
မကွေးတိုင်း ကျောမြို့ ပုထိုးလုံ ရေနံမြေဓာတ်အားပေးစက်ရုံမှ အင်ဂျင်နီယာမှူး ဦးမင်းအောင်ကို ဆက်လက် ဖမ်းဆီးထားပြီး ကျန်ဝန်ထမ်း ၂၃ ဦးကို ယမန်နေ့ (ဩဂုတ် ၁) တွင် ပြန်လွှတ်ပြီးဖြစ်သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ပြောသည်။
၎င်းတို့ကို ဇူလိုင် ၂၈ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ အင်ဂျင်နီယာမှူးကို ဆက်လက် စစ်ဆေးရဦးမည်ဖြစ်ကြောင်း YDF ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းက ပြောသည်။
“ဦးမင်းအောင်ကတော့ လောလောဆယ် စစ်ဆေးမှုကတော့ မပြီးသေးပါဘူးဗျ၊ YDF ရဲ့ တရားစီရင်ရေးဌာနတွေက စစ်ဆေးနေပါတယ်ဗျ၊ တချို့အချက်အလက်တွေကတော့ သိရပြီ၊ သူ့ရဲ့ကျန်းမာရေးအတွက်လည်း လုပ်ပေးနေတော့ အလုံးစုံတော့ စစ်ဆေးလို့မရသေးဘူး” ဟု ကိုမင်းမင်းက ဆိုသည်။
ဦးမင်းအောင်မှာ ကျောက်ကပ်ရောဂါခံစားနေရသည့်အတွက် လိုအပ်သည့် ပြုစု၊ ကုသမှုများ လုပ်ဆောင်နေသလို စစ်ဆေးမေးမြန်းပြီး လိုအပ်သည့် အရေးယူဆောင်ရွက်မှုများလည်း ရှိမည်ဟု YDF က ထုတ်ပြန်ထားသည်။
ဇူလိုင် ၃၁ ရက်နေ့ကလည်း YDF တပ်များလှုပ်ရှားသည့် နယ်မြေအတွင်း ဝင်ရောက်ထောက်လှမ်းလာသည့် ဂန့်ဂေါမြို့မရဲစခန်းမှ ရဲမေ မခိုင်ဇာကြည်လွင်၊ ရဲတပ်သား မောင်ဖြိုးသက်ကျော်နှင့် ၎င်း၏ညီ မောင်နိုင်ဝင်းထွန်းတို့ကို YDF က ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးစဉ် ဆိုင်ကယ်ဖြင့် ထွက်ပြေးသည့် ရဲမေ မခိုင်ဇာကြည်လွင် ပစ်ခတ်ခံရပြီး သေဆုံးသည်ဟု YDF ထံမှ သိရသည်။
“သူတို့ကို ရဲတွေမှန်း ကျွန်တော်တို့ ရဲဘော်တွေက ကြိုသိထားတာ၊ ထောက်လှမ်းရေးလာလုပ်တဲ့ အခြေအနေမျိုးမှာ ထိပ်တိုက်တွေ့သွားတဲ့ သဘောမျိုးပေါ့” ဟု YDF ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းက ပြောသည်။
ကျန်ရှိသည့် နှစ်ဦးကို YDF ၏ သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစစ်ဆေးနေသည်ဟု ဆိုသည်။
ထို့ပြင် ယနေ့နံနက် ၉ နာရီခန့်ကလည်း ထီးလင်းမြို့လယ်ရှိ စိုက်ပျိုးရေးဘဏ်အနီးနှင့် ဆောက်လုပ်ရေးဘဏ်အနီးတွင် YDF-ထီးလင်းအဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ရဲနှစ်ဦးနှင့် စိုက်ပျိုးရေးဘဏ်မန်နေဂျာတို့ ဒဏ်ရာရခဲ့သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာရာတွင် ယောဒေသတွင်လည်း ပြီးခဲ့သည့်နှစ်မှစ၍ တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။
ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်း ရှိနေသည့် YDF နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များကို အဆက်မပြတ် တိုက်ခိုက်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)