သတင်း

သေဒဏ်အကျဉ်းသားများကို သီးခြားအကျဉ်းထောင်တွင် ထားသင့်ကြောင်း လူ့အခွင့်အရေးကော်မရှင် အကြံပြု

(ရန်ကုန်) — သေဒဏ်ကျနှင့် တစ်သက်တစ်ကျွန်းကျ အကျဉ်းသားများကို အကျဉ်းထောင်ထဲတွင် တခြား အကျဉ်းသားများနှင့် ရောနှောမထားဘဲ သီးခြားအကျဉ်းထောင်တစ်ခုတွင် စုစည်းထားပြီး အထူးစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ကာ ထိန်းသိမ်းရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂ဝ၁၇ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ထည့်သွင်း အကြံပြုထားသည်။

၂ဝ၁၇ ခုနှစ်တွင် နေပြည်တော်အချုပ်ထောင်အပါအဝင် အကျဉ်းထောင် ၂၆ ခုကို စစ်ဆေးခဲ့ရာတွင် တရားရုံးက သေဒဏ်အမိန့် ချမှတ်ပြီးသော်လည်း အမှန်တကယ် သေဒဏ်မပေးဘဲ အကျဉ်းထောင်ထဲတွင်သာ တစ်သက် အကျဉ်းချထားသည့် သေဒဏ်ကျ အကျဉ်းသား ၅၃ ဦးရှိပြီး ထောင်တစ်သက်သို့ လျှော့ချခဲ့သည့် အကျဉ်းသားပေါင်း ၇ဝ၉ ဦးရှိနေကြောင်း၊ ၎င်းတို့သည် လူသတ်မှု၊ မုဒိမ်းမှု စသည့် ကြီးမားသော ရာဇဝတ်ပြစ်မှုများကို ကျူးလွန်ခဲ့ကြသူများဖြစ်သောကြောင့် ထောင်ထဲတွင် ဆက်လက်ထိန်းသိမ်းထားရာတွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအတွက် တာဝန်ကြီးမားကာ ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်နေသည်ကိုတွေ့ရကြောင်း ၎င်းအစီရင်ခံစာတွင် ရေးသားထားသည်။

“သေဒဏ်ကျတဲ့သူ၊ ထောင်ထဲက ဒီတစ်သက်မလွတ်တော့ဘူးဆိုတဲ့သူတွေနဲ့ တခြားအကျဉ်းသားတွေ ရောထားတော့ မတော်တဆ ပြစ်မှုကျူးလွန်ပြီး ကိုယ့်ကိုယ်ကိုယ် နောင်တရကာ ပြုပြင်ချင်ကြတဲ့ အကျဉ်းသားမျိုးတွေကျတော့ သူတို့ဖိနှိပ်တာမျိုးတွေ ခံရတာပေါ့။ နောက်တစ်မျိုးက ထောင်ထဲရောက်တာတောင် နောင်တမရ၊ မပြုပြင်ချင်ကြတဲ့ သူမျိုးတွေကျတော့ သူတို့နဲ့ပေါင်းမိပြီး ပိုဆိုးသွားတာမျိုးတွေလည်း တွေ့ရတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

အဆိုပါသူများအတွက် သီးခြားထောင်အသစ်ဆောက်၍သော်လည်းကောင်း၊ ရှိပြီးသားထောင်များတွင် သီးခြားအဆောင် ခွဲထုတ်ကာ ထားသည့်ပုံစံမျိုးဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဌာနအနေဖြင့် သင့်တော်သလို စီမံဆောင်ရွက်သင့်ကြောင်း ၎င်းက ဆက်ဆိုသည်။

၎င်းတို့ကော်မရှင်၏ စစ်ဆေးချက်များအရ အကျဉ်းထောင်များတွင် ဝင်ဆံ့သည့် အကျဉ်းသား၊ အချုပ်သား ပမာဏထက် ၃၇ ဒသမ ၃၇ ရာခိုင်နှုန်း ပိုလျှံနေသည်ကို တွေ့ရကြောင်း၊ မူးယစ်ဆေးဝါးဥပဒေဖြင့် အကျဉ်းကျသူ၊ အချုပ်ခံရသူများမှာ စုစုပေါင်းအကျဉ်းသားဦးရေ၏ ၄၆ ဒသမ ၅၃ ရာခိုင်နှုန်း ရှိနေသည်ကို တွေ့ရကြောင်း ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ဖြစ်သောကြောင့် အကျဉ်းသားဦးရေ လျှော့ချခြင်း၊ တချို့အကျဉ်းထောင်များတွင် မြေနေရာရှိပါက အဆောင်တိုးချဲ့ခြင်း စသည်တို့ကို ဆောင်ရွက်သင့်သည်ဟု အကြံပြုသည်။

အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူများ၊ ပမာဏအနည်းငယ်ဖြင့် ဖမ်းမိသူများ၊ လက်ဝယ်မတွေ့ဘဲ အခြားသူနှင့် အတူရှိနေသဖြင့် အရေးယူခံရသူများ၊ သံသယကြောင့် အကျဉ်းကျခံရသူ များ၊ ရပ်ရွာဓလေ့အရ ဘိန်းမည်းရှုမိကြသော တိုင်းရင်းသား အဘိုးအို၊ အဘွားအိုများ စသူတို့ကို အကျဉ်းထောင်ထဲတွင် ထားရှိခြင်းထက် ပြင်ပတွင်သာ လူမှုရေးပြစ်ဒဏ်ပေးခြင်း၊ ပညာပေးခြင်းနှင့် သင့်တော်သည့် နည်းလမ်းတစ်ခုခုဖြင့် ပြုပြင်ပေးသင့်ကြောင်း၊ ထိုလုပ်ငန်းစဉ်အတွက် လိုအပ်ပါက ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ ပြုစုရေး ဆွဲသင့်ကြောင်း အကြံပြုထားသည်။

အကျဉ်းသားလျှော့ချရေးတွင်လည်း အသက် ၇ဝ၊ ၈ဝ ကျော်နေပြီးသော အဘိုးအို၊ အဘွားအိုများ၊ ကျန်းမာရေး အလွန်ချို့တဲ့ပြီး နာတာရှည်ဖြစ်နေသောသူများကိုလည်း ကျူးလွန်သည့် ပြစ်မှုကို သုံးသပ်ကာ ပြန်လွှတ်ခြင်း၊ အကျဉ်းထောင်ပြင်ပတွင် နေထိုင်ခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်သင့်သည်ဟု ဦးယုလွင်အောင်က ဆိုသည်။

“အရမ်းအသက်ကြီးနေတဲ့သူတွေ ထောင်ထဲမှာ တွေ့တယ်။ လူတစ်ဖက်သားရဲ့ လူ့အခွင့်အရေးကို စော်ကားပြီးတော့ ထောင်ကျတဲ့သူ မဟုတ်ဘူးဆိုရင် သူတို့ကို လွှတ်သင့်တယ်။

တချို့ကျတော့ အသက်ကတော့ ၇ဝ ကျော်၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်တာမျိုးတော့ မလွှတ်သင့်ဘူးပေါ့။ တချို့ကျတော့ နာကျင်ကိုက်ခဲမှုကြောင့် မူးယစ်ဆေးဝါးလေး သုံးမိတယ်။

အသက်ကလည်း ကြီးနေပြီ။ ဒါမျိုးကျတော့ ပြန်လွှတ်ပေးသင့်တယ်။ တချို့ကျတော့ အိပ်ရာပေါ် လဲနေပြီး၊ အညစ်အကြေးတောင် ထမသွားနိုင်တော့ နောက်ထပ်ရာဇဝတ်မှုတွေ ထပ်လုပ်နိုင်ခြေလည်း မရှိဘူးလေ။ ဒါမျိုးကိုတော့ လွှတ်သင့်တယ်” ဟု ဦးယုလွင်အောင်က ဆိုသည်။

ထို့ပြင် ပြည့်တန်ဆာမှုဖြင့် ထောင်အတွင်းရောက်ရှိနေသော အမျိုးသမီးများကိုလည်း ထောင်ထဲတွင် ထားခြင်းထက် ပြင်ပတွင် ဟောပြောပညာပေးခြင်း၊ အသက်မွေးဝမ်းကျောင်းးပညာ သင်ကြားခြင်း စသည့် နည်းလမ်းတစ်မျိုးမျိုးဖြင့် ပြုပြင်ပေးသင့်သည်ဟု အစီရင်ခံစာတွင် အကြံပြုထားသည်။

ထို့အပြင် ပြည့်တန်ဆာများကို ရဲတပ်ဖွဲ့က အသွင်ယူပြီး ဖမ်းဆီးနေမှုကို ကန့်ကွက်ပြီး တချို့အကျဉ်းသူများသည် ထောင်ထဲဝင်စဉ်က ပြည့်တန်ဆာအမှုဖြစ်သော်လည်း ထောင်က ပြန်ထွက်လာသည့်အခါ ခါးပိုက်နှိုက် ပညာပါတတ်သွားသည့် အခြေအနေမျိုး ရောက်နိုင်ကြောင်း ဦးယုလွင်အောင်က သုံးသပ်သည်။

ပြည့်တန်ဆာမိန်းကလေးများကို ဖမ်းဆီးထောင်ချနေသော်လည်း  ပြည့်တန်ဆာလုပ်ငန်း ပပျောက်သွားသည် မရှိသောကြောင့် ပြည့်တန်ဆာလုပ်ငန်းခွင်ရှိ မိန်းကလေးများကို ငွေကြေး အရင်းအနှီးနှင့် အကူအညီများ ပေးခြင်းဖြင့် အဆိုပါ မိန်းကလေးများလည်း ကောင်းမွန်သည့်ဘဝကို ရောက်လာနိုင်သလို အကျဉ်းထောင်များတွင်လည်း လူဦးရေ လျော့ကျသွားမည်ဟု ၎င်းက ဆက်ပြောသည်။

“သူ ဘာလို့ ဒီဟာကိုလုပ်ရတာလဲဆိုတာ သုံးသပ်ရမယ်။ ဘယ်သူက လုပ်ချင်မှာလဲ။ မတတ်သာလို့ ဆင်းရဲလွန်းလို့ လုပ်ရတာကိုး။ သူ့ကို ဆင်းရဲတွင်းကလွတ်အောင် ကူညီပေးရမှာလေ။

သူ့ကို ထောင်ထဲထည့်လိုက်တော့ သူလုပ်ကျွေးနေတဲ့ ကလေးလေးတွေ ဘာဖြစ်ကုန်မလဲ။ ရဲလုပ်တဲ့သူက အသွင်ယူတယ်ဆိုပြီး သူပါ ဝင်အိပ်လိုက်ပြီးမှ ဖမ်းတယ်။ မြေနိမ့်ရာလှံစိုက်ဆိုတဲ့ ဘဝမျိုး ကြုံရတာပေါ့။ လူတွေရဲ့ဒုက္ခကို ပိုပြီးဖန်တီးသလို မဖြစ်ဘူးလား။ ထောင်ထဲကို ထည့်တိုင်း ကောင်းတာမဟုတ်ဘူး” ဟု ဦးယုလွင်အောင်က ပြောသည်။

Show More

Related Articles

Back to top button