
စစ်တပ်က ထုတ်ပေးရန် လအတန်ကြာ ကြန့်ကြာနေခဲ့သည့် ဦးပိုင်ကုမ္ပဏီ၏ အစုရှယ်ယာအမြတ်ငွေများကို ယခုအပတ်အတွင်း စတင်ထုတ်ပေးနေသည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Myanmar Now ကို ယနေ့ (ဇွန် ၁၇) တွင် ပြောသည်။
ဦးပိုင်ဟု ခေါ်ဝေါ်ကြသည့် အဆိုပါမြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တွင် စစ်သည်များ သက်သာချောင်ချိရေးအတွက်ဟုဆိုကာ တပ်သားတိုင်း မဖြစ်မနေ အစုရှယ်ယာထည့်ဝင်ရပြီး ဘဏ္ဍာနှစ် တစ်နှစ်ကုန်တိုင်း ရှယ်ယာအမြတ်ငွေများကို ပြန်လည်ထုတ်ပေးလေ့ရှိသည်။
သို့သော် အာဏာသိမ်းပြီးနောက် ယမန်နှစ် စက်တင်ဘာတွင် ဘဏ္ဍာနှစ်ကုန်သည့်အခါ ပုံမှန်ထုတ်ပေးနေသကဲ့သို့ လပိုင်းအတွင်း မပေးနိုင်ဖြစ်ခဲ့ရာ အောက်ခြေတပ်သားများကြား မကျေမနပ်ဖြစ်လာသည်။
ပြီးခဲ့သည့် မေလအတွင်း ပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတစ်ခုတွင်လည်း တပ်ထောက်ခံသူတစ်ဦးက အဆိုပါ အစုရှယ်ယာ အမြတ်ငွေများကို တပ်နှင့် တပ်မိသားစုဝင်များက မျှော်လင့်နေကြကြောင်း တပ်၏ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြောဆိုခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တပ်ခေါင်းဆောင် သိရှိပြီးဖြစ်ကာ “စီစဉ်ဆောင်ရွက်လျက်” ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ပြီးနောက် တစ်လနီးပါးအကြာတွင် ဦးပိုင်ရှယ်ယာအမြတ်ငွေများ စတင်ထုတ်ပေးလာခြင်းဖြစ်သည်။
ဦးပိုင် စီမံရေးဌာနမှ အထွေထွေမန်နေဂျာ ဦးလှမျိုးကမူ အမြတ်ငွေထုတ်ပေးမှုမှာ ကုမ္ပဏီစည်းမျဉ်းအရ နောက်ကျခြင်းမရှိဟု ဆိုသည်။ ယခုရက်သတ္တပတ်အတွင်း AGM (Annual General Meeting) ဟု ခေါ်သည့် နှစ်စဉ်ရှယ်ယာရှင်အစည်းအဝေးကျင်းပကာ အမြတ်ငွေများ စတင်ထုတ်ပေးနေကြောင်း၊ အဆိုပါနှစ်စဉ်အစည်းအဝေးကို ယခင်တစ်ကြိမ်ပြုလုပ်ပြီးသည့်အချိန်မှ ၁၅ လအတွင်း နောက်တစ်ကြိမ်ပြုလုပ်ရကြောင်း ဦးလှမျိုးက ပြောသည်။
“ကျနော်တို့လူကြီးတွေ မအားလပ်တဲ့အတွက် မလုပ်ဖြစ်တာ။ အခု ဒါအားလပ်တဲ့အတွက် လုပ်ဖြစ်တာ။ အရင်နှစ်က လုပ်ခဲ့တဲ့ AGM ပေါ် မူတည်ပြီး နောက်နှစ်က ၁၅ လအတွင်း လုပ်ရတာဖြစ်တဲ့အတွက် ကျနော်တို့က ဒီ ၆ လပိုင်း ၁၆ ရက်နေ့မှာ ၁၅ လပြည့်မှာ ဒါကြောင့် ၁၆ မတိုင်ခင် ပြီးခဲ့တဲ့ရက်က လုပ်ပြီး အမြတ်ပေးတာ။ မပေးနိုင်တာ မရှိပါဘူး။ ပေးနိုင်ပါတယ်” ဟု ဦးလှမျိုးက Myanmar Now ကို ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အမြတ်ငွေများ စတင်ထုတ်ပေးနေကြောင်း ဦးပိုင်တွင် ဒါရိုက်တာအဖြစ် ၁၀ နှစ်ကျော် တာဝန်ယူဖူးသူ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျကလည်း Myanmar Now ကို အတည်ပြုသည်။ သို့သော် ယခင်နှစ်များကဲ့သို့ ဘဏ္ဍာနှစ်ကုန်ပြီး နှစ်လ၊ သုံးလအတွင်း မဟုတ်ဘဲ လများစွာကြာမှသာ ထုတ်ပေးသည့်အတွက် ရှယ်ယာရှင်စစ်သည်များမှာ ဘဏ်တိုးနစ်နာသည်ဟု ဆိုသည်။
ထို့ပြင် ဘဏ္ဍာနှစ်ကိုလည်း အောက်တိုဘာမှ စက်တင်ဘာအထိ သတ်မှတ်ထားခဲ့ရာမှ ယခုနှစ်တွင် ဧပြီမှ မတ်အထိ ပြောင်းလဲထားသဖြင့် မတ်လအထိ ၆ လစာ အမြတ်ငွေ ထပ်မံပေးရဦးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အမတ်ဟောင်းလည်းဖြစ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ မကြာမီက အနားယူထားသည့် ဦးကျော်ဇေယျက ရှင်းပြသည်။
“အောက်တိုဘာ၊ နိုဝင်ဘာမှာ ရရမဲ့ဟာကို တကယ်တမ်းကျ ဘဏ်တိုးနဲ့ နာတာပေါ့။ ငွေနာတာပေါ့။ ရက်တွေ အများကြီးကြာသွားတော့ ရတဲ့သူက နစ်နာတာ။ အတိုးနဲ့ တွက်ရင်ပဲ နစ်နာတာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ထို့ပြင် အမြတ်ငွေများကို တပ်ရင်း၊ တပ်ဖွဲ့ဝင်များ အပါအဝင် ရှယ်ယာထည့်ဝင်ထားသူများထံ ဘဏ်မှတစ်ဆင့် လွှဲပေးမည်ဖြစ်ရာ ဘဏ်စနစ်ခက်ခဲကျပ်တည်းနေသည့် ယခုကာလမျိုးတွင် တပ်သားများအတွက် ငွေထုတ်ယူရန် အခက်ကြုံနိုင်သည်ဟု ဦးကျော်ဇေယျက ဆိုသည်။
စစ်သည်များ သက်သာချောင်ချိရေးအတွက်ဟုဆိုကာ လွန်ခဲ့သည့် နှစ် ၂၀ ကျော်မှစ၍ တပ်သားတိုင်းသည် ရာထူးအဆင့်အလိုက် သတ်မှတ်ငွေကြေးကို ရှယ်ယာအဖြစ် ဦးပိုင်တွင် ထည့်ဝင်ရသည်။
အောက်ခြေစစ်သည်များ နှစ်စဉ်ထည့်ရသည့် ၁၅ သိန်းအတွက် လစဉ် ၎င်းတို့၏ လစာများမှ ဖြတ်တောက်ခံရသည်၊ ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအဆင့် တစ်နှစ်လျှင် ကျပ်သိန်း ၃၀ ၊ ဒုတိယဗိုလ်မှူးကြီးအဆင့်နှင့်အထက် တစ်နှစ်လျှင် အနည်းဆုံး ကျပ်သိန်း ၅၀ မဖြစ်မနေထည့်ဝင်ရသည်ဟု အာဏာဖီဆန်ထားသည့် တပ်အရာရှိဟောင်းများက ဆိုသည်။
မြဝတီဘဏ်အပါအဝင် လုပ်ငန်းကြီးငယ် ၅၀ ဝန်းကျင်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်ကို စစ်တပ်က ၁၉၉၀ ပြည့်နှစ်တွင် ထူထောင်ခဲ့သည်။ ရွေးကောက်ပွဲနှင့် တက်လာသည့် အစိုးရက တိုင်းပြည်ကို အုပ်ချုပ်သည့် နိုင်ငံရေးစနစ်သို့ မပြောင်းလဲမီအချိန်အထိ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းများမှာ တိုင်းပြည်ဘဏ္ဍာသို့ အခွန်ငွေပင် မပေးဘဲ လုပ်ကိုင်ခွင့်ရခဲ့သည်။
NLD အစိုးရ စတင်တာဝန်ယူသည့် ၂၀၁၆ နောက်ပိုင်းတွင် ဦးပိုင်၏ စီးပွားရေးလုပ်ငန်းများမှာ အခွန်ပေးဆောင်နေသည်၊ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းနေသည်ဟု နေပြည်တော် သတင်းစာရှင်းလင်းပွဲအချို့တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလေ့ရှိသည်။
အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ နောက်ပိုင်းတွင်မူ ဦးပိုင်၏ လုပ်ငန်းနှင့် စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနထံ မေးမြန်းစုံစမ်း၍ မရတော့ပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)