သတင်း

စစ်တပ်က ယောဒေသကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် ယောဒေသကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ယခုလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်လာရာ ကျေးရွာ ၄ ရွာမှ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရကာ ဒေသခံ ၅ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် မေ ၂၆ က ဂန့်ဂေါမြို့အနီးရှိ မြင်သာဆည်ကို စစ်ရဟတ်ယာဉ် အသုံးပြု စီးနင်းတိုက်ခိုက်ခဲ့ပြီး ချထားခဲ့သည့် စစ်တပ်အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းတစ်ကြောင်း၊ မုံရွာနှင့် ကလေးမြို့များမှ စစ်ကြောင်း ၂ ကြောင်း ယောဒေသကို နယ်မြေစိုးမိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ 

မုံရွာမြို့မှ လာသည့် အစီးရေ ၁၀၀ ကျော်ပါသည့် ယာဉ်တန်းနှင့် ကလေးမြို့မှ အင်အား ၁၅၀ ကျော်ပါ ခြေလျင်ချီတက်လာသည့် စစ်ကြောင်းတို့သည် ယောဒေသ၏ မြို့တော် ဂန့်ဂေါမြို့သို့ ဦးတည်ချီတက်လာကြောင်း၊ မုံရွာမှ လာသည့် စစ်ကြောင်းကို ပုံညာတောင်တန်းအဆင်း ကျောမြို့အနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ် (YDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“မုံရွာဘက်က စစ်ကြောင်းက ၃၀ ရက်နေ့က တက်တယ်။ ပုံတောင်-ပုံညောင်လမ်းအတိုင်း တက်တာ။ ဇွန် ၂ ရက်နေ့က ကျောမြို့ကိုအကျော် ပုံညာမှာ ကျွန်တော်တို့ YDF က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ ၂ ကြိမ် မိုင်းဆွဲတိုက်တာမှာ သူတို့ဘက်က ၃၀ လောက် သေမယ်။ အဲဒီမှာ ရာထူးကြီးတစ်ယောက် ပါတယ်။ သူ့ကို ရဟတ်ယာဉ်နဲ့ သယ်သွားတယ်” ဟု ၎င်းက ဆိုသည်။ 

တိုက်ခိုက်ခံခဲ့ရသည့် စစ်ကြောင်းသည် စင်းဆယ်၊ ရေပုပ်၊ ခုံတုံနှင့် ညောင်လည်ကျေးရွာများမှ အိမ်ခြေ ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညောင်လည်ကျေးရွာသား ၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လက်နက်ထောက်ပံ့နိုင်လျှင် စစ်ကောင်စီတပ်ကို ရင်ဆိုင်ရာတွင် ပိုမိုအဆင်ပြေမည်ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့က လက်နက်ခဲယမ်းနဲ့ ပတ်သက်ပြီး တော်တော်လေး လိုအပ်နေတယ်။ လက်နက်အင်အားချင်း မမျှတတဲ့ကြားက ခုခံတိုက်ခိုက်နေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ တိုက်ပွဲကြားကနေပြီးတော့ NUG က ပေးမဲ့ လက်နက်ကို မျှော်နေပါတယ်” ဟု ၎င်းက ပြောသည်။

ကလေးမြို့မှ ကုန်းကြောင်း စစ်ကြောင်းထိုးလာသည့် အင်အား ၁၅၀ ကျော်ပါသည့် စစ်ကြောင်းသည် နတ်ချောင်းကျေးရွာအနီး မိုင်းဆွဲခံရသဖြင့် နတ်ချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ ယနေ့ (ဇွန် ၇) နံနက်ပိုင်းတွင် နှမ်းခါးကျေးရွာသို့ ရောက်ရှိလာကြောင်း ယော (တောင်ပိုင်း) ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ကလေး(မြို့) ကနေ နှမ်းခါးထိ ရောက်ဖို့ကို နတ်ချောင်းကို မီးရှို့တယ်။ တောင်ခရမ်းရွာက စစ်တပ်ထဲမှာ အိပ်တယ်။ တောင်ခရမ်းကနေ ခြေကျင်စစ်ကြောင်းထိုးခဲ့တယ်။ နတ်ချောင်းရွာက ရွာလုံးကျွတ်နီးပါးတော့ ကုန်နေပြီ” ဟု ၎င်းက ပြောသည်။ 

ကလေးမြို့မှ လာသည့် စစ်ကြောင်းနှင့် မုံရွာမှ ချီတက်လာသည့် စစ်ကြောင်းတို့ ဂန့်ဂေါမြို့တွင် ပေါင်းဆုံနိုင်ခြေရှိပြီး ကျေးရွာများ ရွာလုံးကျွတ်မီးရှို့ခံရမည်ကို စိုးရိမ်၍ တိုက်ပွဲဖော်ဆောင်ရန် ချိန်ဆနေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

မုံရွာမှစစ်ကြောင်းသည် ဂန့်ဂေါမြို့အနီး ရောက်ရှိနေပြီး ကလေးမှ လာသည့် စစ်ကြောင်းသည် ဂန့်ဂေါမြို့နှင့် ၃၆ မိုင်အကွာ နှမ်းခါးရွာထိ ရောက်ရှိနေပြီး ဂန့်ဂေါတွင် စစ်ကြောင်း ၂ ကြောင်း ပေါင်းဆုံနိုင်ခြေရှိသည်ဟု ဆိုသည်။

“NUG ကို တောင်းဆိုစရာကတော့ လက်နက်ချပေးတာတွေဘာတွေ မျှော်နေတယ်။ သူတို့မှာလည်း အခက်အခဲတွေကြောင့်မို့ အဲဒီလောက်ကြီး မျှော်လင့်မထားပါဘူး။ စားနပ်ရိက္ခာတွေကို စုဆောင်းထားဖို့ မှာချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

မေ ၂၆ ဂန့်ဂေါမြို့အနီး မြစ်သာဆည်တိုက်ပွဲတွင် စစ်တပ်က ရဟတ်ယာဉ်သုံး စီးနင်းတိုက်ခိုက်ခဲ့ရာ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ဖြင့် မြစ်သာဆည်တွင် တပ်စွဲခဲ့သည်။

ထိုစစ်ကြောင်းသည် မြစ်သာဆည်အနီးရှိ တော၊တောင်များတွင် လှည့်လည်စစ်ကြောင်းထိုးနေခဲ့ရာ လက်နက်အင်အားချင်း မမျှတ၍ အခြေအနေကို စောင့်ကြည်နေရသည်ဟု ယော (မြောက်ပိုင်း) ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုတိုးမောင်က ပြောသည်။ 

“ကျွန်တော်တို့ ယောဒေသမှာ စစ်တပ်ကို ပြန်ခုခံတဲ့ အဖွဲ့အစည်းတွေက များတယ်။ အဓိကပြသနာက လက်နက်မမျှတဲ့အကြောင်းပဲ ရှိတယ်။ ကျွန်တော်တို့ အခု ရုန်းကန်နေရတာက လက်နက်ကိစ္စပါပဲ” ဟု ၎င်းက ဆိုသည်။ 

အဆိုပါ စစ်ကြောင်းသည် ရွာသားများကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ယနေ့ (ဇွန် ၇) နံနက်ပိုင်းတွင် ဂန့်ဂေါ-ရေဆွာလမ်းမအနီးရှိ ရောင်နက်ကျေးရွာသို့ ရောက်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်တော်တို့ အရင်ကတော့ လက်နက်မရှိတဲ့ ကာလမှာ စိတ်ဓာတ်နဲ့ပဲ တိုက်ပွဲဝင်မယ်ဆိုပြီးတော့ အားတင်းထားခဲ့ကြတာ။ အခုက ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခံရတာရော၊ ဟိုဘက်ကနေပြီး ကျွန်တော်တို့ ရဲဘော်တွေ ပြေးမဲ့လမ်းကြောင်းမှာ မောင်းပြန်တွေနဲ့ စောင့်နေတဲ့သူတွေကို လက်လုပ်လေးတွေနဲ့ တိုက်ပွဲဝင်ဖို့ ရဲဘော်တွေက ရင်ထဲမှာ နည်းနည်းလေး ခံစားသွားရတဲ့ အခြေအနေမျိုးလေး ရှိတယ်ဗျ” ဟု ၎င်းက ပြောသည်။ 

“ကျသွားရင်တောင်မှဗျာ၊ မောင်းပြန်လေးနဲ့ တိုက်ပွဲဝင်ပြီးတော့မှပဲ၊ သူသေကိုယ်သေ မောင်းပြန်လေးနဲ့ ယှဉ်တိုက်ပြီးတော့မှ တိုက်ပွဲဝင်သွားချင်တယ်။ ကျွန်တော့ဆန္ဒပေါ့ဗျာ။ လက်လုပ်သေနတ်လေးနဲ့ ကျသွားရတော့ သူတို့ရင်ထဲမှာလည်း အဲဒီလိုမျိုးကို မဖြစ်စေချင်ဘူးလို့ ပြောချင်ပါတယ်” 

မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ငြင်းဆိုထားသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံအနှံ့ ၄၃၅ နေရာတွင် အိမ်ခြေ ၁၈,၈၈၆ လုံး လောင်ကျွမ်းခဲ့သည်ဟု Data for Myanmar က ဇွန် ၆ တွင် ထုတ်ပြန်ထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button