နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးမှ အငြိမ်းစား မျက်စိအထူးကုဆရာဝန်ကြီး၊ ဇနီးနှင့် သားဖြစ်သူတို့ တော်လှန်ရေးသမားများကို ထောက်ပံ့သည်ဟူသော စွဲချက်ဖြင့် ယမန်နေ့ (ဩဂုတ် ၂၃) တွင် ဖမ်းဆီးခံရသည်။
အသက် (၇၀) ဝန်းကျင် အရွယ်များဖြစ်ကြသော မျက်စိအထူးကုဆရာဝန်ကြီး ဦးမြသန်း၊ ဇနီးဖြစ်သူ အဝေးသင်တွဲဖက်ပါမောက္ခ ဒေါ်မြင့်မြတ်ခိုင်၊ အသက် ၄၅ အရွယ် သားဖြစ်သူ ဦးရန်နောင်ထွန်းတို့ ပိုင်ဆိုင်သည့် မြို့လယ်ရှိ ဆေးခန်းနှင့် ကွန်ဒိုကိုပါ ချိပ်ပိတ်သွားကြောင်း စုံစမ်းသိရှိရသည်။
ကမ္ဘာကျော် မန္တလေးနန်းတော်ရှိရာ ကျုံးနံဘေး၊ လမ်း (၈၀) နှင့် (၂၄) လမ်းထောင့်၊ အကွက်အကွင်းကောင်းသည့် နေရာတွင်ရှိပြီး ကာလပေါက်ဈေး သိန်းသောင်းချီတန်သော “တက်နေလင်း မျက်မှန်နှင့် မျက်စိအထူးကုဆေးခန်း” နှင့် တွဲလျက် ကွန်ဒိုတိုက်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၄၀ ဝန်းကျင် မန္တလေးမြို့ခံ အမျိုးသမီးကြီးက ဖမ်းဆီးခံရသူ ဒေါ်မြင့်မြတ်ခိုင်သည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် မန္တလေးအဝေးသင်တက္ကသိုလ်မှ နုတ်ထွက်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူဖြစ်၍ စစ်ကောင်စီက အငြိုးထားပြီး မတရားပြုကျင့်ခြင်းဖြစ်သည်ဟု ပြောသည်။
“အေးအေးချမ်းချမ်းနေကြတဲ့ မိသားစုလေးပါ။ အလှူအတန်းလည်း ရက်ရောတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေဆိုရင် အခမဲ့ကုပေးတာတွေ လုပ်တယ်။ တကယ်ကို စိတ်ရင်းစေတနာ ပြည့်စုံတဲ့သူတွေကို ခုလို မတရားလုပ်တဲ့အတွက် သူတို့ကို ပိုနာကြည်းတယ်” ဟု သူက ပြောသည်။
စစ်တပ်ဝါဒါဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ဆရာဝန်ကြီးမိသားစုကို ဖမ်းဆီးပြီးနောက် ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ကွန်ဒိုနှင့် ဆေးခန်းတို့ကို ချိပ်ပိတ်နေသည့်ပုံများ တွေ့ရသည်။
အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်တွင် စစ်ကောင်စီက မန္တလေးမြို့ပေါ်တွင် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆသူများကို ဖမ်းဆီး၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် လုပ်ရပ်များ ဆက်တိုက် လုပ်နေသည်။
ဩဂုတ်လအတွင်း မန္တလေးတွင် တော်လှန်ရေးသမားများကို ထောက်ပံ့မှုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူအရေအတွက် ၃၀ နီးပါး ရှိပြီး ထိုထဲတွင် အသက် ၇၀၊ ၅၀ အရွယ် အမျိုးသမီးများပါ ပါဝင်သည်။
စစ်ကောင်စီ ချိပ်ပိတ်သိမ်းဆည်းထားသည့်အထဲတွင် မြို့လယ်နှင့် လမ်းမကြီးများပေါ် ရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့် စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်ထားသည့် အိုးအိမ်အများစုဖြစ်ကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ၁၇ ရက်နေ့ကပင် စစ်ကောင်စီက မန္တလေးမြို့လယ်ရှိ နာမည်ကြီးကိုယ်ပိုင်အထက်တန်းကျောင်း Golden Gate Private High School ထူထောင်သူနှင့် စီမံခန့်ခွဲသူများကို ဖမ်းဆီးကာ ကျောင်းကို ချိပ်ပိတ်လိုက်သည်။
လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်နေရသူ မြို့ခံလူငယ်အမျိုးသားတစ်ဦးက စစ်ကောင်စီ အထိနာသဖြင့် ပိုမို ခြိမ်းခြောက်ပြနေခြင်း ဖြစ်သည်ဟု ပြောသည်။
“သူတို့အထိနာလာလို့ နောက်ဆုံးထွက်ပေါက်အနေနဲ့ အကြောက်တရားနဲ့ ပိုဖိပြနေတာပေါ့နော်။ သူတို့ကို ပြောချင်တာက ခြောက်တိုင်းသာ ကြောက်ရမယ်ဆိုရင် တော်လှန်ရေးက ဒီအဆင့်ထိ ရောက်မလာဘူး ဆိုတာပါပဲ။ ပြီးတော့ မြို့ပြက ပြည်သူတွေကိုလည်း ဒီလိုမှောင်မိုက် အကြမ်းတမ်းဆုံးအချိန်ကို တောင့်ခံပေးထားကြပါဦးလို့ တောင်းပန်ချင်ပါတယ်” ဟု မန္တလေးမြို့ပေါ်တွင် တော်လှန်ရေးလှုပ်ရှားမှုများ လုပ်ကိုင်ခဲ့သူ ထိုလူငယ်က ပြောသည်။
စစ်ကောင်စီကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ မန္တလေးမြို့ပေါ်တွင် နည်းပါးသွားသော်လည်း မြို့နှင့် အနီးဝန်းကျင်တွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်နေကြသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)