သတင်း

စိုက်ပျိုးရေးသိပ္ပံမှ ၇ ဦးကို ဖမ်းထားကြောင်း လောင်းလုံးပအဖအဖွဲ့ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး အပါအဝင် စုစုပေါင်း ၇ ဦးကို ဖမ်းဆီးထားသည်ဟု စစ်ကောင်စီကို တော်လှန်နေသော ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အတည်ပြုသည်။

လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမ မိသားစုနှင့် ဒုကျောင်းအုပ်၊ ဆရာဆရာမများကို ၂၀ ရက်နေ့တွင် ခေါ်ယူထားခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးပအဖအဖွဲ့ဝင်တစ်ဦးက ယနေ့ (ဇူလိုင် ၂၇) တွင် ပြောသည်။

“ထိန်းသိမ်းထားတာ ဟုတ်ပါတယ်။ ပြန်လွှတ်ဖို့အတွက်က စစ်တပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လုံခြုံရေးရှုထောင့်၊ စစ်ရေးအရ သတင်းပေါက်ကြားမှု ဖြစ်မှာစိုးလို့ ပြန်လွှတ်မပေးသေးဘဲ ထိန်းသိမ်းထားတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်လာပါက ပြည်သူလူထု ထိခိုက်နစ်နာနိုင်သဖြင့် စစ်ကောင်စီ၏ အမှတ် (၁၀၄) ခြေလျင်တပ်ရင်းနှင့် နီးကပ်စွာ တည်ရှိနေသော စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဖွင့်လှစ်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့သည်ဟုလည်း ပအဖတာဝန်ရှိသူက ပြောသည်။

“ကျောင်းအုပ်တွေ ဆရာဆရာမတွေကို အသိပေးထားတာရှိတယ်။ စာတွေ ပေးပို့ထားတာရှိတယ်။ ဘာကြောင့် ကျောင်းမဖွင့်ဖို့ ဆိုတာကိုလည်း သတိလည်း ပေးတယ်”

၁၂ နှစ်သား အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ဘေးကင်းလုံခြုံကြောင်း သက်ဆိုင်ရာ မိသားစုဝင်များကို အသိပေးထားသည်ဟုလည်း ပအဖတာဝန်ရှိသူက ပြောသည်။

ထို ၇ ဦးမှာ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်၊ ၎င်း၏ ခင်ပွန်းနှင့် ၁၂ နှစ်အရွယ် သား၊ ဒုကျောင်းအုပ်ဆရာ၊ ကထိကဆရာမတစ်ဦး၊ အခြားလက်ထောက်ဆရာမနှစ်ဦးတို့ ဖြစ်သည်။

ကျောင်းသားကျောင်းသူ ၆၀ ခန့် တက်ရောက်နေသည့် စိုက်ပျိုးရေးကျောင်းတွင် ဝန်ထမ်းနှင့် ဆရာဆရာမအရေအတွက် ၂၀ ခန့်ရှိသည်ဟုလည်း ပအဖအဖွဲ့ထံမှ သိရသည်။

စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ် အပါအဝင် ၇ ဦး ဖမ်းဆီးခံထားရကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပြီး  စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဥစီးမှူးတစ်ဦး သတ်ဖြတ်ခံရသည်ဟုလည်း ထိုထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါကျောင်း၌ စာသင်ပေးနေသည့် လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှုး ဦးသိန်းဦးကို ယခုလ ၂၂ ရက်နေ့တွင် နေအိမ်၌ လာရောက်ဖမ်းဆီးကာ အိမ်ရှေ့ဘက်ရှိ ဆီအုန်းခြံအတွင်း ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏  ယခုလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဦးသိန်းဦးသည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူလူထုထံမှ ဆက်ကြေးကောက်သူဖြစ်သည်၊ ရပ်တန့်ရန် သတိပေးထားသော်လည်း မလိုက်နာသဖြင့် သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများ ဝင်ထွက်သွားလာရာ ဒေသများ၌ နှစ်ဖက်လုံးက ထုတ်ပြန်ထားသည့် စည်းကမ်းချက်ကို ဒေသခံများလိုက်နာရန် ခက်ခဲကြောင်း၊ စိုက်ပျိုးရေးသိပ္ပံမှ ဆရာဆရာမများနှင့် ပတ်သက်၍ ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု မျှော်လင့်ရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုမိုးသွေးက မှတ်ချက်ပြုသည်။

“တော်လှန်ရေးကာလအတွင်း မဖြစ်မနေ ဖမ်းဆီးရတဲ့အခါမှာ ဒီဟာကို လက်ခံတယ်ဆိုတာမျိုး မဟုတ်ပေမဲ့ ကျွန်တော်တို့အနေနဲ့ ဆန့်ကျင်ရခက်ပါတယ်။ သို့သော်လည်း အရေးကြီးတာက လက်လွန်ခြေလွန် မဖြစ်ဖို့ လိုတယ်။ ဥပဒေမဲ့ ရမ်းကားမှု မဖြစ်ဖို့ လိုပါတယ်”

လက်ရှိတွင် စစ်ကောင်စီက လောင်းလုံးမြို့နယ်အတွင်းကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူလူထုကို လူသားဒိုင်းပုံစံမျိုးဖြင့် ဖမ်းဆီးခြင်းများ ရှိနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကျောင်းရှိ ဆရာ/ဆရာမများကို လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ထားခဲ့ပြီ ဖြစ်ကြောင်း ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် လောင်းလုံးပကဖက သတင်းထုတ်ပြန်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button