သတင်း

ပင်းတယမြို့နယ် ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ပစ်သတ်ခံရ

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ငြိမ်းကို ယမန်နေ့ (ဇွန် ၁၈) တွင် သေနတ်ဖြင့် ပစ်သတ်လိုက်သည်ဟု တော်လှန်ရေးအဖွဲ့တစ်ခုက အတည်ပြုသည်။

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပေးအဖြစ် နာမည်ကျော်ပြီး ပစ္စတိုသေနတ်ကိုယ်ပိုင်ရှိသည့် အသက် ၅၀ အရွယ် ဦးကျော်ငြိမ်းကို ပင်းတယမြို့ပေါ်ရှိ ၎င်း၏ ပုဂ္ဂလိကကျောင်းအတွင်း ရှိနေစဉ် သေနတ်ဖြင့် နှစ်ချက်ပစ်ခဲ့သည်ဟု ကိုယ်တိုင်ပစ်ခတ်ခဲ့သူ မြေအောက်တော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။

“ပထမတစ်ချက်ပစ်လိုက်တဲ့ အချိန်မှာ သူက ခေါင်းငုံ့ပြီး ရှောင်လိုက်ပြီး သူ့အိတ်ကပ်ထဲက အတို (ပစ္စတိုသေနတ်) ကို လှမ်းထုတ်ပြီး ကျွန်တော်တို့ကို ပြန်ပစ်မယ်အလုပ်မှာ နောက်တစ်ချက် ခေါင်းတည့်တည့်ကို ထပ်ပစ်လိုက်တော့ ပွဲချင်းပြီးပဲ” ဟု ၎င်းက ပြောသည်။

လုံခြုံရေးအခြေအနေကြောင့် အဖွဲ့အစည်း၏ အမည်နှင့် ပစ်ခတ်မှုဖြစ်စဉ် အသေးစိတ်ကို ထုတ်ပြောဦးမည်မဟုတ်ဟု အထက်ပါ တော်လှန်ရေးသမားက ပြောသည်။

ဦးကျော်ငြိမ်းမှာ ဓနုတိုင်းရင်းသားအများစုနေထိုင်သည့် ပင်းတယမြို့နယ်အတွင်း အရှိန်အဝါရှိသူဖြစ်သည့်ပြင် ၎င်း၏နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ကပါ လုံခြုံရေးယူထားသည်ဖြစ်၍ စာသင်ကျောင်း၌ ရှိနေစဉ် လုပ်ကြံရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်ဟု ထိုသူက ဆက်ပြောသည်။

ပစ်ခတ်မှုဖြစ်သည့် စနေနေ့တွင် စာသင်ကျောင်း၌ တက်ရောက်နေသူများရှိမရှိနှင့် အခြားအသေးစိတ်အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဦးကျော်ငြိမ်းမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) အမတ်လောင်းအဖြစ် ဝင်ပြိုင်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်ကို မဲအပြတ်အသတ်ဖြင့် ရှုံးခဲ့သည်။

NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဦးကျော်ငြိမ်းမှာ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်လာကြောင်း၊ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများကို စောင့်ကြည့် တိုင်တန်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ပင်းတယဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သူသတင်းပေးဖမ်းခိုင်းတာတွေ အများကြီးပဲလေ။ သူကြောင့် ဖမ်းခံရတဲ့ လူငယ်တွေလည်း အခုထိ ထောင်ထဲမှာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထို့ပြင် ပြည်သူ့စစ်အဖွဲ့နှင့် စစ်တပ်က လက်နက်ပံ့ပိုးထားသည့် အရပ်သားအဖွဲ့ ပျူစောထီးထံသို့ ဝင်ရောက်ရန် ဒေသခံများကို ဦးကျော်ငြိမ်းက ပိုက်ဆံပေးစည်းရုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ပြည့်ချိန် ယခုနှစ် ဖေဖေါ်ဝါရီလမှစ၍ ဓနုဒေသ ရွာငံ၊ ပင်းတယ စသည့်မြို့နယ်များတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်နေသည်။

ပျူစောထီးအဖွဲ့နှင့် သတင်းပေးများကို အားပြု၍ ထိုသို့ အာခံသူများကို စစ်ကောင်စီက နှိမ်နင်းနေပြီး ဖမ်းဆီးခံရသူများ၊ ကျေးရွာအချို့ မီးရှို့ခံရမှုများ ဖြစ်ပွားနေသည်။

ထိုအခြေအနေတွင် တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ၏ ထောက်တိုင်များကို ပစ်မှတ်ထားလုပ်ကြံမှုများရှိလာခဲ့ပြီး ဇွန် ၁၂ ရက်က ရွာငံမြို့နယ်တောင်ပိုင်းတွင် ပျူစောထီးခေါင်းဆောင်ဟု လူသိများသည့် ဦးဝင်းမြင့်ကို တိုက်ခိုက်ခဲ့ဖူးသည်။

ရွာငံမြို့နယ် မိန်းမရဲတောင်အနီးလမ်းမပေါ်တွင် ပစ်ခတ်သည့် ထိုဖြစ်စဉ်အတွင်း ဦးဝင်းမြင့်မှာ ဒဏ်ရာသာ ရသွားခဲ့ပြီး မော်တော်ယာဉ်တစ်စီးတည်း အတူစီးနင်းလာသည့် ၎င်း၏ တပည့်နှစ်ဦး သေဆုံးသွားသည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့က ပြောသည်။

“ကားကို ဇကာပေါက်ဖြစ်အောင်ကို ပစ်ပြီးသွားပြီ။ ကားကလည်း ရှေ့တစ်ပြလောက်ထိ ရောက်သွားတော့ သေပြီထင်ပြီး ထားခဲ့တာ။ တပည့်တွေပဲ သေပြီး သူက (ဦးဝင်းမြင့်) ကံကောင်းသွားတာ”။

ထို့အပြင် ရွာငံမြို့တွင် နာမည်ကြီး ပျူစောထီးခေါင်းဆောင် အခြားတစ်ဦးဖြစ်သည့် ငအောင်ဆိုသူကို ကျောက္ကူပြင်ရွာ မုန့်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

ငအောင်သည် ပျူစောထီးသင်တန်းဆင်း ပျူစောထီးခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ၎င်းတို့အဖွဲ့ကို စစ်ကောင်စီက လက်နက်အချို့နှင့် ကျည်ဆန်များ၊ လက်ပစ်ဗုံးများပါ တပ်ဆင်ပေးထားသည်ဟု ထိုသူက ဆိုသည်။

အထက်ပါ အချက်အလက်များနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် သေဆုံးသူ၏ မိသားစုဝင်များထံ မေးမြန်းနိုင်ခြင်း မရှိသေးပါ။ ကြံ့ခိုင်ရေးကမူ အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်း ပါတီဝင် ၁၀၀၀ ဝန်းကျင် သေဆုံးသည်ဟု ဆိုထားသည်။

ထိုကာလအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ဖမ်းဆီးခံထားရသူ ၁၅,၀၀၀ နီးပါး၊ သေဆုံးသူ ၂၀၀၀ နီးပါးရှိကာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇွန် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ထိုစာရင်းကို စစ်ကောင်စီက ငြင်းလေ့ရှိသော်လည်း လက်လှမ်းမီသမျှ ပြုစုထားခြင်းသာဖြစ်၍ အတိအကျမှာ ထို့ထက်များနိုင်သည်ဟု AAPP တာဝန်ရှိသူအချို့က ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button