
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စာသင်တိုက်ကြီးတစ်ခုအတွင်းရှိ ကျောင်းဆောင်တစ်ခုကို ဖေဖော်ဝါရီ ၅ ရက်တွင် စစ်ကောင်စီက ချိပ်ပိတ်သွားသည်ဟု မန္တလေးသံဃသမဂ္ဂအဖွဲ့ထံမှ သိရသည်။
ကျောင်းပေါင်း ၁၅၀ ကျော်ရှိ ပြည်ကြီးတံခွန်မြို့နယ် မဟာဝိဇိတာရာမကျောင်းတိုက်အတွင်းရှိ တေဇာလင်္ကာရကျောင်းကို ချိပ်ပိတ်ခြင်းခြင်းဖြစ်ပြီး သံဃာနှစ်ပါးကိုလည်း စစ်ကောင်စီက နေရာရွှေ့ပြောင်းခိုင်းခဲ့ကြောင်း အထက်ပါ သမဂ္ဂအဖွဲ့ဝင် ဆရာတော်အချို့က မိန့်သည်။
စစ်ကောင်စီက လွန်ခဲ့သော ငါးလခန့်ကတည်းက အလိုရှိနေသော ရဟန်းတစ်ပါးကို ဖမ်းမမိသဖြင့် တေဇာလင်္ကာရကျောင်းကို ချိပ်ပိတ်ခြင်းဖြစ်သည်ဟု ကျောင်းတိုက်နှင့် နီးစပ်သည့် ရဟန်းတစ်ပါးက မိန့်သည်။
“အရင်က အဲဒီကျောင်းမှာ နေသွားတဲ့ ဦးဇင်းလေးတစ်ပါးရှိတယ်။ သူက ဆန္ဒပြပွဲတွေဘာတွေလိုက်တယ်ပေါ့။ သူ့ကို မကြာခဏလာရှာတယ်။ ကျောင်းကို စစ်ဆေးတယ်။ ပစ္စည်းတွေသိမ်းတယ်။ သူ့ကို ရှာမတွေ့တော့ မဲတဲ့သဘောရှိတယ်”ဟု အထက်ပါ သံဃာက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်တပ်က ထိုကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ဖူးပြီး သံဃာနှစ်ပါးနှင့် လူနှစ်ဦးကို ဖမ်းကာ ကျောင်းတိုက်ရှိ ကားနှစ်စီး၊ ဆိုင်ကယ်လေးစီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ယူသွားခဲ့သည်ဟု မန္တလေးသံဃသမဂ္ဂအဖွဲ့ထံမှ သိရသည်။
ဖမ်းဆီးခံရသည့် သံဃာနှင့် လူပုဂ္ဂိုလ်တို့ကို ရက်အနည်းငယ်ကြာချိန်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပစ္စည်းများ ပြန်မရဟု သံဃသမဂ္ဂအဖွဲ့ဝင် သံဃာတစ်ပါးက မိန့်သည်။
“အဲဒီတုန်းက ဒီဦးဇင်းလေးက လွတ်သွားတယ်။….လူတွေက ငွေနဲ့ရွေးလို့ လွှတ်ပေးတာ” ဟု ၎င်းက မိန့်သည်။
ချိပ်ပိတ်ခံရသည့် တေဇာလင်္ကာရကျောင်းနေ သံဃာနှစ်ပါးကို ပြောင်းရွှေ့ခိုင်းခဲ့သော စစ်ကောင်စီ၏လုပ်ရပ်သည် ဘာသာသာသနာကို စော်ကားခြင်းသာဖြစ်၍ ရှုတ်ချသည်ဟု အထက်ပါ မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်က ဆက်၍ မိန့်ကြားသည်။
“အခုနှင်ခံရတဲ့နှစ်ပါးက သူတို့ဘာသာ အေးအေးနေကြတဲ့ ဘုန်းကြီးတွေပါ။ အခုလိုလုပ်တာ မကောင်းဘူးပေါ့။ ဒါမျိုးကြီးတွေက မတရားဘူး။ မလုပ်သင့်ဘူး”ဟု အဆိုပါ ဆရာတော်က မှတ်ချက်ပြုသည်။
စစ်ကောင်စီ အလိုရှိနေသည်ဆိုသော သံဃာတော်နှင့် ကျောင်းတိုက်ချိပ်ပိတ်၍ နေရာရွှေ့ပြောင်းပေးခဲ့ရသည့် ဘုန်းတော်ကြီးနှစ်ပါးတို့၏ အသေးစိတ်အချက်အလက်နှင့် အကြောင်းအရာများကို အတည်မပြုနိုင်သေးပေ။ စစ်ကောင်စီထံမေးမြန်း၍လည်း မရသေးပါ။
စစ်အာဏာသိမ်းမှုကို နေ့စဉ်ဆန္ဒပြ ကန့်ကွက်နေသည့် မန္တလေးမြို့တွင် ရဟန်း၊ သံဃာများကိုပင် မချန် ကားဖြင့် တိုက်၊ သေနတ်ဖြင့် ပစ်၍ စစ်ကောင်စီက ကြမ်းရမ်းစွာ ကိုင်တွယ်နေသည်။ ထို့အတူ ဖမ်းဆီးခံရသည့် သံဃာများကို နာမည်ဆိုးဖြင့် ကျော်ကြားသည့် နန်းတွင်းစစ်ကြောရေးစခန်းသို့ ပို့ကာ စစ်ကောင်စီက နှိပ်ကွပ်သည်။
အာဏာသိမ်းပြီး တစ်နှစ်အတွင်း မန္တလေးမြို့ အထင်ကရပရိယတ္တိစာသင်တိုက်ကြီးများဖြစ်ကြသည့် ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်သစ်နှင့် မြတောင်တိုက်၊ မဟာဝိဇိတာရာမတိုက် တို့တွင် သီတင်းသုံး၊ စာဝါလိုက်နေသည့် သံဃာတော်အရေအတွက် ထက်ဝက်မက ကျဆင်းသွားသည်။
ထိုစာသင်တိုက်ကြီးများထဲမှ မြတောင်ကျောင်းတိုက်ဆိုလျှင် စစ်ကောင်စီ၏ ရန်ရှာမှုကို မကြာခဏ ကြုံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)