ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် အခြေစိုက် ယောဒေသကာကွယ်ရေးတပ်-YDF မှ တာဝန်ရှိသူနှစ်ဦးကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ချင်းအမျိုးသားတပ်မတော်-CNA က ဖမ်းဆီးခဲ့ပြီးနောက် နှစ်ဖွဲ့အကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေသည်။
YDF ၏ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတာဝန်ခံ ကိုအုပ်သိမ်း၊ ဒုတပ်ကြပ်တို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ ရောင်နက်ရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း YDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖမ်းခံရသူနှစ်ဦးစလုံးကို CNA က အိန္ဒိယ-မြန်မာနယ်စပ် ထန်တလန်မြို့ရှိ ၎င်းတို့ဌာနချုပ် ဝိတိုရိယစခန်းဆီသို့ ခေါ်ဆောင်သွားသည်ဟုလည်း YDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကျွန်တော်တို့ ယောနယ်ထဲထိကို ဝင်ဖမ်းသွားတာ။ ဘယ်လိုပုံစံဖမ်းဆီးသွားလဲ၊ အဲ့လိုမျိုးတော့ ကျွန်တော်တို့မသိရဘူးဗျ။ (သူတို့) ဌာနချုပ်ကို ခေါ်သွားတယ်လို့ပဲ သိရတယ်” ဟု သူက ဇူလိုင် ၉ နံနက်ပိုင်းတွင် ပြောကြားသည်။
YDF အဖွဲ့ဝင်နှစ်ဦး ၎င်းတို့လက်ထဲ ရောက်နေကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။
“ကျွန်တော်တို့ ဖမ်းတာမဟုတ်ပါဘူး။ မေးမြန်းစရာရှိလို့ ခဏလေးခေါ်ပြီး ထိန်းထားတဲ့သဘောပါ” ဟု သူက Myanmar Now ၏ မေးမြန်းမှုကို တုံ့ပြန်ခဲ့သည်။
ချင်းတော်လှန်ရေးတပ် CNA သည် ၁၉၈၈ ကတည်းက တည်ထောင်ခဲ့သည့် ဝါရင့်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်တွင် အင်အား ၂၀၀ ခန့်ရှိသည့် တပ်ဖွဲ့ဖြစ်ကြောင်း သုတေသနအဖွဲ့များက ခန့်မှန်းထားသည်။ CNA သည် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA ကို ၂၀၁၅ တွင် လက်မှတ်ထိုးခဲ့သော်လည်း အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသည်။
YDF သည် ၂၀၂၁ ဖေဖော်ဝါရီလဆန်း မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
မတူပီတိုက်ပွဲနောက်က တော်လှန်ရေးတပ်များ၏ ပဋိပက္ခ
CNA နှင့် YDF အကြားပြဿနာသည် ချင်းပြည်နယ်တောင်ပိုင်းမှ မတူပီမြို့ကို စစ်ကောင်စီလက်ထဲမှ အပြိုင်အဆိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများအနက် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကို CNA နှင့် ၎င်းတို့၏မဟာမိတ်များက မေလကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့နောက် ရက်ပိုင်းအကြာ ဇွန်လဆန်းတွင် မတူပီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာ အခြေချတပ်စွဲထားသည့် တပ်ရင်းများကို နောက်ထပ်တော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့သည်။ ထိုတပ်ပေါင်းစုတွင် ယောတပ် YDF ပါဝင်ပြီး မဟာမိတ်များဖြစ်ကြသည့် ချင်းညီနောင်၊ ရခိုင်တပ် AA၊ Yaw Army တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
မတူပီတိုက်ပွဲတွင် တော်လှန်ရေးတပ်ပေါင်းစုနှစ်ခုသည် စစ်ကောင်စီကို အပြိုင်တိုက်ခိုက်ခဲ့ကြသလို တော်လှန်ရေးတပ်များအချင်းချင်းလည်း ပစ်ခတ်မှုများရှိခဲ့ကြပြီး အကျအဆုံးလည်း ရှိခဲ့သည်။
လက်ရှိအချိန်တွင် မတူပီမြို့ကို ယောတပ် YDF၊ ရခိုင်တပ် AA နှင့် Yaw Army တို့၏ မဟာမိတ်ဖြစ်သည့် ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားသည်။
မြို့ကို စစ်ကောင်စီလက်ထဲမှ သိမ်းပြီးနောက် ၎င်းတို့ကို ချင်းတပ် CNA ဦးဆောင်သည့် တော်လှန်ရေးတပ်ပေါင်းစုက ချုံခိုတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မတူပီမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းတပ် CNA ပြောခွင့်ရ ဆလိုင်းထက်နီကလည်း အတည်ပြုသည်။
ယောတပ် YDF အဖွဲ့ဝင်များကို ခေါ်ထားခြင်းက မတူပီတိုက်ပွဲနှင့် ဆက်စပ်သည်ဟုလည်း ၎င်းက ပြောသည်။
“ချင်းပြည်တောင်ပိုင်းဘက်မှာ ကျွန်တော်တို့နဲ့ AA နဲ့ကြားက စစ်ကောင်စီ စခန်းသိမ်းမှုမှာ ပွတ်တိုက်မှုတွေရှိနေတယ်။ ဒီယောဘက်က ကာကွယ်ရေးတပ်ဖွဲ့တွေလည်း AA နဲ့ ပူးပေါင်းပြီးတော့ ပါနေတာ တွေ့ရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ခေါင်းဆောင်တွေကိုလည်း နှစ်ဖက်ဆွေးနွေးဖို့ အနေအထားတွေ ဆွေးနွေးဖို့ ခေါ်ထားပါတယ်” ဟု ဆလိုင်းထက်နီက ဆိုသည်။
ယောတပ် YDF ဘက်ကတော့ မတူပီတိုက်ပွဲသည် စစ်ကောင်စီကို ချေမှုန်းသည့် စစ်ဆင်ရေးဖြစ်သောကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ချင်းညီနောင်နှင့် ချင်းတပ် CNA တို့အကြား မတူပီတွင် ဖြစ်ပွားနေသည့် ပဋိပက္ခတွင် ပါဝင်မည်မဟုတ်ဟု ဆိုသည်။
“(မတူပီမှာ တိုက်တာက) စစ်အာဏာရှင် ကျဆုံးရေးအတွက် ဖြစ်တာကိုး။ ဒါပေမဲ့ သူတို့ (ချင်းလူမျိုးစု လက်နက်ကိုင်တွေ) အချင်းချင်းကြား ဖြစ်တဲ့ ပြဿနာတွေမှာတော့ ကျွန်တော်တို့ မပါပါဘူး” ဟု အထက်ပါ ယောတပ် YDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
၎င်းတို့တပ်သားနှစ်ဦး ဖမ်းဆီးခံရသည်ကို လက်တုံ့ပြန်သည့်အနေဖြင့် မကွေးတိုင်းမှ ချင်းပြည်နယ်သို့ သွားသည့်လမ်းကို ယောတပ် YDF ဘက်က ပိတ်ထားလိုက်ရာ ကားများ လမ်းတွင် ပိတ်မိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ယောတပ် YDF သည် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စသည့် မြို့နယ်များပါဝင်သည့် မကွေးတိုင်း၊ ယောဒေသတွင် အခြေစိုက်ပြီး ယင်းဒေသသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
“ကျွန်တော်တို့ရဲဘော်တွေ ပြန်မလွှတ်ပေးဘူးဆိုရင်တော့ မလိုလားအပ်တာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်” ဟု YDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
နှစ်ဖက်တပ်များအကြား တင်းမာမှုများကို အဆုံးသတ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဝင်ရန် ကြိုးစားနေသည်ဟုလည်း ထိုအဖွဲ့၏ ပြောခွင့်ရှိသူက ဆိုသည်။
အဖုအထစ်ဖြစ်လာသည့် ချင်းတပ် CNA နှင့် ရခိုင်တပ် AA ဆက်ဆံရေး
YDF သည် နောက်ထပ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရခိုင်တပ် အာရက္ခတပ်တော်- AA နှင့် မဟာမိတ်ဆက်ဆံရေးရှိပြီး မကွေးတိုင်း ယောဒေသ၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီတပ်ကို ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်နေသည်။
ရခိုင်တပ် AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်နိမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ယခုနှစ်ဆန်းပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေစိုးမိုးထားသည်။
ပလက်ဝမြို့နယ်ကို AA ထိန်းချုပ်လိုက်ပြီးနောက် ချင်းလူမျိုးအများစုနေထိုင်ရာ ထိုဒေသတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး ချင်းတပ် CNA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် CNF ဦးဆောင်သော ချင်းပြည်ကောင်စီနှင့် AA အကြား အငြင်းပွားမှုများ ပိုမိုဖြစ်လာသည်။
ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးများအတွက် ရခိုင်တပ် AA နှင့် ညှိနှိုင်းရန် ၎င်းတို့ဘက်က ကမ်းလှမ်းထားသော်လည်း ယနေ့အထိ အကြောင်းပြန်ကြားခြင်းမရှိသေးဟု ချင်းတပ် CNA ၏ ပြောခွင့်ရအရာရှိ ဆလိုင်းထက်နီက ဆိုသည်။
နိုင်ငံအနောက်မြောက်ဘက် ချင်းဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း တော်လှန်ရေးအင်အားစုများကြား ယခုနှစ်ဆန်းပိုင်းကစတင်ပြီး တင်းမာမှု မြင့်တက်လာသည်။
ချင်းပြည်နယ်အတွင်းမှ ရိခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာနှင့် တွန်းဇံမြို့တို့ကို CNA က သိမ်းပိုက်ထားသည်။
ချင်းညီနောင်တပ်ဖွဲ့ကတော့ ကျင်ဒွေးနှင့် မတူပီမြို့များကို သိမ်းပိုက်ထားသည်။
ရခိုင်တပ် AA က ချင်းပြည်နယ်ထဲမှ ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။