ ညီဖြစ်သူမှာ လှိုင်သာယာမြို့နယ်စက်မှုဇုန်ရှိ စက်ရုံတစ်ရုံတွင် နေ့စားအလုပ်သမားအဖြစ် သုံးလကျော်ကြာပြီး အလုပ်ဖြုတ်ခံရသည်။ အကြောင်းရင်းကို မေးသောအခါ တက်တူးထိုးထား၍ ဖြစ်သည်ဟု စက်ရုံဘက်က ပြန်ပြောသည် ဆိုသည်။
“ခေါ်ကတည်းက တက်တူးရှိတာ သူတို့သိတာပဲ။ အဲဒါကို တက်တူးတွေ ပါလို့ဆိုပြီး ဖြုတ်တယ်” ဟု ကိုစိုးမင်းက ပြောသည်။ သူ့ညီဖြစ်သူမှာ ယနေ့အထိ နောက်ထပ် နေ့စားအလုပ်သစ် ရှာမရသေးပေ။
တချို့စက်ရုံများသည် လခစားဝန်ထမ်းကို ဖြုတ်ကာ နေ့စားပြန်ခန့်နေကြောင်း၊ နေ့စား သုံးလပြည့်ပါက လခစားအမြဲတမ်း ဝန်ထမ်းပြန်ခန့်ရမည်စိုး၍ အလုပ်ပြန်ဖြုတ်နေကြောင်း အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။
ထိုနည်းအားဖြင့် အလုပ်ရှင်ဘက်က ခြောက်ရက်ခန့် လုပ်ခလစာ သက်သာသွားကာ နေ့စားအလုပ်သမား ရာချီရှိသဖြင့် စက်ရုံပိုင်ရှင်များ အကျိုးအမြတ်ရနေကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံရေးအခြေအနေတွေကို ကြည့်ပြီး ပြည်ပလုပ်ငန်းရှင်တချို့က လူလည်ကျတာပေါ့ဗျာ။ ဒီဘက်မှာကျ စားရမဲ့သောက်ရမဲ့ ဖြစ်ကုန်တယ်” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

အားကိုးရာမဲ့
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အထွေထွေအလုပ်သမားအခွင့်အရေးဆုံးရှုံးမှု အမျိုးစုံရှိလာသည်။ လုပ်ငန်းခွင်၌သာမက နေ့စဉ်လူနေမှုဘဝအထိပါ ခြိမ်းခြောက်မှုများ ရှိလာသည်။
စက်ရုံတွင် အမြင်မတော်သည့်ကိစ္စတစ်ခုကို ဝင်ပြောမိသော သူငယ်ချင်း အလုပ်သမားတစ်ဦး အိမ်အပြန်လမ်းတွင် အရိုက်ခံရသည့်ဖြစ်စဉ် ရှိဖူးကြောင်း လှိုင်သာယာတွင် အလုပ်လုပ်နေသူ ကိုဝင်းဇော်က ပြောသည်။
စက်ချုပ်လိုင်းတန်းတွင် သတ်မှတ်အထည် အရေအတွက်မပြည့်ဟုဆိုကာ အမျိုးသမီးငယ်တစ်ဦးကို ထမင်းစားချိန်အတွင်း ချုပ်ခိုင်းသည်ကို ကိုဇေယျာ* ဆိုသူက ဝင်ပြောမိခြင်းဖြစ်သည်။ ထိုသို့ ဝင်ပြောမိသူ ကိုဇေယျာကို အိမ်အပြန်လမ်းတွင် လူငါးဦးက ဝိုင်းရိုက်ကြသည်ဟု ဆိုသည်။
သေလုမြောာပါး အရိုက်ခံရပြီးနောက် ကိုဇေယျာလည်း ဇာတိမြေပြန်သွားသည်ဟု ဆိုသည်။ စက်ရုံပိုင်ရှင်က လူမိုက်ငှားကာ ရိုက်နှက်ခိုင်းသည်ဟု အလုပ်သမားများ ယုံကြည်ထားသည်။
“ကျနော်တို့က မခံနိုင်လို့ ဝင်ပြောလို့ရှိရင် နောက်နေ့မနက်က မသေချာတော့ဘူး” ဟု ကိုဝင်းဇော်က ပြောသည်။
ကျွန်မတို့ အလုပ်သမားတွေက လုပ်ငန်းခွင်ထဲရှိနေတယ်လို့ ပြောလို့ မရဘူး။ အလုပ်လုပ်နေတယ်လို့ မသုံးတော့ဘူး။ ကျွန်ပြုခံနေရတာလို့ပဲ ပြောချင်ပါတယ်
အာဏာသိမ်းပြီးနောက် အလုပ်သမားခေါင်းဆောင်များ ဖိနှိပ်ခံရခြင်းနှင့်အတူ အလုပ်သမားသမဂ္ဂများလည်း ရေငုံနှုတ်ပိတ်နေလာရသည်။ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ ထွက်ပြေးတိမ်းရှောင်ရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်သည့် အလုပ်သမား ၈၀ ရာခိုင်နှုန်းခန့် အလုပ်ရပ်နားခံခဲ့ရသည်ဟု CTUM က ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ပြင် စက်ရုံအလုပ်ရုံများမှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရေးဆောင်ရွက်သည့် အဖွဲ့အစည်းနှင့် သမဂ္ဂ ၁၆ ဖွဲ့ကို အာဏာသိမ်းပြီး တစ်လအကြာတွင် တရားမဝင်ကြောင်း ကြေညာခဲ့သည်။
စက်ရုံများတွင် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရရေး၊ ရပ်တည်ရေးမှာ အရပ်သားအစိုးရလက်ထက်ကကဲ့သို့ မလွယ်ကူတော့ပေ။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ သဘောတူညီချက်ပါ လွတ်လပ်စွာသင်းပင်ဖွဲ့စည်းခွင့်ကို အစိုးရတစ်ရပ်အနေဖြင့် လက်မှတ်ထိုးထား၍သာ အတန်အသင့် အခွင့်ရခြင်းဖြစ်သည်ဟု CCTU အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်းက သုံးသပ်သည်။
“အာဏာသိမ်းပြီးနောက်တော့ သမဂ္ဂဖွဲ့ခွင့်ဆိုတာတွေက ရပ်သွားသလိုတောင် ဖြစ်သွားတယ်။ ဘာလို့ဆို အလုပ်သမားတွေ ဒီနေ့ကာလမှာ တကယ်ရင်ဆိုင်ရုန်းကန်နေရတာက သူတို့ စားဝတ်နေရေးနဲ့ အလုပ်အကိုင်တည်မြဲရေးပဲ”
လက်ရှိ စက်မှုဇုန်များရှိ စက်ရုံပိုင်ရှင်များကလည်း အလုပ်သမားဥပဒေများကို ယခင်ထက် မျက်ကွယ်ပြုလာသည်ဟု ဦးရဲနိုင်ဝင်းက ဆက်ပြောသည်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကမူ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးယန္တရားကို ပြန်လည်အသက်သွင်းလာသည်ဟု ၎င်းက ဆိုသည်။
စက်ရုံတိုင်းတွင် လုပ်ငန်းညှိုနှိုင်းရေးကော်မတီ (WCC) များ အသစ်ပြန်ဖွဲ့သည်၊ အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်နှင့် အလုပ်သမားဘက်မှ ကိုယ်စားလှယ်များ အချိုးကျ ပါဝင်သည်ဟု သိရသည်။ အလုပ်သမားများဘက်မှ မကျေလည်မှုများရှိလာပါက ထိုကော်မတီနှင့် ဦးစွာဖြေရှင်းပြီးမှ အလုပ်သမားဝန်ကြီးဌာနကို တင်ပြခွင့်ပေးသည်ဟု CCTU တာဝန်ရှိသူက ပြောသည်။
“လွတ်လပ်ပါတယ်ဆိုတဲ့ အရင်အစိုးရ နှစ်ဆက်မှာတောင်မှ WCC က အလုပ်ရှင် စိတ်ကြိုက်ဖွဲ့တာ ပိုများတယ်။ ဒါကြောင့် မရှင်းနိုင်ဘူး” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။
အရပ်သားအစိုးရလက်ထက်တွင် တိုင်ကြားရေးစနစ် ကောင်းမွန်သောကြောင့် အလုပ်သမားများ နစ်နာမှုရှိပါက ဖြေရှင်းပေးနိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ထိုသို့ မဟုတ်တော့ဟု ဆိုသည်။
“အခုက တိုင်ကြားရေးစနစ်တော့ ရှိပေမဲ့ အရင်လို တက်တက်ကြွကြွနဲ့ လုပ်ကိုင်ပေးမဲ့သူတွေက နည်းနည်းလေးပဲ ကျန်တယ်” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

စက်ရုံပိတ်ပြီး လျော်ကြေးမရသည့် ကိစ္စကိုသာ အလုပ်သမားအဖွဲ့အစည်းများက ကူညီနိုင်ပြီး လုပ်ငန်းခွင်ဖိနှိပ်ခံရမှုများအတွက် ထိထိရောက်ရောက် မကူညီနိုင်ဟု CTUM တာဝန်ရှိသူက မခိုင်ဇာအောင်က ဆိုသည်။
ရန်ကုန်တွင် စက်မှုဇုန်ရှိရာ မြို့နယ်များမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များဖြစ်သည်။ စက်ရုံများဝန်းကျင်တွင် စစ်ကားများ ဥဒဟိုလှည့်ပတ်နေသည်။ ထိုအခြေအနေကို အသုံးချကာ စက်ရုံများဘက်က အလုပ်သမားအခွင့်အရေးတောင်းဆိုသူများကို ခြိမ်းခြောက်နေသည်ဟု သိရသည်။
“ပေးတာနဲ့လုပ် မကျေနပ်ရင် ထွက်သွား မတိုင်ကြနဲ့။ ဒုက္ခရောက်သွားမယ်ဆိုပြီး စက်ရုံတွေက ပြောနေတာ” ဟု မခိုင်ဇာအောင်က ပြောသည်။
အလုပ်ပိတ်မည့် စက်ရုံတစ်ရုံ လစာတစ်သိန်းသာ နစ်နာကြေးပေးပြီး လက်မှတ်ထိုးခိုင်းကြောင်း၊ အလုပ်သမားအချို့က မကျေနပ်ကြောင်း ပြောသည့်အခါ စစ်တပ်ကို ခေါ်၍ ခြိမ်းခြောက်စေသည်ဟု ဆိုသည်။
အလုပ်သမားတစ်ဦးအဆိုအရ စစ်တပ်ယာဉ်တန်းရှေ့တွင် အလုပ်သမားပို့ဆောင်သည့် ဖယ်ရီကား လမ်းမဖယ်ပေးဟုဆိုကာ အမျိုးသမီးအလုပ်သမားအချို့ကို ကားပေါ်မှ ဆင်းခိုင်း၍ ပါးရိုက်သည့်ဖြစ်စဉ်လည်း ရှိဖူးကြောင်း သိရသည်။
CTUM တာဝန်ရှိသူက မခိုင်ဇာအောင်က “ကျွန်မတို့ အလုပ်သမားတွေက လုပ်ငန်းခွင်ထဲရှိနေတယ်လို့ ပြောလို့ မရဘူး။ အလုပ်လုပ်နေတယ်လို့ မသုံးတော့ဘူး။ ကျွန်ပြုခံနေရတာလို့ပဲ ပြောချင်ပါတယ်”
(*လုံခြုံရေးအခြေအနေအရ အမည်လွှဲဖြင့် ဖော်ပြထားသည်။)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)