
အာဏာသိမ်းစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများကို အားပေးကူညီနေသည်ဟုဆိုကာ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးနှင့် ၎င်းတို့၏ ကုမ္ပဏီများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမည်ပျက်စာရင်းသွင်းလိုက်သည်။
အဆိုပါ လုပ်ငန်းရှင်များသည် နိုင်ငံတော်ပုန်ကန်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်အုပ်စုအတွက် စီးပွားရေးလုပ်ငန်းမျိုးစုံ အယောင်ပြလုပ်ကာ လက်နက်ပွဲစားများအဖြစ် ကူညီနေကြောင်း စိစစ်တွေ့ရှိရသည်ဟု NUG ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ယနေ့ (ဇန်နဝါရီ ၂၅) ထုတ်ပြန်ချက်က ဆိုသည်။
အမည်ပျက်စာရင်းသွင်းခံရသူများမှာ ဦးအေးကိုနှင့် ၎င်းပိုင်ကုမ္ပဏီများ၊ ဒေါက်တာနိုင်ထွဋ်အောင်နှင့် ၎င်း၏ International Gateway ကုမ္ပဏီအုပ်စု၊ ဒေါက်တာအောင်မိုးမြင့်နှင့် ၎င်း၏ Dynasty ကုမ္ပဏီအုပ်စု၊ ဦးစစ်တိုင်းအောင်နှင့် ၎င်းပိုင် Suntac ကုမ္ပဏီအုပ်စု၊ Yadanarpon Aviation Support ကုမ္ပဏီ၊ ဦးထွန်းလှိုင်နှင့် ၎င်းပိုင် STE Global Trading တို့ဖြစ်သည်။
ထို့ပြင် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးတေဇနှင့် ၎င်းပိုင် ထူးကုမ္ပဏီအုပ်စု၊ ဦးဂျော်နသန်ကျော်သောင်းနှင့် ၎င်း၏ KT နှင့် Ky-Tha အုပ်စု၊ ဦးအောင်လှိုင်ဦးနှင့် ၎င်း၏ Myanmar Chemical & Machinery ကုမ္ပဏီအုပ်စု၊ ဦးဇော်ဝင်းဦးနှင့် ၎င်းပိုင် Trident Marine ကုမ္ပဏီတို့ကိုလည်း NUG က အမည်ပျက်စာရင်းသွင်းသည်။
အဆိုပါ ကုမ္ပဏီများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ လုပ်ငန်းချင်းချိတ်ဆက်ဆောင်ရွက်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း လုံးဝမပြုလုပ်ရန်လည်း NUG ၏ ထုတ်ပြန်ချက်က သတိပေးထားသည်။
“အဆိုပါ လုပ်ရပ်များကိုလည်း အကြမ်းဖက်မှု စစ်ရာဇဝတ်မှု ကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကြေညာအပ်သည်”

အမည်ပျက်စာရင်းသွင်းကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့ကုမ္ပဏီများအကြောင်း ထည့်သွင်းဖော်ပြထားခြင်း မရှိသော်လည်း ၎င်းတို့အနက် အများစုမှာ လက်နက်ပွဲစားများဖြစ်ကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က စက်တင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံအချို့က အရေးယူခြင်းများ ရှိခဲ့ရာ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနှင့် ၎င်းပိုင် ထူးကုမ္ပဏီအုပ်စုကို ဒဏ်ခတ်အရေးယူကြောင်း ဗြိတိန်က စက်တင်ဘာ ၂ တွင် ကြေညာခဲ့သည်။
ထူးကုမ္ပဏီတည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ်သူ ဦးတေဇသည် ယခင်စစ်ခေါင်းဆောင်များ အပါအဝင် လက်ရှိ စစ်အုပ်စုနှင့်ပါ ပတ်သက်ဆက်နွှယ်မှုရှိနေပြီး စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် လက်နက်ဝယ်ယူရေးအခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေသည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့သည်။
စက်တင်ဘာ ၈ ရက်က ထုတ်ပြန်ခဲ့သည့် JFM အဖွဲ့၏ အစီရင်ခံစာအရ ဦးတေဇအပြင် ဦးအောင်လှိုင်ဦး၊ ဒေါက်တာနိုင်ထွဋ်အောင်၊ Suntac ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးစစ်တိုင်းအောင်နှင့် ဦးဇော်ဝင်းဦး၏ Trident Marine ကုမ္ပဏီတို့သည် မြန်မာစစ်တပ်အတွက် ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနေသည်ဟု ဆိုသည်။
မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူဖြည့်တင်းပေးနေသူများတွင် အဓိကလက်နက်အဝယ်တော်တစ်ဦးမှာ Myanmar Chemical & Machinery (MCM) ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးအောင်လှိုင်ဦးဖြစ်သည်ဟု JFM က ဆိုသည်။
ဦးအောင်လှိုင်ဦးသည် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ၂၀၁၇ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ယူကရိန်းနိုင်ငံပိုင် Ukroboronprom နှင့် Ukrspecexport ကုမ္ပဏီများနှင့် မြန်မာစစ်တပ်ပူးတွဲ၍ BTR-4 အမျိုးအစား သံချပ်ကာယာဉ်များ၊ MMT-40 အမျိုးအစား အပေါ့စားတင့်ကားများနှင့် 2SIU အမျိုးအစား ဟောင်ဝစ်ဇာအမြောက်များ ထုတ်လုပ်ရေးစီမံကိန်းတွင် ဦးအောင်လှိုင်ဦး၏ MCM ကုမ္ပဏီ ပါဝင်ကြောင်း JFM ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
“သူက (အောင်လှိုင်ဦး) အကြီးစားလက်နက်ကုန်သည်တစ်ယောက်ပဲ။ တစ်လျှောက်လုံး စစ်တပ်နဲ့ပဲ လုပ်လာတာ။ ခုနောက်ပိုင်းမှ လျှပ်စစ်စီမံကိန်းတွေဘာတွေလုပ်တာ။ ဒါက တစ်နည်းတော့ Money Laundry (ငွေကြေးခဝါချ) တာပဲ” ဟု ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာလအတွင်း Myanmar Now ကို ပြောဆိုဖူးသည်။
စစ်တပ်၏ အခြားလက်နက်ပွဲစားတစ်ဦးဖြစ်သူ ဒေါက်တာနိုင်ထွဋ်အောင်သည်လည်း ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးနေသည့် Myanmar Consultancy ကုမ္ပဏီ၏ ဒါရိုက်တာဟောင်းနှင့် ရှယ်ယာပိုင်ရှင်တစ်ဦးဖြစ်သည်။
Myanmar Consultancy ကုမ္ပဏီသည် ၂၀၁၆ မှ ၂၀၂၀ အတွင်း မြန်မာလေတပ်တွင် အသုံးပြုနေသော MiG-29 ဂျက်တိုက်လေယာဉ်ဆိုင်ရာ အစိတ်အပိုင်းများ၊ 36D6 လေကြောင်းစောင့်ကြည့်ရေး ရေဒါအစိတ်အပိုင်းများနှင့် IGLA-1M အမျိုးအစား မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ပစ်စင်ဆိုင်ရာ အစိတ်အပိုင်းများ ဝယ်ယူပေးခဲ့သည်။
NUG ၏ အမည်ပျက်စာရင်းသွင်းခံရသူများတွင် ပါဝင်သည့် Suntac ကုမ္ပဏီအုပ်စုနှင့် Yadanarpon Aviation Support ကုမ္ပဏီပိုင်ရှင် ဦးစစ်တိုင်းအောင်မှာ နိုင်င်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက်က သစ်တောဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ဘုန်း၏ သားဖြစ်သည်။
စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုများကြောင့် Suntac ကုမ္ပဏီအုပ်စုမှာ ယခင်က ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူခြင်း ခံရဖူးသည်။ လက်နက်ပွဲစားတစ်ဦးဖြစ်သူ စစ်တိုင်းအောင်မှာ မက္ကဆီကိုနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်တစ်ဦးလည်းဖြစ်ကြောင်း JFM က ဆိုသည်။
ယူကရိန်းနိုင်ငံမှနေ၍ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူပေးနေသော အခြားပြည်တွင်းကုမ္ပဏီတစ်ခုမှာ Trident Marine ဖြစ်သည်။ အဆိုပါကုမ္ပဏီ၏ ဒါရိုက်တာများတွင် ဇော်မင်းဦးဆိုသူလည်း ပါဝင်ပြီး ၎င်းသည် စစ်တပ်နှင့် ဆက်နွှယ်သော မိုဘိုင်းငွေကြေးဝန်ဆောင်မှု Easy Pay လုပ်ကိုင်သည့် Solutions Hub ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ်သည်။
ယူကရိန်းနိုင်ငံ၏ ပြည်ပပို့ကုန်မှတ်တမ်းများအရ နိုင်ငံပိုင် Ukroboronservice ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်အတွင်း Trident Marine ကုမ္ပဏီသို့ သင်္ဘောနှင့်ဆိုင်သော နည်းပညာဆိုင်ရာ စာရွက်စာတမ်းများပေးပို့ခဲ့သည်။
လက်နက်ပွဲစားတစ်ဦးဆိုကာ NUG ၏ အမည်ပျက်စာရင်းသွင်းခံရသူများတွင် ပါဝင်သည့် ဦးအေးကိုဆိုသူမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရာတွင် နောက်ကွယ်မှ ကြိုးကိုင်သူဟု နာမည်ထွက်ခဲ့သူဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)