မီးပုံထက်တွင် တွဲလောင်းကျအနေအထားဖြင့် လူငယ်နှစ်ဦး ရုန်းကန်နေသည်။ သွေးအလူးလူးဖြင့် လူငယ်နှစ်ဦးကို သစ်ပင်ထက်မှ တွဲလောင်းချကာ လူတစ်စုက မီးတင်ရှို့နေခြင်းဖြစ်သည်။ မီးတောက်များ စတင်ဝါးမျိုချိန်တွင် လူငယ်နှစ်ဦး၏ခန္ဓာကိုယ်က လူးလွန့်လှုပ်ရှားနေသည်။
အရွယ်ကောင်း လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ်မီးပုံရှို့နေသည့် ရုပ်သံဖိုင်မှာ လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သော ဖမ်းဆီးသတ်ဖြတ်မှုများအနက် အဆိုးဆုံးအဖြစ်အပျက်ပင်။
လွန်ခဲ့သည့်သုံးနှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော ဖမ်းဆီးသတ်ဖြတ်မှုများအနက် လူမဆန်ဆုံးသော ထိုဖြစ်ရပ်မှာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သော သုံးလခန့်က ဖြစ်ခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် ဖြစ်ပွားခဲ့သော ထိုသတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားသည့် ရုပ်သံဖိုင်များသည် ယမန်နေ့ (ဖေဖော်ဝါရီ ၆) ၌ လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့ ထိစပ်ရာ ယောဒေသ၌ စစ်ကောင်စီတော်လှန်တိုက်ခိုက်မည့် ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ပေါ်ပေါက်ခဲ့သည်။ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း စစ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ အခြေချတပ်စွဲထားရာ မြောက်ခင်ရန်းရွာကို YDF နှင့် ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်စဉ် အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရသည်။
ဖမ်းဆီးခံရသည့် ထိုအဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က ညှဉ်းပန်းနှိပ်စက်ပြီးနောက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်ရပ်ကို ရိုက်ထားသည့် ရုပ်သံဖိုင်များကို သုံးလအကြာတွင် လူအများ မြင်တွေ့ရခြင်းဖြစ်သည်။
သုံးလအကြာက တိုက်ပွဲ
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှု ပြင်းထန်သော ထိုဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ရွာကြီးရွာငယ်ပေါင်းများစွာ ရွာလုံးကျွတ်မီးရှို့ခံရသည်။
သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်ကိုင် ခုခံတော်လှန်မှုများ ရင်ဆိုင်လာရပြီးနောက် စစ်ကောင်စီက ယောဒေသအတွင်း ပုံမှန်စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့ပေ။ ပျူစောထီးအဖွဲ့များကို လက်နက်တပ်ဆင်ပေးကာ စစ်သားအနည်းငယ်ဖြင့် ရွာအချို့တွင် အခြေစိုက်လှုပ်ရှားစေသည်။
ယောဒေသအတွင်း ပျူစောထီးအားကောင်းသည့် ရွာများ၊ စစ်သားများရှိနေသည့် ရွာများကို ဒေသတော်လှန်ရေးအဖွဲ့များက မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။ မကြာခဏ အပြန်အလှန် တိုက်ပွဲဖြစ်နေသော ဒေသတစ်ခုလည်းဖြစ်သည်။
ယောဒေသမြောက်ပိုင်း စစ်ကိုင်းတိုင်းအစပ် ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ မြောက်ခင်ရန်းရွာသည် ပျူစောထီးလက်နက်ကိုင်များ အားကောင်းကောင်းဖြင့် စုဖွဲ့ထားသည့် ရွာလည်းဖြစ်သည်။ အိမ်ခြေ ၁၀၀၀ ကျော်ရှိ ထိုရွာကြီးတွင် စစ်သားများနှင့် ပျူစောထီးများရှိသည်။
မြောက်ခင်ရန်းရွာတွင်း၌ ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးမြောင်းများ အခိုင်အမာတည်ဆောက်ထားသည့်အပြင် ရွာပတ်လည်၌ လုံခြုံရေးကင်းများ တစ်ဒါဇင်ကျော်ရှိသည်။
နိုဝင်ဘာ ၇ ရက်နေ့ နံနက်စောစောတွင် မြောက်ခင်ရန်းရွာကို ယောဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များ သွားတိုက်ကြသည်။ အဖွဲ့သုံးခုခွဲကာ တိတ်တဆိတ်ချဉ်းကပ်သွားချိန် တစ်ဖွဲ့မှာ အသင့်စောင့်ကြိုနေသည့် စစ်သားများ၊ ပျူစောထီးများနှင့် ထိပ်တိုက်တိုးတော့သည်။ လက်ဦးမှုရသွားပြီးနောက် တရစပ်ပစ်ခတ်ခံရသည်။
“သတင်းအချက်အလက်ပေါက်ကြားမှု ဖြစ်သွားပြီးတော့ ရန်သူက လက်ဦးမှုယူသွားတယ်။ ကြိုပစ်ခံလိုက်ရတယ်။ မတိုက်ဘဲနဲ့ နောက်ဆုတ်လာတဲ့အချိန်မှာ ဟိုဘက်က အလုံးအရင်းနဲ့ သတင်းကြိုရထားတဲ့အတွက် ခုခံပြင်ဆင်မှုတွေလုပ်ထားတဲ့အတွက် အလုံးအရင်းနဲ့ ဝင်ဖိရာကနေ ကျဆုံးမှုတွေ ထိတွေ့မှုတွေ ဖြစ်ခဲ့တာ” ဟု ထိုနေ့က မြေပြင်တိုက်ပွဲတွင် ပါဝင်ခဲ့သော ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဥက္ကဋ္ဌ ကိုယောလေးက ပြောသည်။
ထိုနေ့က တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး နှင့် အရပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ တပ်ဖွဲ့ဝင် လူငယ်နှစ်ဦးလည်း လက်ရဖမ်းဆီးခံလိုက်ရသည်။
အရှင်လတ်လတ် မီးရှို့သတ်ပွဲ
ဖမ်းဆီးရမိသူနှစ်ဦးကို မြောက်ခင်ရန်းရွာမှ စစ်ယူနီဖောင်းဝတ် ပျူစောထီးများက တိုက်နယ်ဆေးရုံဝင်းအတွင်းသို့ ခေါ်ဆောင်သွားကာ စိတ်တိုင်းကျ ညှဉ်းပန်းနှိက်စက်ပြီးနောက် မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင်သိခဲ့ရသူ မြောက်ခင်ရန်းရွာမှ ထွက်ပြေးလွတ်မြောက်လာသူ ဒေသခံများထံမှ သိရသည်။
မြောက်ခင်ရန်းရွာကို လာတိုက်သည့် PDF နှစ်ဦး ဖမ်းဆီးရမိထားကြောင်း၊ တစ်အိမ်တစ်ယောက် မဖြစ်မနေလာကြည့်ရန် ရွာအတွင်း လိုက်လံနှိုးဆော်သည်ကို ရေခပ်ရင်း ကြားခဲ့ကြောင်း လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်သားနှင့် ပျူစောထီးများ ကြီးစိုးထားသည့် မြောက်ခင်းရန်းရွာမှ လွတ်မြောက်လာသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီရွာကို ဝင်တိုက်တာ။ သူတို့မတရားလုပ်လို့ ချက်စားမှာကွ။ တစ်ရွာလုံး ထွက်ကြည့်ရမယ်ပြောတော့ ကျွန်မက အသည်းနာလို့ ထွက်မကြည့်ဘူး။ ဒါပေမဲ့ သူတို့ ကားနဲ့တင်လာတဲ့ လူအုပ်ကြီးကိုတော့ မြင်လိုက်ရတယ်”
ဒေသခံ ရွာသားအချင်းချင်း သတ်ဖြတ်သည်ကို မကြည့်လိုသဖြင့် ကိုယ်တိုင်မသွားဖြစ်ခဲ့သော်လည်း ထိုနေ့က မီးရှို့သတ်ဖြတ်မှုကို စိတ်လိုလက်ရ အားပေးသူများရှိသည်ဟု ဆိုသည်။
“ပျူစောထီးသန်တဲ့သူ (ပျူစောထီးအဖွဲ့ကို အားပေးသူ) အားလုံးကတော့ ပျော်လို့ပါးလို့ လက်ခုပ်တွေတီးလို့ သတ်စားမယ်၊ ချက်စားမယ်ဆိုပြီး အော်လာတာတွေ ကြားရတယ်။ ကတဲ့သူတွေကလည်း ကလို့” ဟု နောက်တစ်လအကြာတွင် မြောက်ခင်ရန်းမှ ထွက်ပြေးလာသူ အမျိုးသမီးက ပြောသည်။
ဖမ်းဆီးရမိသည့် လူငယ်နှစ်ဦးကို လက်ပြန်ကြိုးတုပ်လျက် ခြေထောက်ကို ထိတ်တုံးခတ်ကာ စစ်ယူနီဖောင်းဝတ်သူများက ဝိုင်းဝန်းကန်ကျောက်ကြရင်း အော်ဟစ်ဆဲဆိုကြသည်။ “အရေးတော်ပုံ ကျရှုံးရမည်” “PDF က ခွေးတွေပါ” စသဖြင့် အအော်ခိုင်းနေသည်ကို ၄၆ စက္ကန့်ကြာ ဗီဒီယိုဖိုင်၌ တွေ့ရသည်။
ထို့နောက် စက္ကန့် ၅၀ နီးပါးကြာ အခြားဗီဒီယိုဖိုင်တွင် ခြေလက်များကို သံကြိုးဖြင့် ချည်နှောင်ထားကာ သွေးအလူးလူးဖြင့် လူငယ်နှစ်ဦးကို ကွန်ကရစ်လမ်းမအတိုင်း တရွတ်တိုက်ဆွဲခေါ်သွားသည်။
နောက်ဗီဒီယိုမှာ ၃ မိနစ်နှင့် ၇ စက္ကန့် ကြာမြင့်သည်။ သံကြိုးဖြင့် တုပ်နှောင်ထားကာ ကုက္ကိုပင်ထက်မှ နေ၍ တွဲလောင်းချိတ်ဆွဲထားသည်။ ထို့နောက် အောက်ကနေ မီးပုံရှို့သည်။ အောက်ကို ချပေးရန် လူငယ်တစ်ဦးက တောင်းဆိုချိန်တွင် “အသက်ထွက်ရင် ချပေးမယ်” ဟု ဘေးတွင် အုပ်စုလိုက် ရပ်ကြည့်နေသူများက လှောင်ပြောင်ကြသည်။
ထို့နောက် တစ်ယောက်တစ်ပေါက် အော်ဟစ်ကာ ဩဘာပေးရင်း လူငယ်နှစ်ဦးကို အရှင်လတ်လတ် မီးတင်ရှို့ကြသည်။ မီးခိုးများ အလုံးလိုက်စတက်လာချိန်တွင် တွဲလောင်းကျနေသည့် လူငယ်နှစ်ဦးက ရသမျှရုန်းကန်နေသည်ကို တွေ့ရသည်။
မီးစလောင်ချိန်တွင် ဘေးရှိလူတစ်ဦးက ဓာတ်ဆီဟု ယူဆရသည့် အရည်ကို ပက်ဖျန်းလိုက်ရာ ဝုန်းခနဲ မီးများထတောက်ပြီး လူငယ်နှစ်ဦးကို စတင်စွဲဟပ်တော့သည်။ ဘေးတွင် ဝိုင်းဝန်းကြည့်ရှုနေသူများက လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်အားပေးသည်ကိုလည်း တွေ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး မီးစွဲလောင်သည်အထိ လူငယ်များ ရုန်းကန်နေသည်။
နောက်ပိုင်းတွင် လုံးဝငြိမ်သက်သွားကာ လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်များသည်လည်း မီးသွေးခဲအလား မည်းမည်းမှောင်သွားသည်။
ဗီဒီယိုဖိုင်များအရ လူငယ်နှစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သူများတွင် စစ်ဝတ်စုံအကျအန ဝတ်ထားသူများ ပါဝင်သည်ကို တွေ့ရသည်။ ဒေသခံများအဆိုအရ မြောက်ခင်ရန်းရွာတွင် ဗိုလ်မှူးသန်းနိုင်ဦးဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးဝန်းကျင်ရှိကာ ပျူစောထီးအင်အား ၂၀၀ ကျော်ရှိသည်။
မြောက်ခင်ရန်းတွင် တပ်စွဲထားသည့် စစ်သားများသည် ကလေးမြို့နယ်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့အမည်ကို အသေးစိတ်ကို မသိရဟု ယောဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။
တော်လှန်ရေးအဖွဲ့ဝင်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်ရာ၌ မြောက်ခင်ရန်းရွာရှိ စစ်သားများနှင့် ပျူစောထီးများအပြင် အနီးဝန်းကျင်ရွာများမှ ပျူစောထီးများလည်း ပါဝင်သည်ဟု ဆိုသည်။
“စစ်သားတွေက ဦးဆောင်တယ်။ ပျူစောထီးတွေက လက်တွေ့ အကောင်အထည်ဖော်ပေးတယ်” ဟု YDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
အသက် ၂၀ အရွယ် ဖိုးတေနှင့် သားထောင်
ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးမှာ ဖိုးတေနှင့် သားထောင် အမည်ရ လူငယ်လေးများဖြစ်သည်ဟု YDF က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ထိုလူငယ်နှစ်ဦးမှာ နိုင်ငံအနှံ့မှ လူငယ်များနည်းတူ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သူများ ဖြစ်သည်ဟု သိရသည်။ ဖိုးတေသည် ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ထားသူဖြစ်ကာ သားထောင်မှာ တောင်ယာလုပ်ကိုင်နေသူဖြစ်သည်။
“တိုက်ပွဲအတွေ့အကြုံများတယ်။ တော်လည်းတော်တယ်။ တော်လှန်ရေးစိတ်အပြည့်အဝရှိတဲ့ ရဲဘော်တွေပါ။ ပြည်သူတွေအတွက် သူတို့အသက်ကို ပဓာနမထားဘူးဆိုတဲ့ ရဲဘော်တွေဖြစ်ပါတယ်” ဟု YDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ဖိုးတေနှင့် သားထောင်တို့ ကြုံတွေ့ခဲ့ရသည့် လူမဆန်သော အကြမ်းဖက်မှုများ ထပ်မံမပေါ်ပေါက်လာစေရေး တစ်ခုတည်းသော နည်းလမ်းမှာ တော်လှန်ရေးအောင်မြင်ရန်ဖြစ်ကြောင်း၊ ပြည်သူအားလုံးအနေဖြင့် သွေးမအေးဘဲ တော်လှန်ရေးအောင်မြင်သည်အထိ အရှိန်မြှင့်တင် ပူးပေါင်းပါဝင်သွားကြရန် YDF ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
စစ်ကောင်စီကို အသက်ပေး တော်လှန်သွားသည့် ဖိုးတေနှင့် သားထောင်တို့ကို လေးစားသောအားဖြင့် ၎င်းတို့၏ရုပ်ပုံများကို အသုံးချပြီး ပုံမှားရိုက်အလှူခံခြင်းမျိုးဖြင့် အလွဲသုံးစွားမလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။
“ဒီလို ရက်ရက်စက်စက်သတ်လိမ့်မယ်လို့ မယူဆဘူး။ ပြစ်ဒဏ်ဆိုရင်လည်း သူတို့စစ်ကောင်စီရဲ့ တရားရုံးတွေကနေ ပြစ်ဒဏ်ချမှတ်ပြီး အရေးယူသွားလိမ့်မယ်လို့ ကနဦးယူဆခဲ့တယ်။ ညနေပိုင်း ရောက်တော့ သတင်းတွေကြားရပြီးတဲ့အချိန်မှပဲ ကျွန်တော်တို့ မျှော်လင့်ချက်တွေကို ဆုံးရှုံးခဲ့ရတယ်” ဟု ဖိုးတေနှင့် သားထောင်တို့ သတ်ဖြတ်ခံရသည့်အပေါ် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မှတ်ချက်ပြုသည်။
မြောက်ခင်ရန်းမှသည် ပျူစောထီးရန်မှ ဝေးရာ
ကလေးမြို့တောင်ဘက် မန္တာ၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ ကြံသာ၊ အင်းကျွန်း စသည့် ရွာများနှင့် တစ်ဆက်တစပ်တည်းရှိ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ လယ်ကြီး (အရှေ့)၊ လယ်ကြီး(အနောက်)၊ ဝင်ဝ ကျေးရွာတို့သည် ပျူစောထီးအားကောင်းရာ ရွာများဖြစ်ကြသည်။
လမ်းပန်းဆက်သွယ်ရေးကောင်းပြီး စည်ပင်ဖွံ့ဖြိုးသည့် မြောက်ခင်ရန်းကျေးရွာသည် ရွေးကောက်ပွဲကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ပြိုင်ဆိုင်မှုပြင်းထန်သည့် ရွာဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
အာဏာသိမ်းပြီး လပိုင်းအကြာတွင် မြောက်ခင်ရန်းရွာနှင့် ဟံသာဝတီရွာသို့ စစ်သားများ လာရောက် အခြေချတပ်စွဲကာ ပျူစောထီးရွာအဖြစ် အစပြုပြောင်းလဲခဲ့သည်။
“မုံရွာနမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကနေ စစ်ကားသုံးစီးနဲ့ လာပြီး ရွာထဲမှာ အခြေချလိုက်တဲ့ အချိန်တည်းကစလို့ စစ်တပ်က ဒီရွာတွေကို စီးပြီးတော့မှ ပျူစောထီးရွာအဖြစ် ပြောင်းလဲတော့တာ။ ဒါပေမဲ့ တစ်ရွာလုံးကတော့ ပျူစောထီးမဟုတ်ဘူး” ဟု ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူက ပြောသည်။
မြောက်ခင်ရန်းရွာ၌ စစ်တပ်က ပထမအကြိမ် စစ်သင်တန်းပေးရာတွင် စစ်တပ်လိုလားသူ ၆၀ နီးပါး သင်တန်းတက်ခဲ့သော်လည်း နောက်ပိုင်းသင်တန်းများတွင် တက်ရောက်လိုသူ နည်းလာသဖြင့် မဲနှိုက် ရွေးချယ်ရသည်ဟု ဆိုသည်။
တဖြည်းဖြည်း အင်အားတောင့်တင်းလာသည့် မြောက်ခင်ရန်းရွာမှ ပျူစောထီးများနှင့် စစ်တပ် ပူးပေါင်းကာ ကလေး-ဂန့်ဂေါလမ်းမတစ်လျှောက်ရှိ ကျေးရွာများကို ရွာစဉ်လှည့်စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
လက်နက်ကိုင်ခုခံမှုအားကောင်းရာ ထိုဒေသအတွင်း တော်လှန်ရေးအဖွဲ့များကလည်း နယ်မြေစိုးမိုးမှု တဖြည်းဖြည်းကျယ်ပြန့်လာချိန် ၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ မြောက်ခင်ရန်းရွာမှ ပျူစောထီးများ ရွာစဉ်လှည့်စစ်ကြောင်းထိုးမှု ရပ်တန့်သွားသည်။
မြောက်ခင်ရန်းရွာကို ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏတိုက်ခိုက်ခဲ့သော်လည်း ခံစစ်အခိုင်အမာပြင်ထားသဖြင့် တစ်ရွာလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။
မြောက်ခင်ရန်းရွာသည် ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးလှဆွေဦးဆောင်ကာ ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းပေးနေသည့်ရွာဖြစ်သည်။ ပျူစောထီးအဖွဲ့များကို ၎င်းကိုယ်တိုင် စုစည်းပေးခဲ့ကြောင်း ဘူးလက်လှဆွေဟုလည်း လူသိများသူ ၎င်းက ထုတ်ဖော်ပြောဆိုဖူးသည်။
နိုဝင်ဘာဆန်းတွင် ဂန့်ဂေါနယ်နှင့် ကလေးနယ်မှ စစ်ကောင်စီတပ်စွဲရာ နေရာများကို ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်းနှင့် ကလေးမြို့ မြောက်စည်းရဲစခန်းတို့ကို လက်လွှတ်ခဲ့ရပြီးနောက် မြောက်ခင်ရန်းကျေးရွာမှ ပျူစောထီးများသည် စစ်ကူကြိုတောင်းသော်လည်း မရရှိခဲ့ကြောင်း၊ ၎င်းရွာမှ ပျူစောထီးများသည် ထိုနယ်တစ်ဝိုက် အမာဆုံးဖြစ်ကြောင်း ဦးလှဆွေက ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ နိုဝင်ဘာ ၇ ရက်နေ့က ရေးသားခဲ့သည်။
ကလေး -ဂန့်ဂေါလမ်းပိုင်းတွင် ကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ပျူစောထီးရွာများတွင် နေထိုင်သူများအနေဖြင့် အပြင်မထွက်နိုင်ဖြစ်နေပြီး အခြေခံစားသောက်ကုန်များလည်း မတန်တဆဈေးနှုန်းကြီးမြင့်နေသည်ဟု ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းတွင် ဆားတစ်ပိဿာကို ကျပ်၂၀,၀၀၀၊ ဟင်းချိုမှုန့်တစ်ပိဿာကို ၇၀,၀၀၀ ဈေးပေါက်ခဲ့သည်။ ထို့နောက် တစ်လခန့်အကြာ ဆားတစ်ပိဿာကို ကျပ်ငါးသောင်းထိ မြင့်တက်သွားပြီး ဟင်းချိုမှုန့်တစ်ပိဿာလျှင် တစ်သိန်းနှစ်သောင်းထိ ဈေးပေါက်နေသည်ဟု မြောက်ခင်ရန်းမှ ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။
ပြည်သူများက စပါး၊ ပဲများကို ရောင်းချရာ၌ ပျူစောထီးနှင့် နီးစပ်သူများက ပေါက်ဈေးထက် နိမ့်သည့်ဈေးဖြင့် ဝယ်ယူကြသည်ဟု ဆိုသည်။
“ဟိုရွာဒီရွာတွေကိုလည်း ရောင်းပိုင်ခွင့်မပေးဘူး။ မြောက်ခင်ရန်းကိုလည်း အပြင်ရွာတွေက တအားမုန်းတဲ့အခါကျတော့ ဘယ်သူမှ လာမဝယ်ဘူး။ ဘယ်ရွာကမှ အသွားအလာမရှိဘူး” ဟု ထွက်ပြေး လွတ်မြောက်လာသည့် မြောက်ခင်ရန်းသူက ပြောသည်။
မြောက်ခင်ရန်းကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာဖြစ်သော်လည်း ရွာအတွင်း ပျူစောထီးအဖွဲ့ဝင်မဟုတ်သူများလည်း ရှိနေဆဲဖြစ်သည်ဟု သိရသည်။ ရာနှင့်ချီသည့် မြောက်ခင်ရန်းရွာခံများမှာ ရရာနည်းလမ်းဖြင့် ထွက်ပြေးနေကြသည်။
လွန်ခဲ့သည့် နှစ်နှစ်ကျော်အတွင်း မြောက်ခင်ရန်းရွာမှ ထွက်ပြေးလာသူ ထောင်ချီရှိပြီဖြစ်သည်ဟု ဂန့်ဂေါမြို့နယ်ပကဖထံမှ သိရသည်။
ထွက်ပြေးသူများကို အသက်ဘေး အာမမခံကြောင်း၊ တော်လှန်ရေးအဖွဲ့များထံတွင် ဘေးဒုက္ခများ ကြုံရမည်ဖြစ်ကြောင်း ပျူစောထီးများက ခြိမ်းခြောက်ထားသည်။ ထို့ပြင် ရွာပတ်လည်၌ မြေမြှုပ်မိုင်းများ ထောင်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက မြောက်ခင်ရန်းရွာဒေသခံ ၁၃ ဦး ထွက်ပြေးလာစဉ် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ရသည်။
“အဲ့ဒီမိုင်းတွေက စစ်ကောင်စီက မိုင်းတွေဆိုတာ သေချာတယ်။ ရွာတွေမှာ သူတို့တွေ လမ်းတွေမှာ သွားထောင်တာ၊ ဖြုတ်လာတာတွေ ကျွန်မတို့က တောထွက်တာမှာ အဲ့ဒီမိုင်းတွေကို မြင်ဖူးတယ်” ဟု ထိုနေ့က အတူထွက်ပြေးလာသည့် မြောက်ခင်ရန်းမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
မြောက်ခင်ရန်းက ထွက်ပြေးလာသူများကို ကူညီထောက်ပံ့မှုများပေးအပ်ထားကြောင်း မြို့နယ်ပကဖ တာဝန်ရှိသူက ဆိုသည်။
လူမဆန်သော အကြမ်းဖက်မှုများနှင့် ယဉ်ပါးနေသော စစ်တပ်
ဖမ်းဆီးရမိသည့် တော်လှန်ရေးအဖွဲ့ဝင်များကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းမှာ အများပြည်သူ ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဦးဇော်မှိုင်းဆိုသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။
“ဒါမျိုးလုပ်ပြလိုက်လို့ရှိရင် အကြောက်တရားနဲ့ နောက်တစ်ခါ လန့်နေရအောင် အဲ့လိုပဲ တွေးတယ်။ နောက်တစ်ခါ ဒီဟာကိုလန့်နေရအောင်၊ မကပ်ရဲအောင်၊ ရွာမှာရှိတဲ့အနီတွေလည်း မထွက်ရဲအောင်၊ အနီဘက် (NLD ဘက်) ပူးပေါင်းမသွားရဲအောင်လှန့်တာလို့ပဲ သဘောယူဆတယ်”
အာဏာသိမ်းပြီးစက လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အရက်စက်ဆုံးပစ်ခတ်ဖြိုခွင်းခဲ့သည့် စစ်တပ်သည် လွန်ခဲ့သည့် သုံးနှစ်တာအတွင်း လူမဆန်သော အကြမ်းဖက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့သည်။
လမ်းပေါ်ထွက် ဆန္ဒပြပါက ဦးခေါင်းကို သေနတ်ပစ်ခံရနိုင်သည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားမှနေ၍ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ကြေညာခဲ့သည့် စစ်တပ်ဖြစ်သည်။ နေရာဒေသအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပြင်းထန်လာချိန်တွင်လည်း မြေပြင်စစ်ကြောင်းသာမက တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများတွင် တိုက်တိုင်းရှုံးနေသော စစ်တပ်သည် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ မြို့ရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးစဉ် ဒေသခံပေါင်းများစွာကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။
ဖမ်းဆီးရမိသူများကို ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါများ တစ်စစီဖြတ်တောက်ကာ သတ်ဖြတ်သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည့်နည်းတူ အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် ဖြစ်စဉ်များလည်း အမြောက်အမြားရှိနေသည်။
ထို့ပြင် လေကြောင်းမှနေ၍ စာသင်သား ကလေးငယ်များနှင့် အမျိုးသမီးများပါမကျန် ဗုံးကြဲတိုက်ခိုက်နေသည်မှာလည်း ယနေ့တိုင်ဖြစ်သည်။