
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်နိုင်သည့် ရွေးကောက်ပွဲရလဒ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနှစ်မြို့သည်မှာ လွန်ခဲ့သော ၃၂ နှစ်ကတည်းကဖြစ်သည်။
၂၀၂၁၊ မတ် ၂၀ ရက် မြိတ်၊ ကျွန်းစု၊ ကိုကိုးကျွန်း၊ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း အရာရှိစစ်သည် မိသားစုများနှင့် တွေ့ဆုံပွဲ သုံးခုတွင် သူ၏ မကျေလည်မှုအတိုင်းအဆကို စစ်ခေါင်းဆောင်က ထုတ်ပြောသည်။
စစ်တပ်ကပင် ဦးစီးကျင်းပသော ၁၉၉၀ ရွေးကောက်ပွဲ၌ NLD က ပထမအကြိမ် တောင်ပြိုကမ်းပြို ၈၂ ရာခိုင်နှုန်းနိုင်သည့် ရလဒ်မှာ ရိုးသားမှုမရှိဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲသည်။
“၁၉၉၀ ပြည့်နှစ်မှစ၍ ရွေးကောက်ပွဲအတွေ့အကြုံရှိခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကတည်းကပင် ရွေးကောက်ပွဲတစ်ခုသည် ဖိအားများရှိနေပါက ရိုးသားသော ရွေးကောက်ပွဲနှင့် မှန်ကန်သော ရလဒ်ထွက်ပေါ်သည့် ရွေးကောက်ပွဲ မဖြစ်လာနိုင်သည်ကို အတွေ့အကြုံရရှိခဲ့ကြောင်း”ဟု ၎င်းက ပြောသည်ကို မိန့်ခွန်းမှတ်တမ်းတွင် တွေ့ရသည်။
စစ်ကိုင်းအခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်၌ စစ်ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီးဘဝတွင် သူကြုံခဲ့ရသည့် ထိုရွေးကောက်ပွဲရလဒ် မည်သို့မမှန်ဆိုသည်ကိုမူ စစ်ခေါင်းဆောင်က ရှင်းလင်းစွာ မပြောပေ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရည်ညွှန်းသည့် ထိုရွေးကောက်ပွဲမှာ ၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကာ ပါတီဖြစ်ခါစ NLD က အောင်ပွဲဆင်သည်။
သို့သော် စစ်တပ်က NLD ကို အာဏာလွှဲမပေးဘဲ တိုင်းပြည်ကို ၂၁ နှစ်ကြာ အုပ်ချုပ်သွားသည်။
စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ အခြေခံဥပဒေဖြင့် NLD မပါသည့် ၂၀၁၀ ရွေးကောက်ပွဲကို ဖန်တီးပြီးနောက် လအနည်းငယ်ကြာချိန်အထိဖြစ်သည်။
NLD လက်ထဲပေးရမည့် အာဏာကို နှစ်ပေါင်း ၂၀ ဝန်းကျင် အချိန်ဆွဲခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူဖွဲ့ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရစေပြီးနောက် ၂၀၁၁ တွင်မှ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို သမ္မတရာထူးပေးသည်၊ မင်းအောင်လှိုင်ကို ဗိုလ်ချုပ်ကြီးရာထူးမှ ဒုတပ်ချုပ်၊ ထိုမှ တပ်ချုပ်တာဝန်ပေးသည်။

NLD နှင့် ရွေးကောက်ပွဲရလဒ်အပေါ် အထက်ပါကဲ့သို့ အမြင်မကြည်လင်သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ တပ်ချုပ်လုပ်သက် ၅ နှစ်ပြည့်ချိန် ၂၀၁၅၊ ၁၀ နှစ်ပြည့်ချိန် ၂၀၂၀ တွင် အတိတ်က ဒဏ်ရာမျိုးနှင့် ထပ်တိုးသည်။
ပြန်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲ NLD နိုင်ချိန်က တပ်တွင် ၎င်း၏ စီနီယာဖြစ်သည့် သမ္မတ ဦးသိန်းစိန်က အသာတကြည် အာဏာလွှဲပေးခဲ့သည်။ ထိုစဉ်က ပြဿနာကြီးကြီးမားမား မပေါ်ခဲ့သလို စစ်ခေါင်းဆောင်က သူကိုယ်တိုင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝမ်းပန်းတသာ ကြိုဆိုဟန် ပြခဲ့သည်။
သို့သော် NLD က တတိယအကြိမ် ထပ်မံအနိုင်ရသည့် ၂၀၂၀ နိုဝင်ဘာ ၈ ရွေးကောက်ပွဲအပြီးတွင်မူ ဦးသိန်းစိန်၏ နေပြည်တော်နေအိမ်၌ပင် ဆိုးရွားစွာပေါ်ပေါက်ခဲ့သည့် မဲစာရင်းမှားယွင်းမှုကဲ့သို့ ကိစ္စများကို ထောက်ကာ ရလဒ်အပေါ် တရစပ် မေးခွန်းထုတ်သည်။ လွှတ်တော်သစ်မစတင်ရန် မျိုးစုံခြိမ်းခြောက်သည်။
ကိုယ်တိုင်မဲပေးခဲ့သည့်နေ့က “ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကိုတော့ လက်ခံရမှာ၊ ဒါကတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး” ဟု ပြောခဲ့သော်လည်း နောက်နှစ်လကျော်အတွင်း မဲစာရင်းကို အကြောင်းပြကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းသည်။
စစ်ခေါင်းဆောင် အာဏာသိမ်းရန် ဆုံးဖြတ်ခဲ့သည့် ထိုကာလမှာ ၂၀၁၄ ခုနှစ်က သူကိုယ်တိုင်သတ်မှတ်သည့် တပ်ချုပ်အသက်ကန့်သတ်ချက် ၆၅ နှစ်ပြည့်ချိန်နှင့် တိုက်ဆိုင်သည်။
သမ္မတခွင့်ပြုမှရမည့် တပ်ချုပ်ရာထူးကိစ္စကို NLD ခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းရာ မပြေလည်၊ သမ္မတရာထူးအထိပင် စစ်ခေါင်းဆောင်က အရေးဆိုသည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက်သော်လည်း သီးခြားအတည်ပြုနိုင်။
သို့သော် အာဏာသိမ်းပြီး သုံးရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၄ တွင် လွန်ခဲ့သည့် ၇ နှစ်က ကိုယ်တိုင်ထုတ်ပြန်ခဲ့သည့် တပ်ချုပ်တစ်ဦး၏ အသက်သတ်မှတ်ချက်ကို အကန့်အသတ်မဲ့အဖြစ် သူက ပြန်ပြောင်းသည်ဟု စစ်သက် ၁၇ နှစ်ရှိ CDM ဗိုလ်ကြီးအေးချမ်းက ထောက်ပြသည်။
“အသက်ပြည့်တဲ့အချိန်မှာ သူ့နေရာဆက်ခံဖို့ အရည်အချင်းပြည့်မီတဲ့သူ မရှိသေးဘူး။ သူပဲ ဆက်လုပ်မယ်ဆိုပြီး ကကန (ကာကွယ်ရေးဌာနကောင်စီ) အမိန့်ကို ကိုယ့်ဘာသာ ပြင်ပြီး ရာထူးယူသွားတာပါပဲ” ဟု ဗိုလ်ကြီးအေးချမ်းက ပြောသည်။
စစ်ကောင်စီက တရားဝင်ထုတ်ပြန်သည့် မှတ်တမ်းများအရ အာဏာသိမ်းပြီးနောက်တွင် တစ်လလျှင် မိန့်ခွန်းနှင့် အမှာစကားပေါင်း ၁၅ ခုခန့် ပြောတတ်သည့် စစ်ခေါင်းဆောင်ဘက်မှ တပ်ချုပ်သက်တမ်းတိုးသည့်ကိစ္စ တစ်လုံးမျှ ဟသည်ကို မတွေ့ရ။
သို့သော် တပ်ချုပ်၏ အာဏာမက်မောမှုကို ပုံဖော်ပြနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို စစ်သက် ၂၀ ရှိ CDM ဗိုလ်ကြီးဇင်ယော်က ပြောပြသည်။
NLD ၏ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၂၀၁၇ ခုနှစ်တွင် ပြောခဲ့သည့် နိုင်ငံတကာတွင် တပ်ချုပ်မှာ ညွှန်ချုပ်အဆင့်သာရှိသည်ဆိုသော စကားကြောင့် စစ်ခေါင်းဆောင် ဆွေ့ဆွေ့ခုန်ခဲ့သည်ဟု ၎င်းက ရှင်းပြသည်။
“လူကြီးဆိုတော့ တိုက်ရိုက်တော့ မပြောဘူး။ သူတောင်မှ ညွှန်ချုပ်အဆင့်ဖြစ်သွားရင် ကျန်တဲ့သူတွေက ဘယ်အဆင့်ကို ရောက်သွားမလဲ။ ဗိုလ်ကြီးအဆင့်လောက်ဆို တံမြက်စည်း ထွက်လှည်းရမဲ့ အဆင့်တွေ ရောက်သွားမယ်ပေါ့”
ထိုသတင်းစကားကို တပ်ချုပ်ပြောသည့် မိန့်ခွန်းဟု ခေါင်းစဉ်တပ်ကာ နိုင်ငံအနှံ့ရှိ စစ်တပ်သင်တန်းကျောင်း၊ တပ်ရင်းများတွင် တိုင်းမှူးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူးများကိုယ်တိုင် ထိုအချိန်က လိုက်လံဟောပြောခဲ့သည်ဟု ဗိုလ်ကြီးဇင်ယော်ထံမှ သိရသည်။
တပ်တွင်း၌ “မဲ့” ဟု ခေါ်သော ဖုန်းယူခွင့်နှင့် အသံသွင်းခွင့်မရှိ၊ ဦးထုပ်နှင့် ဖိနပ်ကအစ ချွတ်၍ ဝင်ရသည့် အဆိုပါအခမ်းအနားမျိုးကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ ဦးဆောင်ကျင်းပလေ့ရှိသည်ဟု ၎င်းက ပြောသည်။

ယင်းသို့ တပ်အတွင်း၌ ရာထူး၊ အာဏာ၊ အဆင့်အတန်းနှင့် ပတ်သက်၍ သတင်းကြီးသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုကို ချက်ကောင်းကိုင်ကာ မဲမသမာ၍ အာဏာရယူသည်ဟု မိန့်ခွန်းများတွင် တရစပ်ပြောဆိုနေသည်။
သူ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ကလည်း အာဏာသိမ်းပြီး တစ်နှစ်အတွင်း လိုက်လံရှာဖွေရာ တစ်ကြိမ်ထက် မဲပိုပေးသည်ဟု စွပ်စွဲခံရသူ ၂၀၀၀ ခန့်သာ ရှာတွေ့သည်။
စစ်ခေါင်းဆောင်ကမူ မဲစာရင်း ၁၀ သန်းကျော်မှားသည်၊ ၂၀၂၀ ရွေးကောက်ပွဲ၌ မဲပေးနှုန်းမြင့်သည်မှာ မဖြစ်နိုင်ဟူသည့် သဘောထားမျိုးကိုပင် အချို့သော မိန့်ခွန်းများ၌ ထည့်သွင်းပြောဆိုထားပြီးဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ၆၉ ဒသမ ၆၃၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ၅၀၊ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွင် ၁၄ ရာခိုင်နှုန်းသာရှိချိန်တွင် ၂၀၂၀၌ မဲပေးနှုန်း ၇၁ ဒသမ ၀၆ ရာခိုင်နှုန်းထိ ရှိသည်ဟု နှိုင်းယှဉ်ပြခြင်းဖြစ်သည်။
“ယခင်ရွေးကောက်ပွဲနဲ့ မတူတာက Covid-19 ပြန့်ပွားနေတဲ့ ကာလမှဖြစ်ပါတယ်။ ဒါကိုပဲ သုံးသပ်ကြည့်ပါ” ဟုပင် အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက် စီမံခန့်ခွဲရေးအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်ပြောသည်။
သို့သော် ပြည်သူ့ထောက်ခံမှုကို နှစ်ပေါင်းများစွာ မြင့်မြင့်မားမားရထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအကြို မဲဆွယ်မိန့်ခွန်း၏ သက်ရောက်မှုကိုမူ စစ်ခေါင်းဆောင်က ထည့်တွက်ခဲ့ဟန်မတူ။
၂၀၀၈ အခြေခံဥပဒေအရ ၆၇ ရာခိုင်နှုန်း နိုင်မှသာ အစိုးရထပ်ဖွဲ့နိုင်မည်ဖြစ်၍ တစ်ခဲနက် မဲပေးကြရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်မီ တစ်လဝန်းကျင်အလိုတွင် ဆော်ဩသည်။ ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် အချို့နေရာများ၌ မဲရုံပိတ်ချိန် နောက်ဆုတ်ရသည်အထိ မဲပေးသူများခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထိုသို့ ဩဇာရှိမှုကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟု စစ်ခေါင်းဆောင်က ၎င်း၏ မိန့်ခွန်းများတွင် ပုံဖော်ပြောလေ့ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် နောက်တစ်နှစ်တွင် NLD က အစိုးရဖွဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးယူသည်ကို မကျေနပ်သည့်အကြောင်းမှာလည်း သူ၏ ပြောစကားများတွင် ပါဝင်သည်။
၂၀၂၁ ဧပြီ ၆ ရက် အစည်းအဝေးတစ်ခုတွင် ထိုလုပ်ရပ်မှာ ဥပဒေနှင့်မညီ၊ နိုင်ငံတော်အဆင့် ဝါစဉ်ထုတ်ပြန်သည့်အခါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတို့အကြား အဆင့်နှစ်တွင် ထားခြင်းမှာ မဖြစ်ထိုက်ဟု သူက ထုတ်ပြောသည်။
သို့သော် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်စေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်လာချိန်တွင် သူက ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါကို အသုံးပြုရန် သတိတရရှိပြန်သည်။
“ရှေ့နေများမှတစ်ဆင့် လက်ရှိ နိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ), NUG (အမျိုးသားညီညွတ်ရေးအစိုးရ) အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း” ၂၀၂၁ ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် သူက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတစ်ဆင့် ၎င်း၏ မှတ်ချက်များ ပေးနိုင်သည့် အခွင့်အရေးရှိကြောင်း” စစ်ခေါင်းဆောင်က ဆိုသည်။ သို့သော် ထိုသို့မပြောမီ နှစ်လဝန်းကျင်ကပင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို သူဦးဆောင်သည့် စစ်ကောင်စီက ပြောရေးဆိုခွင့် ပိတ်ထားသည်။
စစ်ခေါင်းဆောင်၏ မိန့်ခွန်းများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် မကျေနပ်ချက်များမှာ ထောင်ပြေးတစ်ဦး ဦးဆောင်ပြီး တရားမဝင်ငွေကြေးနှင့် လုပ်ငန်းများတွေ့ရှိမှုဖြင့် ၂၀၂၀ ရွေးကောက်ပွဲနီးချိန်တွင် ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီ (ခ) ညီညွတ်သောဒီမိုကရက်တစ်ပါတီကိစ္စလည်း ပါဝင်သည်။
ထို့အတူ သူ့လက်ထက်တွင် စီးပွားဖွံ့ဖြိုးမှုအညွှန်းကိန်း ၁ ရာခိုင်နှုန်းအထိ ကျဆင်းနေသော်လည်း ပုံမှန် ၅ ရာခိုင်နှုန်းအထက်ရှိခဲ့သည့် NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ငါးနှစ်တာစွမ်းဆောင်ရည်မှာ မကောင်းဟုသာ အာဏာသိမ်းစစ်ခေါင်းဆောင်က ရောက်လေရာတွင် ပြောတတ်ပြန်သည်။
ကမ္ဘာ့သတင်းများတွင် အစွန်းရောက်အဖြစ် နာမည်ကျော်ပြီး ၎င်းကို ထောက်ခံသော အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဖျက်သိမ်းခံခဲ့ရသည့် NLD အစိုးရလက်ထက်တွင် ဗုဒ္ဓဘာသာ မှေးမှိန်ခဲ့ရသည်ဟူ၍လည်း စစ်ခေါင်းဆောင်က ပြောလေ့ရှိသည်။
စစ်ခေါင်းဆောင်၏ ပြောဆိုချက်မှာ လက်ခံနိုင်စရာမရှိဟု မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသက မှတ်ချက်ပြုသည်။
“သူ့ကို ပထမဆုံးမေးလိုက်ပါ။ လိမ်မပြောရတဲ့ သိက္ခာပုဒ် ‘မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ’ ကို ဆောက်တည်ရဲလားလို့ မေးလိုက်ပါ။ တစ်ရက်မှာ ဘယ်နှခါလိမ်တုန်းလို့ မေးလိုက်ပါ။ အခွန်းတစ်ရာမှာ ဘယ်နှခွန်းလိမ်တုန်း မေးလိုက်ပါ။ ဘုန်းကြီးထင်တယ်…၁၀၀ ရာခိုင်နှုန်းတောင် လိမ်နေတယ် ထင်တယ်” ဟု ဆရာတော်က ယခုနှစ်ဆန်းတွင် Myanmar Now ကို မိန့်ထားသည်။

အာဏာသိမ်းထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ပကတိအခြေအနေများနှင့် သူ၏ ရပ်တည်ချက် မည်သို့ကွဲလွဲနေစေကာမူ၊ မည်မျှပြစ်တင်ခံရစေကာမူ NLD အပြတ်အသတ်အနိုင်ရလေ့ရှိသည့် ရွေးကောက်ပွဲစနစ်မှ အချိုးကျကိုယ်စားပြုစနစ် (PR)သို့ ပြောင်း၍ ရွေးကောက်ပွဲအသစ်လုပ်ရန်သာ စိုင်းပြင်းနေသည်။
“PR စနစ်မှာ ဘယ်လိုမှ တစ်ပါတီတည်းက မနိုင်နိုင်ဘူး။ မနိုင်နိုင်ရင် (လွှတ်တော်ရှိ စစ်သား ၂၅ ရာခိုင်နှုန်းနှင့် ပေါင်းကာ) မင်းအောင်လှိုင်က သမ္မတလုပ်ယူမှာပဲ။ အဲဒီဖဲက ချိုးပြီးသားကြီး၊ အမြင်သာကြီး။ ရှင်းရှင်းပြောရရင် ဓားမြှောင်အလယ်ကောင်စိုက်ပြီး ရိုက်တဲ့ဖဲဝိုင်းပဲ” ဟု အသက် ၇၇ နှစ်ရှိ ဝါရင့်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှစ၍ စစ်တပ်က ကတိမတည်သည်မှာ ထင်ရှားသည်ဖြစ်၍ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ က ကဲ့သို့သော တပ်ကို ပြုပြင်၍ရမည်ထင်သော အမှားမျိုး NLD နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များ ထပ်မံ မကျူးလွန်မိရန် လိုသည်ဟု ၎င်းက ဆက်ပြောသည်။
“တခါ၊ နှစ်ခါ အလိမ်ခံရတာမဟုတ်ဘူး။ သုံးခါမြောက်အလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူ ညံ့လို့ပဲ။ အလိမ်ခံရတဲ့သူမှာ တာဝန်ရှိတယ်” ဟု နိုင်ငံရေးသက်တမ်း နှစ် ၅၀ ကျော်ရှိသည့် ၁၉၆၂ ကျောင်းသားဟောင်းများသမဂ္ဂအဖွဲ့ဝင် ဦးကြီးမြင့်က သတိပေးသည်။
ထိုအခြေအနေတွင် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ၌ ရွေးကောက်ပွဲ ပြန်လုပ်မည်၊ NLD ကို ဖျက်သိမ်းရန်မရှိဟု ပြောထားသည်။
တပ်ချုပ်သက်တမ်း ကုန်လွန်မှုကို ပြန်လည်ဖာထေးထားရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ သူသမ္မတလုပ်လိုသည်ဟု တိုက်ရိုက်ပြောလေ့မရှိပေ။ ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ စစ်ကောင်စီအစည်းအဝေးတစ်ခုတွင် ၎င်းမှာ အာဏာရှင်မဟုတ်ဟူသည့်သဘော သွယ်ဝိုက်၍ပင် ပြောခဲ့သေးသည်။
သူ၏ စစ်ကောင်စီအဖွဲ့ဝင်များကို နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းရန် မှာကြားရင်း အာဏာရှင်များဆိုလျှင် ထိုသို့ တွေးမည်မဟုတ်ဟု သူက ဆိုသည်။
“အစိုးရဆိုတာလည်း ပြည်သူ၊ ပြည်သားတွေ ချမ်းသာဖို့အတွက် အာဏာရှင်တွေက လွဲရင်ပေါ့။ အာဏာရှင်တွေက ဒီလိုမျိုးစိတ်ရှိချင်မှလည်း ရှိလိမ့်မယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး သို့မဟုတ် စစ်တပ်ကသာ ကြီးစိုးအုပ်ချုပ်ရေးအတွက် ယခင်ဗိုလ်ချုပ်ကြီးများ စနစ်တကျ အကွက်ချ စီစဉ်ထားခဲ့ခြင်းများ ပျက်စီးသွားစေရန် လုပ်ဆောင်လိုက်ပြီဖြစ်သည်။
ဗိုလ်ကြီးဇင်ယော်ကမူ စစ်ခေါင်းဆောင်၏ အာဏာမက်မှုဒဏ်ကို တစ်နိုင်ငံလုံး ခံစားနေရသည်မှာ တစ်နှစ်ရှိပြီဟု ထောက်ပြသည်။
“အရင်က (သူ့ကြောင့် တပ်) နာမည်ပျက်တယ်၊ အခုတော့ သမိုင်းပါ ပျက်ပြီ။ ရာထူးမက်မောလို့သာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူတာပဲ” ဟု ဗိုလ်ကြီးဇင်ယော်က ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)