သတင်း

ထီးလင်း ပအဖရုံးကို လေတပ် တိုက်ခိုက်၊ ၃ ဦး သေပြီး ၁၂ ဦး ဒဏ်ရာရ

မကွေးတိုင်းအနောက်မြောက်ခြမ်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ရုံးကို ယမန်နေ့ (ဧပြီ ၂၀) တွင် လေတပ်က တိုက်ခိုက်ခဲ့ရာ အဖွဲ့ဝင် ၃ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။ 

မွန်းတည့် ၁၂ နာရီခန့်တွင် မြို့မြောက်ဘက် တစ်မိုင်ကျော်ခန့်အကွာတွင်ရှိသော ထိုရုံး တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု  အခင်းဖြစ်နေရာသို့ သွားရောက်ကူညီပေးခဲ့သည့် ယောကာကွယ်ရေးတပ် (YDF) မှ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ (ဧပြီ ၂၂) တွင် ပြောသည်။​

“ဒဏ်ရာပြင်းထန်တဲ့ ၄ ဦးကတော့ ပေါင်တွေ ကျိုးသွားတာ၊ ကိုယ်တစ်ခြမ်း မီးလောင်သွားတာတွေ၊ ခြေမ ပြတ်ထွက်သွားတာတွေ၊ ရင်ဘတ်တွေမှာ ဒဏ်ရာရသွားတာတွေ ရှိတယ်ဗျာ။ လေကြောင်းကနေ ဗုံးသုံးလုံး ကြဲသွားတာ။ တစ်လုံးက ရုံးခေါင်မိုးတည့်တည့်ကို ထိတယ်။ နောက်နှစ်လုံးကတော့ အဲဒီပတ်ဝန်းကျင်ကို ထိတာ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂ ဦး ဖြစ်သည်၊ ဒဏ်ရာရသူများထဲတွင် အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦး ပါဝင်သည်ဟု သိရသည်။

သေဆုံးထိခိုက်ဒဏ်ရာရသူများ၏ အမည်၊ အသက်အရွယ်တို့ကို လတ်တလော အသေးစိတ် မသိရသေးသလို ထီးလင်း ပအဖ ပြန်ကြားရေးတာဝန်ခံကိုလည်း Myanmar Now က  ဆက်သွယ်၍ မရသေးပေ။ 

အွန်လိုင်းပလက်ဖောင်းတွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများအရ အဖြူခံ အဆောက်အအုံမျက်နှာစာ အနည်းငယ်သာ ကျန်ပြီး အားလုံးနီးပါး ပျက်စီးနေကာ ထိုနေရာအနီးတစ်ဝိုက်ကိုသာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသလို အပျက်အစီးကြားမှ ရုပ်အလောင်း ၂ လောင်းနှင့် မီးကျွမ်းနေသော ရုပ်အလောင်းတစ်လောင်း တွေ့ရသည်။ 

ပြီးခဲ့သည့်လများက အဆိုပါ အနီးပတ်ဝန်းကျင်တွင် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော်လည်း ယခုလအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ပေ။ 

သို့သော် အဆိုပါမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၅ ရက်ကပင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

ထီးလင်းမြို့နယ် ဝါးရင်းချိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ထားသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာအတွင်းက တွေ့ရစဉ်။(ဓာတ်ပုံ-YRA)

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာသို့ ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် စစ်ကောင်စီတပ်အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယောဒေသအခြေစိုက်အဖွဲ့များထံမှ သိရသည်။

လေကြောင်းမှ တိုက်ခိုက်မှုများကို ယခုနှစ်အတွင်း ခပ်စိပ်စိပ်လုပ်လာသော စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီ ၁၁ ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အရှေ့ပိုင်းရှိ ပဇီကြီးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရုံးဖွင့်ပွဲ ကျင်းပနေချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် ကလေးငယ်များအပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိခဲ့ရာ အဆိုးဝါးဆုံးသောလေကြောင်းတိုက်ခိုက်မှု ဖြစ်သည်။

စစ်ကောင်စီလေတပ်သည် ယခုနောက်ပိုင်း ဒေသတွင်း အုပ်ချုပ်ရေးနှင့် လုံခြုံရေးများ ဆောင်ရွက်ရန် အခိုင်အမာ ဖွင့်လှစ်ထားသော NUG ရုံးများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

၂၀၂၂ ခုနှစ် မေလ နောက်ဆုံးပတ်ကလည်း တိုက်ပွဲများဖြစ်ပွားနေသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသ မြစ်သာဆည်အနီးရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာ ၄ ရွာမှ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးခဲ့ရသည်။

မကွေးတိုင်း ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော စသည့် ၅ မြို့နယ် ပါဝင်သော ယောဒေသသည် ၂၀၂၁ ခုနှစ်ကတည်းက လက်နက်ကိုင်ပြန်ခုခံရန် ဒေသခံကာကွယ်ရေးတပ်များ ဖွဲ့စည်းကာ ပြန်ခုခံခဲ့ကြသောဒေသ ဖြစ်သည်။ 
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့ ထိစပ်ရာ ယောဒေသတွင် ပါဝင်နေသည့် ထီးလင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် ၁၅၊ ၁၆၊ ၁၇ (ယောတော်လှန်ရေးတပ်- Yaw Revolution Army) အပြင် ယောကာကွယ်ရေးတပ် (YDF) နှင့် အခြား ဒေသခံယောကာကွယ်ရေးအဖွဲ့များလည်း လှုပ်ရှားနေကြသည်။

Show More

Related Articles

Back to top button