သတင်း

တပ်မိသားစုကို ဦးပိုင် အမြတ်ငွေ ခွဲမပေးနိုင်သည်မှာ ၆ လနီးပါးရှိလာ

စစ်သားတိုင်း မဖြစ်မနေ ရှယ်ယာထည့်ရသည့် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၂၀၂၁ ခုနှစ်အတွက် ထုတ်ပေးရမည့် အမြတ်ငွေကို သတ်မှတ်ချိန်ထက် ၆ လနီးပါးကျော်သည်အထိ ခွဲပေးခြင်းမရှိဟု အစုရှယ်ယာရှင်များထံမှ သိရသည်။

နှစ်စဉ် စက်တင်ဘာလတွင် ထုတ်ပေးလေ့ရှိသော်လည်း အာဏာသိမ်းသည့်နှစ်အတွက် အမြတ်ဝေစုကို ယနေ့တိုင်မရသေးဟု ဦးပိုင်တွင် ဒါရိုက်တာအဖြစ် ၁၀ နှစ်ကျော် တာဝန်ယူဖူးသူ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် တပ်အရာရှိအချို့က အတည်ပြုသည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး နိုင်ငံတော်တာဝန် အကြီးမားဆုံးထမ်းဆောင်နေတဲ့အချိန်မှာ စီးပွားရေးဦးပိုင်ရဲ့ ရှယ်ယာအမြတ်ဟာ အရင်တုန်းက ၂ လကျော် ၃ လအတွင်းမှာ ပေးနိုင်တဲ့ဟာ အခု ၅ လကျော်၊ ၆ လအတွင်း ဝင်နေပြီ၊ မပေးနိုင်သေးဘူး” ဟု ဦးကျော်ဇေယျက ပြောသည်။

အာဏာသိမ်းခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အမတ်ဟောင်းလည်းဖြစ်၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ မကြာမီက အနားယူထားသည့် ဦးကျော်ဇေယျက စစ်တပ်အနေဖြင့် အမြတ်ငွေ အမြန်ခွဲဝေပေးသင့်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် နှစ် ၂၀ ကျော်မှစ၍ ဦးပိုင်တွင် စစ်သားတိုင်း ရာထူးအဆင့်အလိုက် သတ်မှတ်ငွေကြေးကို ရှယ်ယာအဖြစ် ထည့်ဝင်ရခြင်းဖြစ်သည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်ခြေစစ်သည်များ နှစ်စဉ်ထည့်ရသည့် ၁၅ သိန်းအတွက် လစဉ် လစာများမှ ဖြတ်တောက်ခံရသည်၊ ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအဆင့် တစ်နှစ်လျှင် ကျပ်သိန်း ၃၀ ၊ ဒုတိယဗိုလ်မှူးကြီးအဆင့်နှင့်အထက် တစ်နှစ်လျှင် အနည်းဆုံး ကျပ်သိန်း ၅၀ မဖြစ်မနေထည့်ဝင်ရသည်ဟု ၎င်းတို့က ဆိုသည်။

ပြန်လည်ရရှိသည့် အမြတ်ငွေမှာမူ ထည့်ဝင်သည့် ငွေကြေးပမာဏအလိုက် ကွာခြားပြီး ယခင်က နှစ်စဉ် ပုံမှန်ရလေ့ရှိချိန်တွင် ယခု မရတော့ဘဲ ခွဲဝေပေးမည့် နေ့ရက်ကို စစ်ကောင်စီက နောက်သို့ အကြိမ်ကြိမ်ဆုတ်၍ သတ်မှတ်နေသည်ဟု CDM ဗိုလ်ကြီး ဇေသူအောင်က ပြောသည်။

“သူတို့ ငွေမရှိလို့ နေမှာပေါ့။ အမှန်က ၉ လပိုင်းထုတ်ရမှာ။ နောက် ၁၂ လပိုင်းပြောင်းတယ်။ သူတို့လက်ခုပ်ထဲက ရေလိုပဲ၊ လုပ်ချင်သလိုလုပ်တာ” ဟု ၎င်းက မှတ်ချက်ပြုသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၅၀ ၊ ကိုယ်ပိုင်အမှတ် လေ-၃၄၇၄ ဗိုလ်ကြီးဇေသူအောင်သည် နေပြည်တော်ရှိ အမှတ် ၄၅ ကင်းထောက်လေယာဉ်စခန်းတွင် တိုက်ခိုက်ရေးရဟတ်ယာဉ် MI-35P မောင်းနှင်သည့်တာဝန်ကို ယူခဲ့ပြီးနောက် ပြင်ဦးလွင်၌ သင်တန်းတက်နေစဉ် ဖေဖော်ဝါရီ ၁၅ တွင် စစ်တပ်ကို စွန့်ခွာလာသူဖြစ်သည်။

ထိုသို့ အမြတ်ငွေခွဲဝေမပေးသဖြင့် အရာရှိ၊ စစ်သည်နှင့် တပ်မိသားစုဝင်များကြားတွင် မကျေမလည်ဖြစ်နေကြသည်ဟု တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ CDM ကြည်းတပ် ဗိုလ်ကြီးထက်မြက်က ပြောသည်။

“အကုန်လုံးက မျှော်နေကြတာ။ လဆန်းပိုင်းမှာ ပြန်ထုတ်ပေးမယ်လို့ ကြားသေးတယ်။ ဒါပေမဲ့ အခုထိ ထုတ်ပေးတဲ့အခြေအနေထိ မရောက်သေးဘူး” ဟု ၎င်းက ပြောသည်။

“ဒီအပေါ်မှာ မကျေနပ်တာတွေ များနေတယ်။ တချို့ဆိုရင် လှူလိုက်ပြီဆိုပြီး ပြောနေကြတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဆောက်ဖြစ်မှ ကျောင်းဒကာပေါ့။ လက်ထဲရောက်မှပဲ ယုံတော့မယ်ဆိုပြီး မယုံကြတော့ဘူး”  

ချို့တဲ့သည့် အောက်ခြေစစ်သည်နှင့် မိသားစုဝင်များမှာ ကျပ် ၁၀ သိန်းအောက် နှစ်စဉ် တစ်လုံးတစ်ခဲတည်း ပြန်ရလေ့ရှိသည့် ဦးပိုင်အမြတ်ဝေစု မရသဖြင့် ဒုက္ခတွေ့နေကြကြောင်း တပ်ရင်းမှူးဟောင်း ဦးကျော်ဇေယျနှင့် အထက်ပါ CDM တပ်အရာရှိတို့က ပြောသည်။

“ဒီငွေလေးရှိမှ တပ်တွေမှာ သက်သာချောင်ချိရေး လုပ်လို့ရမှာပေါ့။ ကျွန်တော်တို့တင် မဟုတ်ဘူး။ အငြိမ်းစားစစ်မှုထမ်းဟောင်းတွေလည်း ဒီငွေလေးကို မျှော်ကိုးနေတာ။ တချို့ဆို သိန်း ၂၀ ထည့်ထားတယ်။ ၆ သိန်းရမှာပေါ့ဗျာ။ ၆ သိန်းဆို နည်းတာမှ မဟုတ်တာ၊ အခုကာလမှာလေ” ဟု ဦးကျော်ဇေယျက ပြောသည်။

မြန်မာ့စီးပွားရေးဦးပိုင်မှ အထွေထွေမန်နေဂျာတစ်ဦးဖြစ်သူ ဦးလှမျိုးကမူ အမြတ်ငွေ ပုံမှန်ထုတ်ပေးနေသည်ဟု တုံ့ပြန်သည်။ 

“မပေးဘဲနေတာတော့ မရှိပါဘူး။ သူ့သတ်မှတ်လနဲ့သူ ထုတ်နေကြတာပဲ။ မပေးတော့ဘဲနေတယ်ဆိုတာက ကောလာဟလတွေ လျှောက်ပြောတာ။ တို့အပေါ် အမြင်မကြည်တဲ့သူတွေက လျှောက်ဖွနေတာ” ဟု ဦးလှမျိုးက တုံ့ပြန်သည်။

ဦးပိုင်တွင် အစုရှယ်ယာ ကျပ်သိန်း ၃၀ ထည့်ဝင်ထားပြီး ရခိုင်ပြည်နယ်တွင် ၇ နှစ်ကြာ တာဝန်ထမ်းဖူးသည့် CDM ဗိုလ်ကြီး နေမျိုးသက်ကမူ ယခုနှစ်ဆန်းပိုင်း တပ်ကို စွန့်ခွာချိန်အထိ အမြတ်ငွေဝေစုမရကြောင်း၊ တပ်တွင်း မကျေမနပ်ဖြစ်နေကြကြောင်း ပြောသည်။

“အာ…ဘယ်ရမလဲ။ သိန်း ၃၀ အပြည့်ထားရတာ။ ပေးတဲ့အချိန်ယူ၊ ယူဖို့ နောက်ကျရင် လူကြီးတွေအလုပ်ရှုပ်နေလို့နဲ့ပဲ ပြီးသွားတာ။ တပ်မှူးအဆင့်ကစ ချက်ကျလက်ကျ မပြောရဲတော့ အောက်ခြေမှာ မကျေနပ်မှုက အရာမဝင်ပါဘူး” ဟု ၎င်းက ဆိုသည်။

ကိုယ်ပိုင်အမှတ် ကြည်း-၅၃၁၆၂၊ စစ်တက္ကသိုလ်အပတ်စဉ် ၅၁ ကျောင်းဆင်း ဗိုလ်ကြီးနေမျိုးသက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းခဲ့သူဖြစ်သည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်တပ်ထုတ်ကုန်သုံးစွဲခြင်းမပြုကြရန် ဖေဖော်ဝါရီလ ၂၆ ရက်က Otopus အဖွဲ့ ဆန္ဒပြနေစဉ် ။ ဓာတ်ပုံ – CJ

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် လုပ်ရပ်ကို ပြည်သူတို့က တုံ့ပြန်ကြရာတွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်သည့် နည်းလည်းပါဝင်ရာ မြန်မာဘီယာနှင့် ဆက်သွယ်ရေးကုမ္ပဏီ Mytel တို့၏ အမြတ်ငွေ ထိုးကျခဲ့သည့် ဖြစ်စဉ်များမှာ ထင်ရှားသည်။

မြန်မာဘရူဝါရီကုမ္ပဏီထူထောင်၍ မြန်မာဘီယာကို ဦးပိုင်နှင့် ဖက်စပ်ထုတ်ခဲ့သည့် ဂျပန်ကီရင်ကုမ္ပဏီ၏ ၂၀၂၁ မေလက ထုတ်ပြန်သည့် အစီရင်ခံစာအရ သုံးလအတွင်း ရောင်းအား ၄၆ ရာခိုင်နှုန်း ထိုးကျသွားကြောင်း သိရသည်။

ကီရင်သည် စစ်တပ်နှင့် စီးပွားရေးပူးပေါင်းမှုကို လက်တွဲဖြုတ်၍ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဆုံးဖြတ်ပြီးဖြစ်သည်။

ထို့အတူ ဗီယက်နမ်နှင့် စစ်တပ်ချင်းပူးပေါင်းကာ မြန်မာတွင် ထူထောင်ထားသည့် Mytel မှာလည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီး သုံးလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းခန့် ထိခိုက်ခဲ့သည်ဟု Justice for Myanmar က ထုတ်ပြန်ထားဖူးသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ နိုင်ငံအနှံ့ အရှိန်မြင့်နေရာတွင် Mytel တာဝါတိုင်နှင့် ဆက်သွယ်ရေးစက်များ ဖျက်ဆီးခံနေရသည့် ဖြစ်စဉ်များလည်း အထင်အရှားရှိသည်။

တပ်မှ စစ်သည်၊ အရာရှိများ ရထိုက်သည့် ဦးပိုင်အမြတ်ငွေ ခွဲမပေးသည့် စစ်ကောင်စီက ၎င်းတို့ အာဏာတည်မြဲရေးအတွက် စစ်လက်နက်ပစ္စည်း ဝယ်ယူဖြည့်တင်းနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“သူတို့(စစ်ဗိုလ်ချုပ်တွေ)ရဲ့ အာဏာတည်မြဲရေးနဲ့ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့က သူတို့ရဲ့ ဦးစားပေးပဲ။ ဒီလိုအခြေအနေမှာ ကမ္ဘာမီးလောင် သားကောင်ချနင်းမဲ့ ပုံစံမျိုးနဲ့ အောက်ခြေကို ဘယ်တော့မှ လှည့်ကြည့်မှာ မဟုတ်ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

မြဝတီဘဏ်အပါအဝင် လုပ်ငန်းကြီးငယ် ၅၀ ဝန်းကျင်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက်ကို စစ်တပ်က ၁၉၉၀ ပြည့်နှစ်တွင် ထူထောင်သည်။

ရွေးကောက်ပွဲနှင့် တက်လာသည့် အစိုးရက တိုင်းပြည်ကို အုပ်ချုပ်သည့် နိုင်ငံရေးစနစ်သို့ ပြောင်းလဲပြီးချိန်အထိ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းများမှာ တိုင်းပြည်ဘဏ္ဍာသို့ အခွန်ငွေပင်မပေးဘဲ လုပ်ကိုင်ခွင့်ရခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဦးပိုင်၏ စီးပွားရေးလုပ်ငန်းများ အခွန်ပေးဆောင်နေသည်၊ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းနေသည်ဟု နေပြည်တော်သတင်းစာရှင်းလင်းပွဲအချို့တွင် ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောလေ့ရှိသော်လည်း အသေးစိတ်ကိုမူ မသိရပါ။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင်နှင့် အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်တို့မှာ ဦးပိုင်တွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရှိနေ၍ အကျိုးစီးပွားပဋိပက္ခများရှိမရှိ ၂၀၂၀ တွင် NLD အစိုးရက စုံစမ်းစစ်ဆေးခဲ့ဖူးသည်။

ထို့နောက် ၂၀၂၀ ဇူလိုင်လအတွင်း ဦးနီအောင်နှင့် ဦးကျော်ထင်တို့မှာ အစိုးရဌာနရာထူးကို မစွန့်ဘဲ ဦးပိုင်မှ နုတ်ထွက်ခဲ့ကြသည်။

NLD အစိုးရထံမှ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ နောက်ပိုင်းတွင်မူ ဦးပိုင်၏ လုပ်ငန်းနှင့် စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနထံ မေးမြန်းစုံစမ်း၍ မရတော့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button