သတင်း

YDF တပ်ရင်းစခန်းခွဲ စီးနင်းခံရ၊ ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်းရှိ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ၏ စခန်းခွဲတစ်ခု ဇွန် ၃၀ ရက်က စီးနင်းခံရပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ခန့် ဆုံးရှုံးသွားသည်။

ရွှေစွန်ညိုတပ်ရင်းဟု အမည်ပေးထားသည့် ထိုစခန်းခွဲမှာ ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်မျဉ်းအနီး ရှိပြီး ၎င်းတို့ပိုင်စခန်းဖြစ်သည်ဟု YDF တပ်ရင်း ၁၅၊ သတင်းပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီးက ပြောသည်။

စီးနင်းမခံရမီ တစ်ရက်ဖြစ်သော ဇွန် ၂၉ ရက်က ထိုစခန်းနှင့် မိုင်အနည်းငယ်အကွာ ချင်းပြည်နယ်အတွင်း တစ်နေရာ၌ မင်းတပ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်နှင့် စီးနင်းခံရချိန်တွင် ရွှေစွန်ညိုစခန်းခွဲ၌ YDF-တပ်ရင်း ၁၅ မှ တပ်ဖွဲ့ဝင်အားလုံးနီးပါး မရှိဘဲ ထီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေကြောင်း ကိုကျော်ကြီးက ဆိုသည်။

ထို့ကြောင့် CDF-မင်းတပ်အဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ် ပြန်ဆုတ်ချိန် ရွှေစွန်ညိုစခန်းကို ဝင်ရောက်ဖျက်ဆီးစဉ် လူသူထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“စခန်းမှာ ကျန်ရှိတဲ့ ရဲဘော်တွေက သူတို့မှာလည်း CDF နဲ့ ပူးပေါင်းတိုက်ဖို့ လက်နက်ကောင်းတွေကလည်း မရှိဘူး။ အကုန်လုံးကလည်း ရှေ့တန်းရောက်နေတယ်ဆိုတော့ ဒီအတိုင်းပဲ စခန်းကို စွန့်ခွာခဲ့ရတာပါဗျ”။

လက်လုပ်လက်နက်အချို့နှင့်အတူ ဆိုင်ကယ် ၁၁ စီး၊ ဆိုလာပြားများနှင့် စခန်းသုံးပစ္စည်းများ မီးလောင် ပျက်စီးခဲ့ကြောင်း၊ ဆန်နှင့် ရိက္ခာအချို့ကိုမူ ကြိုတင်ရွှေ့ပြောင်းထားနိုင်ခဲ့ကြောင်း ကိုကျော်ကြီးက ဆိုသည်။

စခန်းစီးနင်းပြီးနောက် စစ်ကောင်စီတပ်က ထီးလင်းမြို့တွင်းနှင့် မြို့တောင်ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ရေးလှုပ်ရှားနေကြောင်း အထက်ပါ YDF တပ်ရင်း ၁၅ တာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၂ ရက်တွင် ထီးလင်းအနောက်ဘက်၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီအင်အား ၂၀၀ ခန့်ကို YDF တပ်ရင်း ၄ ခု ပေါင်း၍ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေသူများခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ရေးတင်းမာနေသည့် မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများ။ ဓာတ်ပုံ – Shwe Som Nyo

ထိုသို့ စစ်ရေးတင်းမာနေသဖြင့် ထီးလင်းမြို့နယ် အနောက်မြောက်နှင့် မြောက်ဘက်မှ ပုဏ္ဏား၊ ဝင်းချိုင်၊ ထလင်း၊ တောရောင်း၊ ထန်းပင်ကုန်း၊ ဝက်သက်၊ ဟင်းခပ်ကုန်း နှင့် ဟင်းပန်းတို့ ကျေးရွာများမှ ပြည်သူ ၁၀၀၀ ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု အကူအညီပေးနေသည့် ကိုပြူးဆိုသူက ပြောသည်။

“ဆေးဝါးတွေပေါ့၊ အခုချိန်ဆိုရင် ကလေးငယ်တွေ ကျန်းမာရေးမကောင်းတာတွေ တအားဖြစ်တယ်ဗျ၊ အဲဒါကြောင့် ကလေးငယ်တွေ ဆေးဝါးနဲ့ ပတ်သက်တာတွေ တအားလိုအပ်တယ်ဗျ” ဟု ၎င်းက ပြောသည်။

ထို့ပြင် စစ်ရှောင်များအတွက် ရွှေ့ပြောင်းရေး၊ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုသည့် ကားများတွက် သုံးရန် ဓာတ်ဆီပြတ်လပ်မှုနှင့်လည်း ကြုံနေရသည်ဟု ၎င်းထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများကိုပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ကြရာတွင် ယောဒေသလည်း ရှေ့တန်းမှ ပါဝင်ခဲ့သည်။

ချင်း-မကွေးနယ်စပ်တစ်လျှောက်တွင် ရှိနေသည့် ထီးလင်း၊ ဂန့်ဂေါစသည့် ယောဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၎င်းတို့ဒေသအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို အဆက်မပြတ်တိုက်ခိုက်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီထံ မေး၍ မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button