(စိတ်မချမ်းမြေ့စရာအကြောင်းအရာများ၊ ဓာတ်ပုံများ ပါဝင်သည်)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာထဲမှ ထွက်လာသော စစ်ကောင်စီတပ်က ယမန်နေ့ (ဖေဖော်ဝါရီ ၁၄) တွင် အရပ်သား ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောကြသည်။
စစ်သား၊ ပျူစောထီး ခေါ် ပြည်သူ့စစ် စုစုပေါင်းအင်အား ၂၀၀ နီးပါးက ရွာတောင်ဘက်ရှိ သင်တော၊ ရွှေဘိုကျေးရွာဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးခဲ့စဉ် အသက် ၂၀ နှင့် ၅၆ နှစ်ကြားအရွယ်ရှိ အမျိုးသားများကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။
အသတ်ခံရသူများမှာ သင်တောရွာသားများဖြစ်သည့် ဦးဘိုသန်း (၅၆ နှစ်)၊ ဦးပြူးသာ (၅၆ နှစ်)၊ ဦးဌေးအောင် (၅၂ နှစ်)၊ ကိုတင့်လွင် (၃၆ နှစ်)၊ ကိုမောင်နိုင် (၃၃ နှစ်) ကိုမောင်ပု (၃၃ နှစ်) နှင့် ကိုကျော်မိုးလွင် (၂၆ နှစ်)၊ ရွှေဘိုရွာသားများဖြစ်သော ကိုတိုးလွင် (၂၅ နှစ်) နှင့် ကိုမျိုးသန့် (၃၇ နှစ်)၊ စစ်ရှောင်ရောက်နေသည့် ကံတိုးရွာသား ကိုဇော်လင်းအောင် (၃၇ နှစ်) တို့ဖြစ်ကြသည်။
သေဆုံးသူအားလုံး အရပ်သားများဖြစ်သည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ပြောသည်။
“ကာကွယ်ရေးအဖွဲ့ဝင် တစ်ယောက်မှမပါဘူး။ ပြည်သူစစ်စစ်တွေပါ။ ရွာထဲမှာ ပိတ်မိပြီး ကျန်ခဲ့တဲ့ ပြည်သူတွေပါ” ဟု ဂန့်ဂေါမြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြောက်ခင်ရန်းရွာမှ စစ်သားနှင့်ပျူ အဖွဲ့က အုပ်စု ၃ ခုခွဲကာ စစ်ကြောင်းထိုးလာရာ ရွာတောင်ဘက် ကပ်လျက်ရွာဖြစ်သော သင်တောရွာကို နံနက် ၄ နာရီဝန်းကျင်တွင် စတင်စီးနင်းခဲ့သည်။
ရွာခံများ ကျေးရွာအတွင်း ပိတ်မိကာ ကလေး၊ အမျိုးသမီးများ အပါအဝင် ဒေသခံတချို့ ဖမ်းဆီးခံရသည်ဟု ဂန့်ဂေါမြို့နယ် ပကဖတာဝန်ရှိသူက ဆိုသည်။
ဖမ်းဆီးခံရသူများထဲမှ သင်တောရွာသား ၇ ဦးကို စစ်တပ်နှင့်ပျူ ပူးပေါင်းတပ်ဖွဲ့က နှိပ်စက်ညှဉ်းပန်း၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုသူတို့၏ ရုပ်အလောင်းများကို သင်တောရွာနှင့် ရွှေဘိုရွာအကြား ဘုရားကုန်းပေါ်ရှိ လမ်းဘေးတွင် အစုအပြုံလိုက် စွန့်ပစ်ထားကြောင်း ယမန်နေ့ ညနေတွင် တွေ့ရှိခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ တွေ့တဲ့အချိန်မှာ ကြိုးတွေနဲ့ တုပ်ထားတာတွေလည်း ရှိတယ်။ လက်တွေမှာလည်း ကြိုးတွေ ချည်ထားတာတွေ ရှိတယ်။ ခေါင်းတွေကို ပစ်တယ်။ တချို့ကတော့ ခန္ဓာကိုယ်နေရာအနှံ့ကို ပစ်ပြီးတော့မှ အစုလိုက်အပြုံလိုက်ကို သတ်ပြီးတော့မှ ပုံထားတဲ့အလောင်းတွေကို တွေ့ရတာပါ”
ဓားစာခံ ၁၃ ဦး
သင်တောရွာမှ ဖမ်းဆီးလာသူများအနက် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ် ၁၃ ဦး ပါဝင်ရာ ထိုသူများမှာ အဆက်အသွယ်ပြတ်နေဆဲဖြစ်ပြီး သေသည်ရှင်သည် မသိရကြောင်း ဂန့်ဂေါပကဖက ဆိုသည်။
ထိုစစ်ကြောင်း မြောက်ခင်ရန်းရွာဘက် ပြန်လည် ဆုတ်ခွာသွားစဉ် ဓားစာခံများကို ခေါ်ဆောင်သွားမသွား သေချာမသိရကြောင်း ဒေသခံတို့က ဆိုသည်။
ထိုစစ်ကြောင်းသည် သင်တောရွာဘေးကပ်လျှက် ရွှေဘိုရွာကို ဆက်လက်စီးနင်းခဲ့ရာ ကိုတိုးလွင်နှင့် ကိုမျိုးသန့်တို့ ၎င်းတို့နေအိမ်ခြံဝင်းအသီးသီးတွင် ဦးခေါင်းကို တေ့၍ ပစ်သတ်ခံထားရသည်ဟု ပကဖက ပြောသည်။
ယင်းရွာအနီး စစ်ရှောင်ရောက်နေသည့် ကံတိုးရွာမှ ကိုဇော်လင်းအောင်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပတ်ဝန်းကျင်ကို ပစ်ခတ်စဉ် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့သည်။
ထို့နောက် ယင်းနေ့ မွန်းလွဲမှာပင် မြောက်ခင်ရန်းကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သွားသည်ဟု သိရသည်။
မြောက်ခင်ရန်းမှ လာသည့် စစ်ကောင်စီတပ်ကို နံနက် ၈ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်၊ လက်နက်ခဲယမ်းမပြည့်စုံမှု အခက်အခဲကြောင့် ပြန်ဆုတ်ခဲ့ရသည်ဟု တိုက်ခိုက်ရာတွင် ပါဝင်သည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) CDF (KKG) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုနေရာသည် ချင်းနှင့် မကွေးနယ်စပ်ဖြစ်သောကြောင့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလှုပ်ရှားနေပြီး ထိုနေ့က CDF (KKG)၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ထိုဒေသ အရပ်သားများကို သတ်ဖြတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ယမန်နေ့ နေ့လယ်က ရွှေဘိုရွာအနီးတိုက်ပွဲ ဖြစ်သည်ဟု ရေးသားထားကြပြီး PDF ၇ ဦး သေဆုံးသည်၊ လက်လုပ်သေနတ်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု ဖော်ပြထားကြသည်။
တော်လှန်ရေးအင်အားစုကမူ ယမန်နေ့ပစ်ခတ်မှုအတွင်း ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း ပြောသည်။
PDF ၇ ဦး ဆိုသည်မှာ ကြိုးတုပ် နှိပ်စက် သတ်ဖြတ်ခံရသော သင်တောရွာသား ၇ ဦးကို ဆိုလိုခြင်း ဟုတ်မဟုတ် မသိရသေးပေ။
နိုင်ငံအနှံ့ အရပ်သားများ သတ်ဖြတ်ခံရမှုများအနက် ဖြစ်စဉ်တချို့တွင် သေဆုံးသူတို့မှာ တော်လှန်ရေးသမားများ ဖြစ်သည်ဟု စစ်ကောင်စီက ဝါဒဖြန့်သတင်းထုတ်ခဲ့ဖူးသည်။
ယခင်က လူငယ် ၂ ဦးကို မီးရှို့သတ်ဖြတ်မှု
ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ မြောက်ခင်ရန်းကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်ပြီး စစ်တပ်နှင့် ပျူစောထီးများ အခိုင်အမာအခြေချတပ်စွဲထားသည့် ကျေးရွာဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် မြောက်ခင်ရန်းရွာမှ စစ်တပ်နှင့် ပျူစောထီးများကို တော်လှန်ရေးအင်အားစု ဝင်ရောက်တိုက်ခိုက်စဉ် ယောကာကွယ်ရေးတပ် (YDF) အဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရကာ ထိုလူငယ်နှစ်ဦး နှိပ်စက်ညှဉ်းပန်းခံရပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသည်ဟု YDF က ထုတ်ပြန်ခဲ့သည်။
တော်လှန်ရေးအဖွဲ့ဝင် ၂ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံရသည့် ရုပ်သံဖိုင်မှာ ဖေဖော်ဝါရီလဆန်းတွင် အွန်လိုင်း လူမှုကွန်ရက်တွင် ပျံ့နှံ့သွားသည်။
လဆန်းပိုင်းမှာပင် စစ်ကောင်စီက မြောက်ခင်ရန်းနှင့် အနီးရှိ ပျူရွာများကို လေကြောင်းမှတစ်ဆင့် လက်နက်ခဲယမ်းချပေးခဲ့ကြောင်း သတင်းအခိုင်အမာရရှိသည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုက ပြောသည်။
လနှင့်ချီ စစ်ကြောင်းမထိုးခဲ့သည့် မြောက်ခင်ရန်းမှ စစ်ကောင်စီတပ်ဖွဲ့သည် ခဲယမ်းပြည့်စုံသဖြင့် အနီးဝန်းကျင်ကျေးရွာများကို တစ်ကျော့ပြန်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်၊ ယမန်နေ့က စီးနင်းတိုက်ခိုက်မှုအပြီး သင်တောရွာမှ နေအိမ် ၂၀ ကျော်၊ ရွှေဘိုရွာမှ နေအိမ် ၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့သည့်အပြင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ကားနှင့်တင်ကာ ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
သင်တောရွာမှာ အိမ်ခြေ ၂၂၀ ကျော်ရှိသည့်အနက် အိမ်ခြေ သုံးပုံနှစ်ပုံနီးပါးမှာ ၂၀၂၂ နှစ်ဆန်းပိုင်းတွင်ပင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွှေဘိုကျေးရွာမှာလည်း နေအိမ် ၃၀ နီးပါး ဖျက်ဆီးခံထားရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းတွင် ငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၄၄ ခု ရှိခဲ့ပြီး အရပ်သား ၁၅၉၅ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်ပါ အချက်အလက်များအရ ခုခံတော်လှန်မှုအားအကောင်းဆုံးဒေသများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အကြိမ် ၉၀ ဖြစ်ပွားခဲ့ပြီး မကွေးတိုင်းတွင် ၁၅ ကြိမ် ဖြစ်ပွားခဲ့သည်။