လောင်းလုံးက စိန်ခေါ်ချက်တစ်ခုကတော့ လက်သံပြောင်ပါတယ်။
“သတ္တိရှိလို့ ဆန္ဒပြထွက်တာ၊ သတ္တိရှိရှိ ယူနီဖောင်းဝတ်ပြီးမှ လာဖမ်း” ဆိုပြီး လောင်းလုံးမြို့နယ်က ဆန္ဒပြစစ်ကြောင်းတစ်ခုက စိန်ခေါ်လိုက်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဆန္ဒပြစစ်ကြောင်းကို ဖြိုခွဲဖမ်းဆီးတဲ့နေရာမှာ အရပ်သားပုံစံနဲ့ ချဉ်းကပ်လာပြီးမှ ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးနေတာပါ။
အဲဒါကြောင့် လောင်းလုံးမြို့နယ်က ဆယ်ကျော်သက် ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းက စစ်ကောင်စီကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ အထက်ပါအတိုင်း စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်က လူငယ်တွေဟာ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးကတည်းကနေစပြီး ၈ လထဲ ဝင်လာပြီဖြစ်တဲ့ ဒီနေ့အချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ပုံစံအမျိုးမျိုးနဲ့ လမ်းပေါ်ထွက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ အသေးဆုံးမြို့နယ်ဖြစ်တဲ့ လောင်းလုံးဟာ အရင်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲမဖြစ်ခဲ့တဲ့ နေရာ၊ အဖြူရောင်နယ်မြေအဖြစ် ထင်ရှားပါတယ်။ အခုလည်း လသားအရွယ်သာ ရှိသေးတဲ့ မြို့နယ်လူထုကာကွယ်ရေးတပ်ဖွဲ့ ပေါ်လာပေမဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအသွင် မရှိသေးပါဘူး။
ဒါပေမဲ့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်၊ ရှင်းလင်းမှုတွေကြောင့် လူဦးရေ တစ်သိန်းကျော်လောက်သာ ရှိတဲ့ လောင်းလုံးမြို့နယ်မှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ အရပ်သားတွေ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ကလေးငယ်တွေ၊ စစ်တပ်သတင်းပေး ဒလန်ဆိုသူတွေ စုစုပေါင်း ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
ထားဝယ်မြို့ရဲ့ အနောက်ဘက် ထားဝယ်မြစ် တစ်ဖက်ကမ်းက လောင်းလုံးကျွန်းဆွယ် သေးသေးလေးမှာ အမျိုးမျိုးသော ဖိနှိပ်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပေမဲ့ မြို့နယ်သပိတ်ခံတပ်ကတော့ ဆက်မြဲနေဆဲပါ။ သူတို့အဆိုအရ အလံမလိပ်၊ အသံမတိတ်သေးတဲ့ လှုပ်ရှားမှုပါ။
လောင်းလုံး ခံတပ်အစ
ထားဝယ်မြို့ပေါ်က သိန်းချီတဲ့ လူထုသပိတ်စစ်ကြောင်းကြီးကို လူသေဆုံးမှုဖြစ်တဲ့အထိ လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက် နောက်ပိုင်းရက်တွေမှာ မြို့ပေါ်သပိတ်စစ်ကြောင်းတွေဟာ နေ့စဉ်ပစ်ခတ်ဖြိုခွင်းခံလာရပါတော့တယ်။
အဲဒီနေ့က ထားဝယ်မြို့ပေါ်မှာ သေဆုံးသူလေးဦးရှိပါတယ်။ သူတို့တတွေကတော့ ထားဝယ်မြို့နေ ကိုလွင်လွင်ဦးနဲ့ ကိုသန်းဝင်း၊ ရေဖြူမြို့နယ် ပုဂေါဇွန်းရွာနေ ကိုဖေသန်း၊ လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာနေ ကိုဗညားအောင်တို့ ဖြစ်ပါတယ်။
နောက်ပိုင်းရက်တွေ နေ့တိုင်းပစ်ခတ်ဖမ်းဆီးရာမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက ကိုကျော်ထွေး၊ ကိုအောင်ဝေယံကျော်တို့ အပါအဝင် ဦးဆောင်သူကော်မတီဝင်တွေလည်း ဆက်တိုက် ဖမ်းဆီးခံလာရပါတယ်။ မြို့ပေါ်က လမ်းဆုံလမ်းခွ၊ စာသင်ကျောင်း၊ ဆေးရုံစတဲ့ အချက်အချာကျတဲ့နေရာတွေမှာလည်း စစ်တပ်က တပ်စွဲလိုက်ပါတယ်။ မြို့ဝင်ထွက်ဂိတ်တွေမှာ အထိုင်ချပြီး စစ်ဆေးမှုတွေ လုပ်ဆောင်လာပါတယ်။
လောင်းလုံးမြို့နယ်ဘက်က ကမြောကင်းတံတား၊ ရေဖြူမြို့နယ်ဘက်အထွက် အိမ်ရှေ့ပြင်ရပ်ကွက်၊ သရက်ချောင်းမြို့နယ်အထွက် ပေါက်တိုင်းတံတား၊ မေတ္တာအရှေ့တောနယ်ဘက်က ဗျောတောဝဂိတ် အဲဒီအဓိက မြို့အဝင်ထွက်လေးနေရာတွေကို တားဆီးပြီး စစ်ဆေးတင်းကျပ်လာပါတယ်။
တိုတိုပြောရမယ်ဆိုရင်တော့ အဖမ်းအဆီးများလာပြီး သပိတ်ခေါင်းဆောင်တွေနဲ့ လူသိများသူတွေ ပုဒ်မတပ် ဖမ်းဝရမ်းထုတ်ခံရပါတယ်။
ထားဝယ်မြို့ပေါ်က သပိတ်စစ်ကြောင်းတွေ မလှုပ်သာတော့တဲ့အနေအထားဖြစ်လာတဲ့ နောက်ပိုင်းမှာတော့ သပိတ်ခေါင်းဆောင်တွေနဲ့ လူငယ်အချို့ဟာ စစ်အာဏာရှင်တော်လှန်ဖို့အတွက် အဓိကလမ်းကြောင်းနှစ်ခု ခွဲထွက်သွားပါတော့တယ်။
အချို့က အကြမ်းမဖက်လူထုလှုပ်ရှားမှုအစား ဓားဓားချင်း၊ တုတ်တုတ်ချင်းဆိုတဲ့အတိုင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့လမ်း ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲ ဝင်သွားကြပါတယ်။
ထားဝယ်ခရိုင် လေးမြို့နယ်ရှိတဲ့အထဲက လောင်းလုံးမြို့နယ်ကလွဲပြီး ကျန်တဲ့ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်တွေက အချို့နေရာတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေရှိပါတယ်။
လက်ရှိ လောင်းလုံးဆန္ဒပြစစ်ကြောင်း ဦးဆောင်သူတစ်ဦးကတော့ လက်နက်မကိုင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
“ကိုယ့်ကိုယ်ကိုပြန်ပြီး သုံးသပ်လိုက်တဲ့အချိန်မှာ ကိုယ်က လက်နက်ကိုင်လို့နိုင်လားပေါ့၊ လက်နက်ကိုင်လို့မနိုင်ဘူး။ ဒါဆိုဘာလုပ်ကြမလဲလို့ စဉ်းစားတဲ့အချိန်မှာ အကြမ်းမဖက်လူထုလှုပ်ရှားမှုမှတစ်ပါး အခြားမရှိဘူး။ လက်နက်ကိုင်နိုင်တဲ့သူက ကိုင်ကြ၊ အကြမ်းမဖက်လူထုလှုပ်ရှားမှုကို လုပ်တဲ့သူက လုပ်ကြပေါ့” လို့ အဲဒီ အမျိုးသားက ပြောပါတယ်။
ဒီလိုနဲ့ ထားဝယ်မြို့ပေါ် သပိတ်စစ်ကြောင်းတွေ အားပျော့လာတဲ့အချိန်မှာ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ သပိတ်စစ်ကြောင်းတွေ အားကောင်းလာခဲ့ပါတယ်။ ကျေးရွာသပိတ်ကော်မတီတွေဖွဲ့၊ အဲဒီနောက် မြို့နယ်သပိတ်ကော်မတီ၊ အခြေခံပညာကျောင်းသားသပိတ်ကော်မတီ၊ လူငယ်သပိတ်ကော်မတီတွေဖွဲ့ပြီး နံနက်မိုးသောက်သပိတ်မှသည် ညသပိတ်အထိ ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ကို လောင်းလုံးမြေကနေ ဆန္ဒပြတော်လှန်ကြပါတော့တယ်။

လောင်းလုံးသပိတ်စစ်ကြောင်းက လူငယ်နှစ်ဦး
ရာဇသတ်ကြီးပုဒ်မ ၅၀၅ အပါအဝင် အခြားပုဒ်မမျိုးစုံနဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ဒီနေ့အထိ အဖမ်းမခံရသေးတဲ့ လူငယ်နှစ်ဦးက လောင်းလုံးမြို့နယ်က သပိတ်စစ်ကြောင်းတပ်ဦးတွေမှာ တွေ့ရလေ့ရှိပါတယ်။
သူတို့နှစ်ဦးကတော့ ကိုမင်းလွင်ဦးနဲ့ ကိုဝေယံစိုးတို့ပဲဖြစ်ပါတယ်။
ကိုမင်းလွင်ဦးဟာ တစ်ချိန်က ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဦးဆောင်သူတစ်ဦးဖြစ်ခဲ့ပြီးတော့ စစ်အာဏာသိမ်းချိန်မှာ အစိုးရဝန်ထမ်းအဖြစ်ကနေ နုတ်ထွက်ပြီး ထားဝယ်သပိတ်စစ်ကြောင်းတပ်ဦးကနေ ဦးဆောင်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။
ကိုဝေယံစိုးကတော့ ထားဝယ်ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီးတော့ စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ မူလတန်းကျောင်းဆရာဘဝကို စွန့်ပြီး ထားဝယ်သပိတ်တပ်ဦးမှာ ပါဝင်လာတဲ့သူတစ်ဦးဖြစ်ပါတယ်။
ကိုဝေယံစိုးရဲ့ စစ်ပြဲကျေးရွာက နေအိမ်ကို အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တတိယအကြိမ်မြောက်ဝင်ရှာခဲ့ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လောင်းလုံးဆန္ဒပြစစ်ကြောင်းတွေမှာ သူတို့နှစ်ဦး အမြဲတစေ မပါနိုင်တော့ပါဘူး။
လောင်းလုံးဆန္ဒပြမှု ဖြိုခွင်းခံရခြင်း
ဧပြီ၊ မေ ကာလတွေဟာ လောင်းလုံးမြို့နယ်က ကျေးလက်ဆန္ဒပြမှုတွေ အားကောင်းတဲ့အချိန်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒေသခံတွေ ရာထောင်ချီ ပါဝင်ဆန္ဒပြကြတဲ့အထိ အားကောင်းခဲ့ပါတယ်။
ဇွန် ၁၁ မှာတော့ လောင်းလုံးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ညမထွက်ရ၊ လူငါးဦးထက် ပိုမစုရဆိုတဲ့ တားမြစ်ချက်တွေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်နေတာလည်း ဒီကနေ့အထိ ကြံ့ကြံ့ခံရှိနေဆဲဖြစ်ပါတယ်။
“ဒီလိုလူထုလှုပ်ရှားမှုတွေက စစ်ကောင်စီကို အလုပ်ရှုပ်စေတယ်။ လူထုရဲ့စိတ်ဓာတ်တွေကိုလည်း နှိုးဆွပေးနေနိုင်တယ်။ တစ်ဖက်မှာရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေကို ဝန်းရံပေးဖို့ လူထုက အဆင်သင့်ရှိနေဖို့အတွက် ဒီလူထုလှုပ်ရှားမှုကနေပြီး နှိုးဆွပေးနိုင်အောင် ဒီနေ့အထိ လူထုလှုပ်ရှားမှုတွေလုပ်နေရတာ” လို့ ကိုဝေယံစိုးက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ လက်နက်မကိုင်ပေမဲ့လည်း အကြမ်းဖက်တုံ့ပြန်ခံရပါတယ်။
ဇွန် ၂၅ မှာတော့ စစ်ကောင်စီတပ်သားတွေက လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာမှာရှိတဲ့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (Youth Development Institute) ကို ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာသင်တန်းတက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအားလုံး ထွက်ပြေးလွတ်မြောက်သွားပေမဲ့ သူတို့ရဲ့ ဆိုင်ကယ်တွေအားလုံး အသိမ်းခံလိုက်ရပါတယ်။ သင်တန်းကျောင်းသုံးပစ္စည်းတွေလည်း ဖျက်ဆီး၊ သိမ်းဆည်းခံခဲ့ရပါတယ်။
၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းက ကျေးရွာက လူငယ်တွေ ကိုယ်ထူကိုယ်ထတည်ထောင်ခဲ့ပြီး လူငယ်စွမ်းရည်မြှင့်သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ သင်တန်းကျောင်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မျက်မုန်းကျိုးတဲ့ဒဏ်နဲ့ အဖိနှိပ်အခံရဆုံးရွာတွေ၊ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်ဖျက်ဆီးမှုတွေ လုပ်ဆောင်ခြင်းခံရတဲ့ ရွာကတော့ အောက်ရေဖြူကျေးရွာအုပ်စု၊ စစ်ပြဲ၊ ညင်းမော်၊ ဝေဒီ၊ အင်းဇောက်၊ ပန်းတလဲ၊ သဘော့ဆိပ်ကျေးရွာအုပ်စု၊ ပန်းတင်အင်း၊ မောင်းမကန် စတဲ့ ကျေးရွာတွေလို့ ဆိုရမှာပါ။ ဆန္ဒပြရာမှာပါတဲ့ အဲဒီဒေသခံတွေတော်တော်များများ အဖမ်းခံရသလို ဆိုင်ကယ်တွေလည်းအသိမ်းခံရတဲ့ ဖြစ်စဉ်တွေ၊ အိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး အဖိုးတန်ပစ္စည်းတွေ ငွေကြေးတွေယူဆောင်တာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာတော့ ဖော်ပြပါကျေးရွာတွေဟာ သပိတ်စစ်ကြောင်းထွက်တဲ့နေရာမှာရော တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် လူသိများတဲ့ရွာတွေဖြစ်ပါတယ်။
အောက်ရေဖြူကျေးရွာအုပ်စုမှာဆိုရင် စစ်တပ်က မကြာခဏ လာရောက်တပ်စွဲပြီး ဆန္ဒပြတာကို ဖြိုခွင်းနေတယ်လို့ လောင်းလုံးဆန္ဒပြစစ်ကြောင်းမှာ ပါဝင်သူ ကိုဝေယံစိုးက ပြောပါတယ်။
“အကြမ်းဖက်ဖြိုခွင်းတာကတော့ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ် အမြဲတမ်းလုပ်နေကျအလုပ်တွေပဲလေ။ သူတို့မိုက်လို့ ကိုယ်လိုက်မိုက်ရမယ်ဆိုတဲ့စိတ် ကျွန်တော်တို့မှာ မရှိဘူး” လို့ ကိုဝေယံစိုးက ပြောပါတယ်။

ကျောင်းသားသမဂ္ဂအလံ ကိုင်ဆောင်ပြီး ဆန္ဒပြနေကြသော တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ ဒေသခံများ
ထိခိုက်သေဆုံးမှုများ
တနင်္သာရီတိုင်းထဲ အားအကောင်းဆုံးနဲ့ အရှည်ကြာဆုံး လူထုဆန္ဒပြမှု တည်ရှိရာ လောင်းလုံးမှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်တာမျိုးတွေလည်း ရှိပါတယ်။
အနီးဆုံးဖြစ်စဉ်ကတော့ အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာမှာ စက်တင်ဘာလ ၁၇ ရက်က ပစ်သတ်ခံရတဲ့ ၁၇ နှစ်အရွယ် မောင်ရင်မောင်သန့်ရဲ့ အဖြစ်အပျက်ပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကဒက်ငယ်ထိန်တောင်ဘုန်းကြီးကျောင်းကို သွားရာကနေ ပစ်ခတ်ခံရတာလို့ ဖခင်ဖြစ်သူက ပြောပါတယ်။
“သေနတ်ဒဏ်ရာ ရှစ်ချက်လောက်ထိပြီး သေသွားတာပါ” လို့ ဖခင်ဖြစ်တဲ့သူက ဆိုပါတယ်။
နောက်တစ်နေ့မှာလည်း အောက်ရေဖြူကျေးရွာအုပ်စု၊ ဂေါ့အင်းကျေးရွာမှာ စစ်တပ်က လမ်းသွား၊ လမ်းလာလူငယ်နှစ်ယောက်ကို နောက်ကနေ လိုက်ပစ်တာကြောင့် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
မေလ ၁ ရက်နေ့မှာတော့ ရော်ဘာခြစ်ရာကနေ ပြန်လာတဲ့ စစ်ပြဲကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုအောင်သူကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။ သူ့ရဲ့အလောင်းကို မိသားစုဝင်တွေ သင်္ဂြိုဟ်ခွင့်မရကြဘူးလို့ ဆွေမျိုးတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က အမျိုးသမီးတွေကို ပစ်သတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု ချောင်းဝပြင်ရွာက ကလေးမိခင် နှစ်ဦးဖြစ်တဲ့ ဒေါ်ဆန်းပိုနဲ့ မအေးချိုတို့ဟာ မေလ ၃၁ ရက်က စစ်သားတွေ ရွာထဲ ကားနဲ့ ညဘက်ရောက်လာချိန် ကြောက်လန့်ပြီး ပင်လယ်ဘက်ကို ထွက်ပြေးရာမှာ စစ်သားတွေက ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ရုပ်အလောင်းကိုလည်း သင်္ဂြိုဟ်ခွင့်မရခဲ့ဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။
စစ်တပ်က ပစ်သတ်တယ်ဆိုတဲ့ ဒေသခံတို့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းလို့ မရသေးသလို သူတို့ရဲ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာလည်း ဒီဒေသတွင်းဖြစ်ရပ်တွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
လောင်းလုံး PDF
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ကို လောင်းလုံးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်အားစုတွေ အားလုံးစုပေါင်းပြီးတော့ ဖွဲ့စည်းခဲ့တယ်လို့ စက်တင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မတိုင်ခင်က လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ပေါင်းစု (LPSF) ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားခဲ့တာပါ။ လောင်းလုံးမြို့နယ်က စစ်တပ်သတင်းပေး ဒလန်ဆိုတဲ့သူတွေ၊ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ပါတယ်လို့ အဲဒီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာက စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ အသက် ၇၀ ကျော်အရွယ် ဦးအောင်ကြည် ခေါ် ဒူလန်း၊ သဘော့ဆိပ်ကျေးရွာအုပ်စုရဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးဇော်မျိုးဦးတို့ကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ LPSF က ထုတ်ပြန်ထားပါတယ်။
LPSF ထုတ်ပြန်ချက်မှာတော့ ဦးအောင်ကြည်က စစ်တပ်သတင်းပေးသူဖြစ်ပြီး ဦးဇော်မျိုးဦးကတော့ လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်တာကြောင့် သုတ်သင်ခဲ့တာလို့ ဖော်ပြပါတယ်။
ဦးဇော်မျိုးဦးဟာ ထားဝယ်ခရိုင်ထဲက အကြီးဆုံးငါးဈေးတည်ရှိတဲ့ သဘောဆိပ်ပင်လယ်ကမ်းခြေရွာမှာ လက်နက်ကိုင်ကာ ထင်သလို ရမ်းကားတတ်သူလို့ ထင်ရှားပြီး သူ့ကြောင့် ရွာမှာ လုပ်ကိုင်စားသောက် သွားလာရန် အခြေအနေ ကျပ်တည်းလာသည်အထိ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်သည်မပေါ်ဘဲ အသတ်ခံရတဲ့အမှုများ
ဒလန်လို့ စွပ်စွဲခံသူတချို့ လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရတဲ့သူတွေလည်းရှိသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ သဘော့ဆိပ်ပြင်ကြီးရွာသား ရွာအခေါ် ဦးလတ်ကော်၊ အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာသား ဦးအေးမြင့်၊ မင်းရပ်ကျေးရွာမှ လင်မယားနှစ်ဦး၊ သဘော့ဆိပ်ကျေးရွာအုပ်စုမှ ဦးစောလှ၊ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဉာဏ်သိန်း (ခ) ဦးအာလူးတို့ လက်သည်မပေါ်ဘဲ အသတ်ခံကြရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ ၂၁ ရက်ကလည်း ကမြောကင်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးရဲ့အသက် ၁၃ နှစ်အရွယ် တူမသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗုံးထောင်ခဲ့တယ်လို့ ယူဆရတဲ့ မြောကင်းရွာသားတစ်ယောက်ကို ဖမ်းမိထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမဲ့ ဒေသခံတွေကတော့ စွပ်စွဲပြီး အမှုဆင်ခံရတာလို့ ပြောဆိုကြပါတယ်။
မောင်းမကန်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဇွန်လ ၁၄ ရက်က ပစ်ခတ်ခံရပါတယ်။ ဘယ်သူပစ်ခတ်တယ်၊ ထိခိုက်မှုအခြေအနေ ဘယ်လိုရှိတယ် ဆိုတာကိုလည်း စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။
ဒီလိုပဲ အင်းဇောက်ကျေးရွာအုပ်စု ဝဗျောရွာသား NLD ပါတီဝန်းရံသူ ဦးသက်မိုးလည်း စက်တင်ဘာ ၁၀ မှာ ပစ်သတ်ခံခဲ့ရပါတယ်။ ဒေသခံတွေကတော့ ပျူစောထီးအဖွဲ့ရဲ့ လက်ချက်လို့ ထင်ကြေးပေးကြပါတယ်။
လောင်းလုံးမြို့နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမရှိလို့ အခုချိန်ထိ ဒေသခံ PDF တွေနဲ့လည်း တိုက်ပွဲအသွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာ မရှိသေးပါဘူး။ မြို့နယ်ထဲမှာ ရဲကင်းစခန်းသုံးခု၊ မြို့မရဲစခန်းတစ်ခု၊ လေကြောင်းကာကွယ်ရေးတပ်စခန်းတစ်ခု၊ အမှတ် ၁၀၄ ခြေလျင်တပ်ရင်းတစ်ရင်းတို့ရှိပါတယ်။
အကျပ်အတည်းအမျိုးမျိုးကြားကပဲ လမ်းပေါ်ထွက် ဆန္ဒပြတာကို လောင်းလုံးမြို့နယ်မှာ တွေ့နေရပါတယ်။
အာဏာရှင်ကို တော်လှန်တဲ့နေရာမှာတော့ ကျိန်းသေ ခက်ခဲကြမ်းတမ်းမှာဖြစ်ပြီးတော့ ပြည်သူတွေရဲ့ အသက်တွေ ပေးဆပ်ရမှာဖြစ်သလို အဖမ်းခံရပြီး ထောင်ကျတဲ့ဖြစ်စဉ်တွေဟာလည်း ရှောင်လွှဲမရတဲ့ အချက်တွေဖြစ်တယ်လို့ ကိုဝေယံစိုးက ပြောပါတယ်။
“ဘယ်သူ့ကိုမှလည်း ထောင်ထဲ မရောက်စေချင်ဘူး။ ဘယ်သူ့ကိုမှလည်း အသက်မသေစေချင်ဘူး။ ဒါပေမယ့်လည်း တော်လှန်ရေးလို့ ပြောလိုက်တာနဲ့ ခရီးကတော့ ကြမ်းမှာပဲ။ အသက်ပေးရတာတွေ၊ ထောင်ကျတာတွေ ရှိမှာပဲ။ အဲဒါက တော်လှန်ရေးရဲ့ သဘောသဘာဝပဲ” လို့ သူက ဆိုပါတယ်။
လောင်းလုံးတော်လှန်မြေ
ပြည်တွင်းပြည်ပ ခရီးသွားတွေ အလာများချိန်က ဒါဇင်နဲ့ချီတဲ့၊ လူသူအရောက်အပေါက် မရှိသေးတဲ့ ကမ်းခြေတွေ၊ ကျွန်းတွေနဲ့ ထင်ရှားတဲ့ လောင်းလုံးဟာ အခု စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးမှာ ပုံစံတစ်မျိုးနဲ့ လူအများကြား သတိထားမိစရာ ဖြစ်လာပါတယ်။
လောင်းလုံးမြို့နယ်အတွင်း မြို့လယ်ဆန္ဒပြမှု၊ လမ်းမကြီးတွေပေါ်က ဆန္ဒပြမှု၊ ရွာတွင်းလမ်းပေါ်က ဆန္ဒပြမှု၊ ဈေးတွင်း ဆန္ဒပြမှု၊ ဥယျာဉ်ထဲက ဆန္ဒပြမှု၊ ကမ်းခြေသောင်ယံပေါ်က ဆန္ဒပြမှု၊ ရေတံခွန်ထဲက ဆန္ဒပြမှု စတဲ့ ကျေးလက်ကို အခြေခံတဲ့ ဆန္ဒပြမှုပုံစံ အမျိုးမျိုးဟာ ဒီနေ့အထိ ဆက်ရှိနေဆဲပါ။ စစ်အာဏာရှင်တွေကို အလုပ်ရှုပ်စေဆဲပါ။
ဆန္ဒပြလှုပ်ရှားမှုတွေကို ကျောင်းသားလူငယ်၊ အမျိုးသမီး၊ ရပ်သူရွာသား လူငယ်တွေက အဓိက စုစည်းလုပ်ဆောင်ကြတာကို တွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီး ရှစ်လကျော်အကြာ အောက်တိုဘာလ ၂ ရက်နေ့အထိ လောင်းလုံးသပိတ်ခံတပ်ဟာ ပုံစံအမျိုးမျိုးနဲ့ ဆက်ပြနေဆဲပါ။ အဲဒီနေ့မှာတော့ အမျိုးသမီး ငါးဆယ်လောက်ပါဝင်တဲ့ ဆန္ဒပြပွဲကို ရွာလယ် ကွန်ကရစ်လမ်းမတစ်ခုပေါ်မှာ ဆင်နွှဲခဲ့ကြပါတယ်။ ‘နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု’ လို့ အမည်ပေးထားတဲ့ အဲဒီသပိတ်မှာ အနီရောင်အင်္ကျီတွေ အများစုဝတ်ဆင်ပြီး နှင်းဆီပန်းတွေ ကိုင်စွဲကာ ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
“ဒို့ အမျိုးသမီးတွေ ဦးဆောင်၊ အရေးတော်ပုံကြီး အပြီးအောင်” ဆိုတဲ့ ကြွေးကြော်သံနဲ့ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p



