သတင်း

ဂန့်ဂေါတွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ရန် စစ်ကောင်စီတပ် လှုံ့ဆော်

စစ်တပ်နှင့် ပျူစောထီးများ အားကောင်းရာ မြောက်ခင်ရန်းကျေးရွာမှ သုံးမိုင်ခန့်အကွာရှိ ရွှေဘိုကျေးရွာအနီးတွင် ရိုက်ကူးထားသည်ဟု ယူဆရသည့် ရုပ်သံဖိုင်ထွက်ပေါ်လာပြီး ထိုရုပ်သံဖိုင်တွင် ဒေသခံအမျိုးသမီးများကို မုဒိမ်းကျင့်ရန် အချင်းချင်း တိုက်တွန်းပြောဆိုနေကြသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ ပြည်သူ့စစ်များက ထိုရွာရှိ အမျိုးသမီးများကို အဓမ္မပြုကျင့်ရန် အချင်းချင်းတိုက်တွန်းလှုံ့ဆော်နေသည့် ရုပ်သံဖိုင်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုမှတစ်ဆင့် ထွက်ပေါ်လာသည်။

၄ မိနစ်နီးပါး ကြာမြင့်သည့် အဆိုပါ ရုပ်သံဖိုင်တွင် ယူနီဖောင်းဝတ် စစ်ကောင်စီတပ်သားများက ရွာအနီးသို့ ချဉ်းကပ်စဉ် တစ်ဦးက “ဟိုနားမှာ ကောင်မလေးတွေ …. ရှိတယ်” ဟု ဆိုသည်။

၎င်းကပင် ဆက်၍ မြန်မာစကားတွင် ရိုင်းပြသည့် လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းဖြင့် “ XXX မှာလား သွား။… ကောင်မလေး ၁၀ ယောက်လောက်ရှိတယ်။ လုံးမယ်” ဟု ပြောဆိုသည်။

ထိုရုပ်သံဖိုင်မှာ ဩဂုတ် ၂၈ ရက်နေ့က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တစ်ခုမှ စတင်ထွက်ပေါ်လာခြင်း ဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် စစ်တပ်ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့များကို ရှင်းလင်းသုတ်သင်သည့် ရုပ်သံဖိုင်ဟု ဖော်ပြခဲ့သည်။

ထိုရုပ်သံဖိုင်အရ အများစုတွင် ပြည်သူ့စစ်ဘက်တံဆိပ်တပ် စစ်ကောင်စီယူနီဖောင်းများ ဝတ်ဆင်ထားပြီး တချို့တွင် လည်ပင်းတွင် ပဝါနီများ ချည်ထားသည်ကို တွေ့ရသည်။

ရုပ်သံဖိုင်ပါ အဆောက်အအုံပုံစံအရ ထိုနေရာသည် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ အခိုင်အမာအထိုင်ချထားသည့် မြောက်ခင်ရန်းကျေးရွာနှင့် သုံးမိုင်ခန့်အကွာရှိ ရွှေဘိုကျေးရွာအနီး ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

မည်သည့်ကာလက ရိုက်ကူးထားသည့် ရုပ်သံဖိုင်ဖြစ်သည်ကို သိရှိရန် Myanmar Now က ကြိုးပမ်းနေဆဲဖြစ်သည်။

မြောက်ခင်ရန်းရွာမှ အနီးဝန်းကျင်ကျေးရွာများသို့ ဩဂုတ်ဒုတိယပတ်က စစ်ကြောင်းထိုးခဲ့သော်လည်း စခန်းသိမ်းပိုက်နိုင်မှုမရှိဟု ဒေသခံတော်လှန်ရေးအင်အားစုများက ဆိုသည်။

ကလေး – ဂန့်ဂေါ ကားလမ်းဘေးရှိ မြောက်ခင်ရန်းရွာတွင် ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အထိုင်ချထားပြီး ကလေးနှင့် ဂန့်ဂေါကြားရှိ ပြည်သူ့စစ်အားကောင်းသည့် ၁၂ ရွာအနက် အဓိက တပ်စွဲထားရာနေရာ ဖြစ်သည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာ တည်နေရာပြမြေပုံ။

ကလေးမြို့နယ် တောင်ဘက်ခြမ်းမှ မန္တာ၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ ကြံသာ၊ အင်းကျွန်း စသည့် ကျေးရွာများနှင့် တစ်ဆက်တည်းရှိ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ လယ်ကြီး (အရှေ့)၊ လယ်ကြီး (အနောက်)၊ ဝင်ဝ ကျေးရွာတို့သည် ပြည်သူ့စစ် (ပျူစောထီး) အားကောင်းရာ ကျေးရွာများဖြစ်သည်။

မြောက်ခင်ရန်းကျေးရွာမှ စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖမ်းဆီးရမိခဲ့သည့် ယောဒေသကာကွယ်ရေးတပ်မှ ကိုဖိုးတေနှင့် ကိုသားထောင်တို့ကို နှိပ်စက်ညှဉ်းပန်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြသည်။

မြောက်ခင်ရန်းနှင့် အနီးဝန်းကျင် ပျူရွာများမှ ပြည်သူ့စစ်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အနီးဆုံးရွာများဖြစ်သည့် ရွှေဘိုရွာနှင့် သင်တောရွာဘက်သို့ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ ဩဂုတ်အထိ ၅ ကြိမ်ခန့်သာ စစ်ကြောင်းထိုးနိုင်ခဲ့သည်ဟု ဒေသခံ တော်လှန်ရေးအင်အားစုများက ဆိုကြသည်။

ရုပ်သံဖိုင်တွင် တွေ့ရသည့် တစ်ထပ်အဆောက်အအုံသည် ရွှေဘိုရွာ၏ အနောက်မြောက်ဘက် ကလေး-ဂန့်ဂေါကားလမ်း ဘေးတွင် တည်ရှိသည့် သင်္ချိုင်းဇရပ်ဖြစ်နိုင်သည်ဟု ဒေသခံတို့က ဆိုသည်။

မြောက်ခင်ရန်းရွာနှင့် ကပ်လျက်ရှိ သင်တောရွာတွင် စစ်တပ်မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဘုန်းကြီးကျောင်းမှအပ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရပြီးနောက် ဒေသခံများ နေရပ်စွန့်ခွာသွားရသဖြင့် ရွာပျက်လုနီးပါး အခြေအနေဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အလားတူ ရွှေဘိုရွာသည်လည်း ဒေသခံများ စွန့်ခွာသွားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

မြောက်ခင်ရန်းမှ စစ်ကြောင်းထိုးရာတွင် စစ်ကြောင်း နှစ်ခု သို့မဟုတ် သုံးခု ခွဲပြီး ဖြန့်ထိုးကာ ရွှေဘိုရွာထိပ်နားတွင် စုရပ်အဖြစ် ပြန်ဆုံလေ့ရှိသည်ဟု တောင်ခင်ရန်း ပအဖခေါင်းဆောင်က ပြောသည်။ တောင်ခင်ရန်းရွာမှာ ရွှေဘိုကျေးရွာ တောင်ဘက် ကပ်လျက်တည်ရှိသည့် ကျေးရွာဖြစ်သည်။

ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းက မြောက်ခင်ရန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများ ရွှေဘိုရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး တော်လှန်ရေးအင်အားစုများဘက်မှလည်း တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ကြောင်း‌ တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

တောင်ခင်ရန်းရွာတွင် ယခင်က အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးပြီး မြောက်ခင်ရန်းရွာတွင် သွားရောက်ပူးပေါင်းထားခြင်းဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်သံဖိုင်ထွက်ပေါ်လာပြီးနောက် မြောက်ခင်ရန်းရွာနှင့် အနီးဝန်းကျင်မှ ပြည်သူ့စစ်အားကောင်းရာရွာများကို စစ်တပ်က လက်နက်ခဲယမ်းများ ဖြည့်တင်းတပ်ဆင်ပေးထားသည်။

စစ်သားတစ်ဦး ဖုန်းမှ ရရှိသော ၂၀၂၃ မေလက စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိနေသော စစ်သားများ။

အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရွှေဘိုရွာတွင် ရွာ၏ သုံးပုံနှစ်ပုံကျော် မီးရှို့ဖျက်ဆီးခံထားရသည့်အပြင် စစ်ကောင်စီ စစ်ကြောင်းရန်ကြောင့် ဒေသခံအများစုမှာ နေရပ်တွင် မနေရဲဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မြောက်ခင်ရန်းမှ ရွှေဘိုသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်က ရွာထဲ ပိတ်မိနေသည့် သူများအပါအဝင် အမျိုးသား ၁၀ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထို့ပြင် ယခုနှစ် မေလကုန်ပိုင်းက မြောက်ခင်ရန်းမှ ရွှေဘိုရွာသို့ ထိုးလာသည့် စစ်ကြောင်းက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသည့် ဒေသခံ အမျိုးသားတစ်ဦးကို နှိပ်စက်ညှဉ်းပန်းကာ ခေါင်းဖြတ်သတ်ခဲ့သည်။

အာဏာသိမ်းစစ်တပ်သည် စစ်ကြောရေးစခန်းများ၊ ကျေးရွာများထဲ စစ်ကြောင်းထိုး စီးနင်းမှုများတွင် အဓမ္မပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလတွင် ပြုလုပ်သည့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တင်ပြသည်။

ထို့ပြင် ခုခံတော်လှန်မှုအားကောင်းရာနေရာများကို မြေလှန်မီးရှို့လေ့ရှိသည့် စစ်တပ်၏ လုပ်ရပ်များကို သက်သေခံနေသည့် စစ်ကောင်စီတပ်များက နေအိမ်များကို ဖျက်ဆီးမီးရှို့နေသည့် ရုပ်သံဖိုင်များ ပြီးခဲ့သည့် လပိုင်းက လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

Show More

Related Articles

Back to top button