သတင်း

လျှပ်စစ်ဝန်ကြီးဌာနက မီးစက်ဝယ်ရန် တင်ဒါခေါ်ယူ

နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မီးစက်တစ်လုံးဝယ်ယူလိုကြောင်း မတ် ၂ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှ နေ၍ တင်ဒါခေါ်ယူထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးဆိုးရွားရွားဖြစ်လာချိန်တွင် လျှပ်စစ်ဖြန့်ဖြူးပေးနေသော ဌာနကိုယ်တိုင် မီးစက်ဝယ်ယူသုံးစွဲရမည့်အခြေအနေ ရောက်လာသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြော်ငြာအရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအောက်ရှိ အင်ဂျင်နီယာချုပ်ရုံးတွင် အသုံးပြုရန် 500 KVA စွမ်းအားရှိ ဒီဇယ်သုံးမီးစက်တစ်လုံးကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ကာ ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထား အိတ်ဖွင့်တင်ဒါ လျှောက်ထားရမည် ဖြစ်သည်။

ထို့အတူ နေပြည်တော်စည်ပင်သာယာရေးကော်မတီက မီးစက်ဝယ်ယူလိုကြောင်း၊ ရန်ကုန်စည်ပင်က ဓာတ်ဆီ၊ ဒီဇယ်ဆီများ ဝယ်ယူလိုကြောင်း ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာများ ထည့်သွင်းထားသည်ကို တွေ့ရသည်။ 

လူဦးရေအများဆုံးနေထိုင်ရာ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမို ဆိုးရွားလာကာ ယခင် စစ်အစိုးရလက်ထက်များနည်းတူ အချိန်ပိုင်းသာ မီးပေးနိုင်သည့်အခြေအနေ ပြန်ရောက်လာကြောင်း မြို့ခံများက ဆိုသည်။​

အချိန်မရွေး လျှပ်စစ်မီးဖြတ်တောက်ခံနေရပြီး အချို့သောမြို့နယ်များတွင် နေ့စဉ် ခြောက်နာရီခန့်၊ အချို့ မြို့နယ်များတွင် ၁၂ နာရီအထက် ပြတ်တောက်နေကြောင်း ရန်ကုန်နေပြည်သူများထံမှ သိရသည်။ 

“အမေစုခေတ်ကဆို ပျက်မဲ့အချိန် ကြိုသိရတယ်။ ပျက်ရမဲ့အချိန်ပျက်ပြီး လာရမဲ့အချိန်လာတယ်။ အာဏာရူးလက်အောက်ရောက်မှ ပျက်ချင်တဲ့အချိန်ပျက်တယ်။ လာချင်တဲ့အချိန်လာတယ်။ လာရင်လည်း နာရီပိုင်းပဲ။ ဒီတော့ ဘာလုပ်စားကြရမှာလဲ” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မီးစက်ဝယ်ယူလိုကြောင်း အိတ်ဖွင့်တင်ဒါ ကြော်ငြာ။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အစည်းအဝေးတစ်ခုနှင့် ခရီးစဉ်တချို့တွင် လျှပ်စစ်ရထားနှင့် လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရန်အထိ စီစဉ်တွက်ချက်နေကြောင်း ပြောကြားဖူးသည်။ 

စစ်ခေါင်းဆောင်က ထိုသို့ လေလုံးထွားခဲ့သော်လည်း ဓာတ်အားလျှော့ချထုတ်လုပ်နေရသဖြင့် အချိန်ပိုင်းသာ မီးပေးနိုင်တော့မည့်အကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလဆန်းပိုင်းတွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာခဲ့သည်။​

ပုံမှန်အားဖြင့် လျှပ်စစ်မဂ္ဂါဝပ် ၄၂၀၀ အထိ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ ၁၄၇၀ မဂ္ဂါဝပ် လျော့နည်းထုတ်လုပ်နေရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထိုထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လျှပ်စစ်မီးပြတ်တောက်မှုမှာ မြို့နယ်အလိုက် ကွာခြားမှုရှိသော်လည်း ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် နေ့စဉ် နံနက် ၆ နာရီခန့်မှ ၁၂ နာရီအထိ မီးပျက်သည့်နေ့များ ရှိသည့်နည်းတူ မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာရီခန့်အထိ ပျက်သည့်နေများလည်း ရှိသည်ဟု ထိုမြို့နယ်တွင် နေထိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေသော နိုင်ငံပိုင် YESC ၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း အကြောင်းအမျိုးမျိုးဖြင့် ဓာတ်အားပြတ်တောက်မည့်အကြောင်း အသိပေးပြန်ကြားစာများ နေ့စဉ်နီးပါး တင်ထားသည်ကို တွေ့ရသည်။

စစ်ဘက်ရေးရာ အင်စတီကျူ့တစ်ခုဖြစ်သော သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့မှ ဗိုလ်ကြီးဟောင်း နိုင်ဆွေဦးက ​၎င်းနေထိုင်ရာ ရပ်ကွက်သည် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ပြည်ထောင်စုဝန်ကြီးသုံးဦး၊ အငြိမ်းစားပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တပ်မတော်အရာရှိကြီး နေထိုင်ရာဖြစ်သော်လည်း မီးမှန်အောင်မပေးနိုင်ဟု ဆိုသည်။

“ထိုသို့သော ရပ်ကွက်များကိုပင် မီးမှန်အောင်မပေးနိုင်သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ စွမ်းဆောင်ရည်သည် မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်” ဟု စစ်တပ်အရာရှိဟောင်း နိုင်ဆွေဦးက ၎င်း၏ လူမှုကွန်ရက်တွင် မတ် ၁ ရက်တွင် ရေးသားသည်။

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြင်းပြင်းထန်ထန် ချို့တဲ့ခဲ့သော်လည်း ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းကာလမှ တစ်ကျော့ပြန် အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိမှု တရိပ်ရိပ်တိုးတက်ခဲ့သည်။

သို့တိုင် လူဦးရေသန်း ၅၀ ကျော်ရှိ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် လျှပ်စစ်ဓာတ်အားပေးနိုင်မှု အနိမ့်ဆုံးဖြစ်ကြောင်း၊ အိမ်ထောင်စု ၅၀ ရာခိုင်နှုန်းသာ နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားကို လက်လှမ်းမီကြောင်း ၂၀၂၀ ခုနှစ်အတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button