ယမန်နေ့ (အောက်တိုဘာ ၉) က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်စဉ် ယောကာကွယ်ရေးတပ် (Yaw Defense Force- YDF) ဒုစစ်ဦးစီးချုပ်ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် YDF ဒုစစ်ဦးစီးချုပ်ဖြစ်သူ ကိုဖြိုးနှင့် ရဲဘော်နှစ်ဦးသည် ဆိုင်ကယ်ဖြင့် သွားလာရင်း ဂန့်ဂေါမြို့နယ်မြောက်ဘက် ကျွန်းခုံသာရွာအနီး အင်အား ၈ ဦးခန့်ပါ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ကာ အပြန်အလှန်ပစ်ခတ်ရင်း ထိုသို့သေဆုံးခဲ့ခြင်းဖြစ်သည်။
“ထိပ်တိုက်တွေ့တော့ မလွတ်တော့ဘူးဆိုပြီး ခံပစ်လိုက်တာပေါ့။ စစ်ကောင်စီဘက်က ဒုတပ်ကြပ် ရဲဝင်းအောင် သေသွားတယ်။ ပြီးတော့ နောက်ရဲတပ်သားတစ်ယောက်က ပေါင်ကြေသွားတယ် ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒုစစ်ဦးစီးချုပ်သေတယ်။ အဖွဲ့ဝင်တစ်ယောက်သေတယ်။ တစ်ယောက်က လက်မောင်းမှာ ဒဏ်ရာရတယ်” ဟု YDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြတ်သူက ပြောသည်။
ယောဒေသကာကွယ်ရေးအဖွဲ့ ဒုစစ်ဦးစီးချုပ်ဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ကိုဖြိုးမှာ ပေါင်နှင့် ရင်ဘတ်နေရာတွင် ဒဏ်ရာများရရှိကာ နေရာမှာပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ YDF အတွက်ကတော့ ခေါင်းဆောင်တစ်ယောက်ပါသွားတာဆိုတော့ ကြီးကြီးမားမား ဆုံးရှုံးမှုပဲ။ အလောင်းပြန်ယူနိုင်လိုက်တယ်။ အနီးအနားမှာ ကျွန်တော်တို့ တပ်တွေရှိတယ်” ဟု ကိုမြတ်သူက ဆိုသည်။
သေဆုံးခဲ့သော ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်အတွက် နာရေးအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၁၀) နံနက်တွင် စစ်ရေးအခမ်းအနားဖြင့် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ်ရှိ ယောဒေသ၌ မြို့နယ်ငါးမြို့နယ်ကို ကိုယ်စားပြု၍ ယမန်နှစ် မေလက စုဖွဲ့ခဲ့သော YDF တွင် တပ်ရင်း ၁၅ ရင်းရှိပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။
နယ်မြေချင်း ထိစပ်နေသော ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ စစ်ကိုင်းတိုင်းမှ တမူး၊ ကလေး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ပုလဲ၊ ဒီပဲယင်း၊ မကွေးတိုင်းမှ မြိုင်၊ ပေါက် စသည့် မြို့နယ်များမှ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍လည်း YDF က စစ်ကောင်စီကို ခုခံတော်လှန်နေသည်။
သီတင်းကျွတ်လပြည့်နေ့ အခါသမယဖြစ်သော ယမန်နေ့တွင် ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့တွင် စစ်ကောင်စီနှင့် ဒေသခံတော်လှန်ရေးအဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)