အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတွင် မီးရှို့ထားသည့် အလောင်းတစ်လောင်းတွေ့ရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာတွင် နှစ်ရက်ကြာတပ်စွဲခဲ့သော စစ်ကောင်စီတပ် ပြန်ထွက်သွားချိန်တွင် မီးလောင်ထားသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိရသည်ဟု ဒေသခံများထံမှ သိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ထယ်လှော်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်တပ်စွဲခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၃) ညနေ ၅ နာရီခန့် စစ်တပ်ပြန်ထွက်သွားချိန်တွင် လူသေအလောင်းနှင့် နေအိမ် ၉ လုံး မီးလောင်ထားသည်ကို ရွာသားများ တွေ့ရှိခဲ့သည်။

“လူသေအလောင်းကို အိမ်ထဲထည့်ပြီး မီးရှို့ထားခဲ့ပါတယ်။ အလောင်းက ဦးခေါင်းခွံတို့ ခြေထောက်တို့ ကျန်တယ်ဗျ။ တအားမီးမလောင်တဲ့ နေရာလေးတွေ။ လူဆိုတာတော့ သေချာတယ်ခင်ဗျ။ ရွာအနောက်ပိုင်း ဦးဝင်းတင်အိမ်မှာ လုပ်ထားခဲ့တယ်” ဟု ထယ်လှော်ရွာခံတစ်ဦးက ယနေ့ (အောက်တို ဘာ ၄) တွင် Myanmar Now ကို ပြောသည်။

စစ်တပ်ပြန်ထွက်သွားပြီးနောက် တောထဲသို့ ထွက်ပြေးပုန်းအောင်းနေရာမှ ရွာပြန်လာချိန် လူစစ်နေဆဲဖြစ်သဖြင့် မီးလောင်ထားသည့် လူသေအလောင်းမှာ မည်သူမည်ဝါ မသိရသေးကြောင်းလည်း အထက်ပါ ဒေသခံက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်သည် တိုက်အိမ်နှစ်လုံးနှင့် ပျဉ်ထောင်အိမ် ၇ လုံးကို မီးရှို့ခဲ့သည့်ပြင် ရွာဘုန်းကြီးကျောင်းရှိ နာရေးကားတစ်စီးနှင့် အိမ်စီးကားတစ်စီးကိုလည်း ယူဆောင်သွားခဲ့သည်ဟု ထယ်လှော်ရွာခံ အခြားသူတစ်ဦးက ပြောသည်။

စစ်တပ်က ရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့သည့်ပြင် ဒေသခံများမွေးမြူထားသည့် ဝက်များကို သတ်ဖြတ်စားသောက်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

“ပစ္စည်းတွေဝင်မွှေတာတို့ အိမ်ပေါက်တွေကို ရိုက်ချိုးပြီးဝင်တာတို့ အဲ့လိုမျိုးတွေရှိတယ်ဗျ။ သေတ္တာတွေ၊ ဗီရိုတွေ မွှေထားခဲ့တာ အဲ့လိုမျိုးတွေရှိတယ်။ ရွာထဲမှာ ဝက်တွေလဲ သတ်စားကြတယ်။ ဟင်းတွေချက်စားတာတွေ အဲ့လိုမျိုးတွေရှိတယ်” ဟု အထက်ပါ ထယ်လှော်ရွာခံ အမျိုးသားက ပြောသည်။ 

စစ်ကောင်စီတပ်က ထယ်လှော်ရွာ၌ တပ်စွဲထားစဉ်အတွင်း နေအိမ်များကို မီးရှို့သည့်ပြင် ရွာသူရွာသားများ ပုန်းအောင်းနေရာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ထယ်လှော်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်ပြင် ဒေသခံရွာသားတစ်ဦးနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ 

အိမ်ခြေ ၃၀၀ နီးပါးနှင့် လူဦးရေ တစ်ထောင်ဝန်းကျင်ရှိ ထယ်လှော်ရွာတွင် ယနေ့အထိ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေးနှင့် ကျန်းမာရေးအပါအဝင် အထွေထွေကျပ်တည်းမှုကို ရင်ဆိုင်နေရချိန်၌ စစ်ကောင်စီတပ်က ရွာကို ထပ်မံဝင်ရောက်စီးနင်းခဲ့သည်။  

စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ထယ်လှော်ရွာကို စစ်တပ် ဝင်ရောက်တပ်စွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထို့ပြင် စစ်တပ်က နေအိမ်များကို မီးရှို့ခြင်းနှင့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အခြားသော ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ပြည်သူ့တော်လှန်ရေးစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် ဒေသအသီးသီးတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ ထိစပ်နေသည့် ယောဒေသလည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်းတို့ကို ခုခံသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အပြင်းအထန်နှိမ်နင်းသည့်ပြင် ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ထယ်လှော်ရွာနှင့် မနီးမဝေးရှိ နှမ်းခါးကျေးရွာတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ သို့သော် ထိုအခြေအနေအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

စက်တင်ဘာ ၇ ရက်နောက်ပိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအချို့တွင် မီးရှို့ခံရသော နေအိမ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button