မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ယမန်နေ့ (မေ ၃၀) က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို ဦးခေါင်းဖြတ်သတ်သွားပြီး နေအိမ် ၆၀ ကျော် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
နံနက် ၁၀ နာရီဝန်းကျင်တွင် ရွှေဘိုရွာထဲသို့ စစ်ကြောင်း ဝင်ရောက်သွားပြီးနောက် အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အဆိုပါ အမျိုးသားကို နှိပ်စက်ညှဉ်းပန်း၍ ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ပြောသည်။
“ခေါင်းကိုလည်း ဖြတ်တယ်။ ဗိုက်ထဲက အူတွေကိုလည်း နုတ်ပြီးတော့ တော်တော်လေး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်” ဟု ဂန့်ဂေါမြို့နယ် ပအဖ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုသည်။
Myanmar Now က ရရှိထားသည့် ဓာတ်ပုံများအရ အမျိုးသားရုပ်အလောင်းမှာ ဦးခေါင်းတခြား၊ ကိုယ်တခြား ဖြစ်နေပြီး ရင်ဘတ်နှင့် ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာများနှင့် ဝမ်းဗိုက်ထဲမှ အူများထွက်နေသည်ကို တွေ့ရသည်။
ပျူစောထီးများ အားကောင်းသည့် မြောက်ခင်ရန်းရွာမှ ထွက်လာသည့် စစ်တပ်နှင့် ပျူစောထီးအင်အား ရာဂဏန်းပါဝင်သည့်စစ်ကြောင်းသည် ယမန်နေ့ နံနက် အရုဏ်တက်ချိန်ကတည်းက ရွှေဘိုရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကြောင်းသည် အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ရွာအတွင်း မီးရှို့ခဲ့ရာ နေအိမ် ၆၆ လုံး ပျက်စီးခဲ့ပြီး ညနေပိုင်းတွင် ရွှေဘိုရွာမှ ပြန်ထွက်သွားသည်ဟု သိရသည်။
ထို့နောက် တော်လှန်ရေးအင်အားစုများက ကျေးရွာထဲသို့ နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် သတ်ဖြတ်ခံထားရသော စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသား၏အလောင်းကို တွေ့ရခြင်းဖြစ်သည်။
“စိတ်ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ ရွာထဲကနေ မထွက်ချင်တာထင်တယ်။ ဘုန်းကြီးကျောင်းတို့၊ တစ်ခုခုမှာ ရှောင်တဲ့အနေအထားထင်တယ်။ …ကျေးရွာအတွင်းမှာ ပြည်သူအားလုံးကို ရှောင်ခိုင်းထားပြီးသား” ဟု အထက်ပါ ပအဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့က စစ်ကြောင်းထိုးမှုသည် မြောက်ခင်ရန်းရွာနှင့် ၃ မိုင်ခန့်သာ ဝေးသည့် ရွှေဘိုရွာတွင် တစ်လအတွင်း ဒုတိယအကြိမ် ဖြစ်သည်။
ယခုလ ၁၆ ရက်က ရွှေဘိုရွာကို စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် အမျိုးသား ၂ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံခဲ့ရသည်။
ထို့ကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိသော ရွှေဘိုကျေးရွာမှာ သုံးပုံနှစ်ပုံခန့် မီးလောင်ကျွမ်းပျက်စီးနေပြီဖြစ်သည်။
“အိမ်ခြေစုစုပေါင်း ၄၆၂ မှာ တတိယအကြိမ်ထိ ဆိုရင် ၂၉၀ ကျော် အရှို့ခံထားရတယ်။ အဲ့ဒါမှာမှ ၆၀ ကျော် ထပ်ရှို့တယ်ဆိုတော့ အနည်းအကျဉ်းပဲ ကျန်တော့မယ်။ အိမ်ကြီးအိမ်ကောင်းဟူသ၍ ရွေးရှို့တဲ့ အနေအထားလည်း ရှိတယ်။ အိမ်ခြေ သုံးပုံနှစ်ပုံလောက်ကတော့ မီးရှို့ခံရတဲ့အနေအထားပေါ့” ဟု ဂန့်ဂေါ ပအဖတာဝန်ခံကလည်း ပြောသည်။
တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် မြစ်သာမြစ်ဒေသတွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနယ်စပ် မြောက်ခင်ရန်းအပါအဝင် ကျေးရွာ ၁၂ ရွာတွင် ပျူစောထီး (ပြည်သူ့စစ်) များ အားကောင်းသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာ မြောက်ခင်ရန်းရွာတွင် စစ်တပ်က တပ်စွဲခဲ့ပြီးနောက် ရွာခံလူငယ်များကို စစ်သင်တန်းများပေးကာ အင်အားတိုးချဲ့ပြီး အနီးအနားကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။
ပျူစောထီး အားကောင်းသည့် မြောက်ခင်ရန်း
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပျူစောထီးအားကောင်းရာ မြောက်ခင်ရန်းရွာကို တော်လှန်ရေးအင်အားစုများက သွားရောက်တိုက်ခိုက်စဉ် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။
မြောက်ခင်ရန်းရွာတွင် ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ယန္တရားက စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်သူများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များပေးရန် စစ်တပ်ထံ တောင်းထားကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောထားသည်။
ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးကို နှိပ်စက်ညှဉ်းပန်းပြီး အရှင်လတ်လတ်သတ်ဖြတ်မီးရှို့နေသည့် ရုပ်သံဖိုင်မှာ ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီးနောက် စစ်တပ်က မြောက်ခင်ရန်းနှင့် အနီးအနား ပျူစောထီးအားကောင်းရာရွာများကို လေကြောင်းမှတစ်ဆင့် လက်နက်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ထို့နောက် ဖေဖော်ဝါရီလတွင် အနီးအနားရှိ သင်တောကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရသည်။
မြောက်ခင်ရန်းရွာမှ စစ်တပ်နှင့် ပျူစောထီး ရန်ကြောင့် အနီးအနားကျေးရွာများမှာ နေရပ်မပြန်ရဲဘဲ ကာလရှည်ကြာ စစ်ရှောင်နေရပြီး လယ်ယာလုပ်ငန်းခွင်ဝင်ရန်ပင် အခက်အခဲဖြစ်နေကြောင်း ဒေသခံများကို ကိုးကား၍ အထက်ပါ ပအဖတာဝန်ခံက ဆိုသည်။
“မိုးဦးကျလာတဲ့အခါကျတော့ ကျွန်တော်တို့ဒေသမှာ နှမ်းစိုက်ပျိုးရမှာ။ အခုချိန်ထိတော့ စစ်ကြောင်းကလည်း (လာဖို့) တောက်လျှောက် အသံလွှင့်ထားရတော့ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ …. ရာသီဥတုကို မှီပြီး လုပ်ရတာ မိုးလေးရွာရင် မိုးရွာတဲ့အချိန်လေးကို အမိအရလုပ်ရတာ။ အခုကျတော့ စစ်ရေးအနေအထားအရ တော်တော်လေးအခက်အခဲဖြစ်တယ်”
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးရုံးမှ ထုတ်ပြန်သည့် အချက်အလက်များအရ စစ်တပ် အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နိုင်ငံတစ်ဝန်း လူဦးရေ ၂.၅ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်လျက်ရှိသည်။