သတင်း

ရဟတ်ယာဉ်ကိစ္စဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၅ မှု ထပ်တိုး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သဘာဝဘေးကူညီရေးအတွက် ငှားရမ်း၊ ဝယ်ယူ အသုံးပြုသည့် ရဟတ်ယာဉ်ကိစ္စဖြင့် စစ်ကောင်စီက အဂတိမှု ၅ မှုတပ်၍ တရားစွဲသည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ယနေ့ (ဇန်နဝါရီ ၁၄) ကြားနာသည့် တရားခွင်၌ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်စန်းက ထိုသို့ အသိပေးခြင်းဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အဆိုပါ အမှုများနှင့် ပတ်သက်၍ ရှေ့တစ်ပတ်ရုံးချိန်း (ဇန်နဝါရီ ၂၁)တွင် ရှေ့နေလိုက်ခွင့်ကိစ္စများဆောင်ရွက်ရန် ညွှန်ကြားသည်ဟု ၎င်းက ဆက်ပြောသော်လည်း ပုဒ်မများ၊ အမှုကိစ္စ အသေးစိတ်အခြေအနေများကို မသိရပါ။

သို့သော် ယနေ့ရုံးချိန်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အလုပ်အမှုဆောင် ဒေါက်တာသန့်သော်ကောင်းကို ဒေါ်အောင်ဆန်းစုကြည် စွပ်စွဲခံထားရသည့် အခြားသော အဂတိအမှု ၄ မှုတွင် တရားလိုသက်သေအဖြစ် တင်မည်ဟု စစ်ကောင်စီက အသိပေးကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။

အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခမဲ့သင်တန်းများပေးသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လရောင်တောစီမံကိန်းများ၏ မြေ၊ အဆောက်အအုံ ကိစ္စများတွင် အဂတိမကင်းလုပ်ဆောင်သည်ဟု ဆိုကာ စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများဖြစ်သည်။

ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ရန်ကုန်တွင် ၁ မှု၊ နေပြည်တော်တွင် ၃ မှု ခွဲ၍ စစ်ကောင်စီက အမှုဖွင့်ကာ နေပြည်တော်၌ပင် သီးသန့်စစ်ဆေးနေခြင်းဖြစ်သည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး တစ်ပတ်ဝန်းကျင်ကတည်းက မိခင်ကို ရည်စူး၍ ဒေါ်အောင်ဆန်းစုကြည် ထူထောင်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးမှ စာရွက်စာတမ်းများ၊ ကွန်ပျူတာနှင့် ဘဏ်စာအုပ်များ သိမ်းဆည်းခံရသည်ဟု Myanmar Now က သတင်းဖော်ပြပြီးဖြစ်သည်။

ထိုစဉ်က ထိန်းသိမ်းစစ်ဆေးခံနေရသည်ဟု သတင်းထွက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဒေါက်တာသန့်သော်ကောင်းမှာ အာဏာသိမ်းချိန် တစ်နှစ်ပြည့်ခါနီးတွင် စစ်ကောင်စီ၏ တရားလိုအဖြစ် လာမည့်ရုံးချိန်း (ဇန်နဝါရီ ၂၁)တွင် တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်။

လက်ရှိတွင် ဒေါက်တာသန့်သော်ကောင်း မည်သို့သောအခြေအနေရှိနေသည်ကိုမူ အတည်မပြုနိုင်သေးပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အထူးယုံကြည်သည်ဟု သတင်းကြီးခဲ့သူများထဲမှ စစ်ကောင်စီဘက်မှ သက်သေဖြစ်လာသူများထဲတွင် ဒေါက်တာသန့်သော်ကောင်းသည် ဒုတိယမြောက်ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား ရွှေနှင့် ငွေများ ပေးခဲ့ရသည်ဟု ၂၀၂၁၊ အောက်တိုဘာလကတည်းက စစ်ကောင်စီ၏ အဓိကသက်သေအဖြစ် ထွက်ဆိုထားသည်။

အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်း လိမ်လည်ထွက်ဆိုသည်ဟု တုံ့ပြန်ခဲ့ဖူးသည်။ ဒေါက်တာသန့်သော်ကောင်းနှင့် ပတ်သက်သည့် မှတ်ချက်ကိုမူ ၎င်းထံမှ မကြားရသေးပေ။

စစ်ကောင်စီဘက်မှ ဦးဖြိုးမင်းသိန်း သက်သေထွက်ချိန်တွင် ဖမ်းဆီးခံထားရသူဖြစ်၍ ၎င်း၏ အနေအထားကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိမရှိ မခန့်မှန်းနိုင်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးက မှတ်ချက်ပြုထားသည်။

“တရားရုံးတွေမှာ မမှန်သက်သေခံမှုတွေက တအားများတယ်။ ဒီခေတ်ကြီးထဲမှာဆိုရင် ပိုပြီး သိသာနိုင်တယ်။ အတင်းအဓမ္မနှိပ်စက်ပြီးတော့ သက်သေခံခိုင်းတဲ့ဟာတွေ၊ ခြိမ်းခြောက်နှိပ်စက်ပြီး သက်သေခံခိုင်းတာတွေ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် စွဲဆိုသည့်အမှုပေါင်း ၁၆ မှုအထိ ရှိလာပြီဖြစ်သည်။ ထိုအထဲမှ အမှု ၅ မှုဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။

တရားစွဲထားသည့် အမှုများထဲတွင် အဂတိဆိုင်ရာ စွပ်စွဲချက် ၁၀ မှုထိ ပါဝင်သည်။ ရွေးကောက်ပွဲမသမာမှုဖြင့် အမှုဖွင့်ထားသေးသည်ဟု စစ်ကောင်စီက ပြောထားသော်လည်း အသေးစိတ်မသိရသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button