
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ် ဟားခါး၊ ကန်ပက်လက်နှင့် ရိခေါရ်ဒါမြို့တို့ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းမှာ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၄ ဦး ကွပ်မျက်ခံရခြင်းကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) က ပြောသည်။
ယခုရက်ပိုင်းအတွင်း မြို့တော်ဟားခါးရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုလည်းကောင်း၊ ကန်ပက်လက်မြို့အတွင်း အခြေချတပ်စွဲထားသည့် စခန်း ၃ ခုကိုလည်းကောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သည့် ရိခေါရ်ဒါမြို့တွင် စစ်ကောင်စီတပ်စခန်းတို့ကိုလည်းကောင်း CDF အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ (ဇူလိုင် ၂၇) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဟားခါးမြို့မှ ထန်တလန်မြို့ဘက်ထွက်သည့် စစ်ဆေးရေးဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ထဲရှိ စစ်ကောင်စီစခန်းမှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း CDF – ဟားခါးအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးက ပြောသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကန်ပက်လက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အထက်တန်းကျောင်းနှင့် ပညာရေးမှူးရုံးတို့ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသည်။
“စစ်ကောင်စီက မတရားလုပ်ဆောင်တဲ့ ကြိုးပေးမှုအတွက် တရားမျှတမှု ပြန်လည်ရယူတဲ့အနေနဲ့ ပြန်လုပ်တာ။ မနက်တည်းက နေရာဝင်ယူခိုင်းထားပြီးတော့ ၁၂ နာရီ မိနစ် ၂၀ လောက်ကနေ တစ်နာရီခွဲဝန်းကျင်လောက် ပစ်တယ်” ဟု CDF ကန်ပက်လက် တပ်မဟာမှူး စတီဗင်ရှိန်းထန်းက ပြောသည်။
တပ်ရင်း ၇ ရင်းဖြင့် ဖွဲ့စည်းထားပြီး အင်အားတစ်ထောင်နီးပါးရှိသည့် CDF ကန်ပက်လက်သည် လက်နက်ခဲယမ်းအခက်အခဲကြောင့် မြို့တွင်းတိုက်ပွဲများ မပြုလုပ်နိုင်သော်လည်း ယမန်နေ့ကမူ လက်တုံ့ပြန်တိုက်ခိုက်ရန် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်သား အင်အား ၁၇၀ နီးပါး ရောက်ရှိနေပြီး တိုက်ခိုက်ခံရသည့် ၃ နေရာနှင့် မြို့မရဲစခန်းတွင် တပ်စွဲထားကြောင်း၊ ရဲစခန်းကိုမူ အင်အားအများဆုံးနှင့် ပြင်ဆင်မှုအများဆုံး ပြုလုပ်ထားရာနေရာဖြစ်သောကြောင့် မတိုက်ခိုက်ခဲ့ကြောင်း CDF -ကန်ပက်လက်ထံမှ သိရသည်။
နယ်စပ်ဖြစ်သည့် ရိခေါ်ဒါရ်မြို့တွင်လည်း လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီတပ်စခန်းကို ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း CDF (Hualngoram) အဖွဲ့က ထုတ်ပြန်သည်။
စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်သော်လည်း ကြိုတင် ပြင်ဆင်တိုက်ခိုက်ခဲ့သည့် မြို့တွင်းစစ်ဆင်ရေးတွင် အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း CDF အဖွဲ့များက ပြောသည်။
စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိကြောင်း ၎င်းတို့က ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်နက်အင်အားနည်းပါးသည့်ကြားမှ မြို့တွင်းတိုက်ပွဲများ ဖော်ဆောင်ခဲ့သည့် CDF- ကန်ပက်လက်အဖွဲ့က တစ်နှစ်ကျော်အတွင်း တိုက်ပွဲ ၈၀ နီးပါး ဖြစ်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ တစ်စုံတစ်ရာ ကူညီမှုမရဘဲ ပြည်သူများထောက်ပံ့ငွေဖြင့်သာ ရပ်တည်နေရသည်ဟု ဆိုသည်။
“ချင်းတိုင်းရင်းသားလက်နက်ကိုင်ထဲမှာ အင်အားနည်းဆုံး ဒုက္ခအရောက်ဆုံးပေါ့ဗျာ။ ကျွန်တော်တို့မှာ မဟုတ်မခံတဲ့စိတ်ဓာတ်ရှိတယ်။ ကျွန်တော်တို့မှာ ရိုးရာတူမီးရှိတယ်။ စိတ်ဓာတ်တစ်ခုနဲ့ပဲ အခုချိန်ထိ တိုက်နေရတာ။ ကျွန်တော်တို့ ဘာဖြစ်နေလို့လဲတော့ မသိဘူး။ အကူအညီတော့ ခုထိမရသေးဘူး” ဟု CDF ကန်ပက်လက် တပ်မဟာမှူးက ပြောသည်။
သို့သော်လည်း စစ်တပ်အနေဖြင့် မတရားကြိုးမိန့်ပေးခြင်းအပါအဝင် စစ်ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေပါက မြို့တွင်းစစ်ဆင်ရေးများကို အရှိန်မြှင့်သွားမည်ဟု CDF ကန်ပက်လက်က ဆိုသည်။
ထင်ရှားသည့် နိုင်ငံရေးသမားများဖြစ်သည့် ဦးကျော်မင်းယု ခေါ် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ အရပ်သားများဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း စစ်ကောင်စီအာဘော်သတင်းစာက ဇူလိုင် ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာက ကန့်ကွက်နေသည့်ကြားမှ ကွပ်မျက်ခဲ့သည့် စစ်ကောင်စီတပ်၏ လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် အာဆီယံနိုင်ငံများကလည်း ပြစ်တင်ရှုတ်ချထားသည်။
အာဏာသိမ်းစစ်ကောင်စီကမူ ကွပ်မျက်မှုမှာ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု တုံ့ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)