သတင်း

စစ်တပ်ဝင်သည့် ဂန့်ဂေါတွင် အရပ်သား ၃ ဦး၊ YDF ၁ ဦး ပစ်သတ်ခံရ

နိုဝင်ဘာ ၂၂ တွင် မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) က ပြောသည်။

အင်အား ၈၀ ခန့် ရှိသည့် စစ်သားများသည် ဂန်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း(၅၀) မှ ဖြစ်ပြီး မြို့အနောက်ဘက် ဇာဟောရွာမှ အုတ်လှရွာလမ်းအတိုင်း စစ်ကြောင်းထိုးစဉ် ပစ်ခတ်ခြင်း ဖြစ်သည်၊ သေဆုံးသူများထဲမှ ၁ ဦးမှာ ဇာဟောရွာသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေသူ YDF တပ်ဖွဲ့ဝင် ရဲဘော်အောင်နိုင် ဖြစ်သည်ဟု YDF အထွေထွေအတွင်းရေးမှူး ကိုမင်းမင်းက ပြောသည်။ 

ရဲဘော်အောင်ကျော်မိုးဆိုသူ ဘယ်ဘက်လက်မောင်း ကျည်ဆန်ထိမှန်သည်၊ ရဲဘော်အောင်ကိုကိုဆိုသူလည်း ဒဏ်ရာရပြီး ပျောက်ဆုံးနေသည်ဟု ကိုမင်းမင်းက ပြောသည်။

“အပြန်အလှန်ပစ်ခတ်တာ မဟုတ်ဘူးခင်ဗျာ၊ အဓိကက ရွာထဲက စစ်ဘေးရှောင်မဲ့ ပြည်သူတွေ မသွားလာနိုင်တာကို ရွာထဲကနေ ကယ်ထုတ်နေတဲ့ အချိန်မှာ အပစ်ခံရတာပါဗျ” ဟု ကိုမင်းမင်းက ပြောသည်။  

စစ်ကောင်စီတပ်က ရွာအတွင်း တပ်စွဲထားသည့်အတွက် သေဆုံးသူရွာသား ၃ ဦး မည်သူမည်ဝါဖြစ်သည်ကို စုံစမ်း စိစစ်နိုင်ခြင်း မရှိသေးကြောင်း၊ ရွာသားအချို့လည်း ရွာတွင်း၌ ပိတ်မိနေကြောင်း YDF အဖွဲ့ထံမှ သိရသည်။

ထိုပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စစ်ကြောင်းထိုးမှုအခြေအနေကို သတင်းထုတ်ပြန်လေ့မရှိပေ။

ခလရ(၅၀)စစ်ကြောင်းသည် ဂန့်ဂေါမြို့နှင့် ထီးလင်းမြို့နယ်များတွင် စစ်ကြောင်းထိုးလှုပ်ရှားလေ့ရှိပြီး ပြီးခဲ့သည့်လဆန်းပိုင်းကလည်း ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူသတ်၊ မီးရှို့ခြင်းများ ကျူးလွန်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီကမူ ၎င်းတို့၏တပ်က မီးမရှို့ကြောင်း၊ ပြည်သူကို အကာအကွယ်ပေးနေကြောင်း တုံ့ပြန်လေ့ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယောဒေသရှိ လူငယ်၊ လူရွယ်များက အခြားမြို့နယ်များနည်းတူ ဒေသကာကွယ်ရေးအဖွဲ့ဖွဲ့ကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

ဒေသကာကွယ်ရေးအဖွဲ့များမှာ လက်လုပ်သေနတ်၊ တူမီးသေနတ်များကိုသာ အားပြုတိုက်ခိုက်နိုင်သော်လည်း စစ်ကောင်စီတပ်က ယောဒေသအတွင်း အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုကာ စစ်ဆင်ရေးပြုလုပ်ခဲ့ရသည်အထိ ခုခံမှုအားကောင်းသည့် ဒေသတစ်ခုဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button