သတင်း

ဂန့်ဂေါတွင် အိမ်၂၇၀ ခန့် မီးရှို့သူတို့က ၂ ဦးကို သတ်ပြီး ကိုရင်များကို ဓားစာခံလုပ်

ဂန့်ဂေါမြို့၊ ရွှေဘိုနှင့် ရေသာရွာမှ အိမ်ခြေ ၂၇၀ ခန့် ဖျက်ဆီးခံရပြီး အသက် ၈၀ အရွယ်နှင့် လူလတ်ပိုင်း စိတ်ရောဂါသည်တို့ အသတ်ခံရသည်၊ ကိုရင်များလည်း ခေတ္တ အဖမ်းခံလိုက်ရသည်။

စစ်ကောင်စီတပ်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းမှ ရွှေဘိုနှင့် ရေသာရွာတို့ကို ယမန်နေ့ (မေ ၁၆) တွင် မီးရှို့လိုက်ရာ အိမ်ခြေ ၂၇၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဂန့်ဂေါ-ပအဖ) ထံမှ သိရသည်။

ရွှေဘိုရွာတွင် အရပ်သားနှစ်ဦးကို သတ်ဖြတ်သွားခဲ့သည်၊ မီးလောင်ပြင်မှ ပြန်လည်ထွက်ခွာချိန်တွင်လည်း ကိုရင် ၈ ပါးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

ဂန့်ဂေါမြို့နှင့် ကလေးမြို့နယ်စပ်ကြားရှိ ကျေးရွာများမှ ပျူစောထီး ခေါ် ပြည်သူ့စစ်နှင့် စစ်သားတို့ ပါဝင်သည့် အင်အား ၂၀၀ ခန့်သည် နေအိမ်များကို မီးမရှို့ခင် မြောက်ခင်ရန်းကျေးရွာအတွင်း စုဝေးခဲ့ကြသည်၊ နံနက် ၅ နာရီခန့်မှစတင်ကာ အနီးအနားကျေးရွာများကို စတင်တိုက်ခိုက်ခဲ့သည်ဟု ဂန့်ဂေါ-ပအဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒေသခံအများစု ဘေးလွတ်ရာရှောင်တိမ်းခဲ့သော်လည်း ထွက်မပြေးနိုင်သည့် ရွှေဘိုရွာထဲမှ အသက် ၈၀ ကျော်အရွယ် အမျိုးသား၊ စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတို့ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“(အသက် ၈၀ အဘိုးအိုကိုဆို) အမျိုးသားငယ်ပါကို ဖြတ်ပြီး သတ်ဖြတ်ခဲ့တာ တွေ့ရတယ်” ဟု စစ်တပ်ထွက်သွားပြီးနောက် မီးလောင်ပြင်ထဲ ရှာတွေ့ခဲ့သည့် ရုပ်အလောင်းများကို အခြေခံပြီး ၎င်းက ဆိုသည်။

ပျူစောထီးနှင့် စစ်သားများသည် ရွှေဘိုရွာနှင့် ရေသာရွာမှ နေအိမ်များကို မွှေနှောက်ပြီး အစားအသောက်နှင့် အဖိုးတန်အသုံးအဆောင်များကို ယူဆောင်ခဲ့ကြသည်၊ ထို့နောက် ရွာနှစ်ရွာကို မီးတိုက်ခဲ့ရာ ရွှေဘိုရွာမှ အိမ်ခြေ ၂၆၀ နှင့် ရေသာရွာမှ အိမ်ခြေ ၁၅ လုံး ပျက်စီးခဲ့သည်ဟု ဂန့်ဂေါ-ပအဖ၏ စာရင်းများအရ သိရသည်။

ရွှေဘိုရွာသည် စစ်တပ်စခန်းချထားသည့် မြောက်ခင်ရန်းရွာနှင့် နှစ်မိုင်ခွဲခန့်ဝေးပြီး ပြီးခဲ့သည့်နှစ်အတွင်းကလည်း ရွာထဲသို့ စစ်တပ်ဝင်ကာ နှစ်ကြိမ်ခန့် မီးရှို့ခဲ့ဖူးပြီး အိမ်ခြေ ၂၀ ခန့် ပျက်စီးခဲ့ရသည်။

“အခုတစ်ကြိမ်က အိမ်ခြေကို ရာနဲ့ချီပြီးတော့ အိမ်ကြီးအိမ်ကောင်းတွေကို ရွေးပြီးတော့ ရှို့သွားတာ” ဟု မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပျူစောထီးနှင့် စစ်သားများ ယမန်နေ့ ညပိုင်းတွင် စစ်ကြောင်းပြန်လည်ဆုတ်သွားပြီးနောက် တော်လှန်ရေးအင်အားစုများက ယနေ့ နံနက်ပိုင်းတွင် ရွာထဲသို့ နယ်မြေရှင်းလင်းရေးလုပ်ရန် ဝင်ရောက်ခဲ့ကြောင်း၊ ဓားစာခံအဖြစ် ဖမ်းခံခဲ့ရသည့် ကိုရင် ၈ ပါးကိုလည်း စစ်ကောင်စီတပ်က ၎င်းတို့စခန်းချရာနေရာသို့ ပြန်ရောက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း မြို့နယ်ပအဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ ကိုရင်များကို လူသားဒိုင်းလုပ်ခြင်း၊ ပစ္စည်းခိုးခြင်းတို့နှင့် ပတ်သက်ပြီး စစ်တပ်ကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးသလို စစ်တပ်ကလည်း ပြီးခဲ့သည့် ရက် ၃၀ အတွင်း ထိုဒေသအကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နှင့် ကလေးမြို့သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် ဒေသများဖြစ်ပြီး ကလေး – ဂန့်ဂေါ လမ်းပိုင်းတွင်လည်း တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။

ဂန့်ဂေါနှင့် ကလေးကြား ပျူစောထီးအားကောင်းရာ ကျေးရွာများကို ရိက္ခာဖြတ်တောက်ထားနိုင်သည်။

ပျူစောထီးအားကောင်းသည့် ကျေးရွာများတွင် ဆန်နှင့်ဆီ လုံလောက်သော်လည်း မီးဖိုဆောင်သုံးပစ္စည်း လိုအပ်နေသည်ဟု ဂန့်ဂေါပအဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ဆန်၊ ဆီ ပေါပုံရပေမဲ့ မီးဖိုဆောင်သုံးပစ္စည်းတွေက တော်တော် ပြတ်လပ်နေတဲ့အနေအထား ရှိတယ်လို့ ယူဆရတယ်။ အဲ့ဒါကြောင့် ရွှေဘိုရွာနဲ့ ရေသာရွာထဲမှာရှိတဲ့ မီးဖိုဆောင်သုံးပစ္စည်းတွေကို မရမက ခိုးယူသွားတဲ့ အနေအထားလို့ ယူဆလို့ရပါတယ်” ဟု သူက ပြောသည်။

ပျူစောထီးအားကောင်းရာကျေးရွာများတွင် နေထိုင်သူတို့ ဒေသခံတော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးခိုလှုံလာကြရာ အရေအတွက် သုံးထောင်နီးပါးရှိကြောင်း မြို့နယ်ပကဖထံမှ သိရသည်။

ပျူစောထီးတို့က ကလေးတောင်ပိုင်းနှင့် ဂန့်ဂေါမြို့မြောက်ပိုင်းကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးတတ်သည်။

မြောက်ခင်ရန်းရွာတွင် အခိုင်အမာတပ်စွဲနေရာယူထားသည့် စစ်တပ်နှင့် ပျူစောထီးတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ဖမ်းဆီးရမိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

စစ်တပ်၏ရန်ကြောင့် ရွှေဘိုရွာနှင့် ရေသာရွာမှ ဒေသခံ နှစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

Show More

Related Articles

Back to top button