သတင်း

စစ်တပ်က ဂန့်ဂေါဒေသကို လေကြောင်းမှ တိုက်ခိုက်

တိုက်ပွဲများဖြစ်ပွားနေသည့် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသရှိ ကျေးရွာများကို ယနေ့ (မေ ၂၆) မွန်းတည့်ချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ ၄ ရွာမှ ဒေသခံ ထောင်နှင့်ချီပြီး ထွက်ပြေးနေရသည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။  

မြစ်သာဆည်အနီးရှိ ကျေးရွာများကို တိုက်ခိုက်ရေးရဟတ်ယာဉ်  MI- 35 ၄ စီးက တစ်နာရီကျော်ကြာ ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ကာကွယ်ရေးအဖွဲ့များ နယ်မြေရှင်းလင်းရန် ကြိုးပမ်းနေစဉ် ထပ်မံပစ်ခတ်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (YDF) – ထီးလင်း၏ တပ်ရင်းမှူး ကိုလှမောင်က ပြောသည်။ 

“ကျွန်တော်တို့ YDF တွေရော PDF တွေရော နယ်မြေရှင်းလင်းဖို့ ကြိုးစားနေချိန်မှာပဲ စစ်တပ်က ပြန်ဝင်လာပြီးတော့ ပစ်ခတ်နေတယ်။ လေယာဉ်ရောက်လာလိုက် ပြန်သွားလိုက်နဲ့ဆို ခုထိဆို ၄ ကြိမ်လောက်ရှိပြီ” ဟု ၎င်းက ယနေ့ မွန်းလွဲပိုင်းက ပြောသည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့်ဆည်အနီးရှိ အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ရဟတ်ယာဉ်များက ယနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်၏လေကြောင်းပစ်ခတ်မှုကြောင့် မြစ်သာဆည်ပေါ်ရှိ ဧည့်ရိပ်သာတစ်ခု မီးလောင်ကျွမ်းခဲ့ပြီး PDF လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း ၎င်းက ဆိုသည်။ 

“အဲဒီမှာရှိတဲ့ ဒေသခံပြည်သူတွေကို အနီးအနားက YDF ရဲဘော်တွေရော၊ PDF ရဲဘော်တွေရောက ဆိုင်ကယ်နဲ့ ရရင် ဆိုင်ကယ်၊ ကုန်းကြောင်းရရင် ကုန်းကြောင်း၊ လုံခြုံတဲ့နေရာကို ပို့ထားရတယ်။ ပြီးတော့မှ ကားနဲ့ပေါ့။ နီးစပ်ရာရွာတွေကို ပို့ရတယ်” ဟု ကိုလှမောင်က ဆက်ပြောသည်။

ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် မြို့ပေါ်တွင်သာ အသက်ဝင်ပြီး ကျေးရွာများတွင် တော်လှန်ရေးတပ်များကသာ စိုးမိုးထားနိုင်သည်ဟု YDF က ထုတ်ဖော်ပြောဆိုထားသည်။

စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်နေသည့် မြစ်သာဆည်မှာ ဂန့်ဂေါ- ထီးလင်း ကားလမ်းအနီးတွင် တည်ရှိပြီး စံပယ်၊ စင်ပုံ၊ ပနန်း၊ ယင်းမာ ကျေးရွာများမှ ဒေသခံ ငါးထောင်ကျော်ခန့်သည် နီးစပ်ရာကျေးရွာများသို့ ပုန်းရှောင်နေရသည်။ 

ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရဟတ်ယာဉ်များ ထပ်ရောက်လာခဲ့ကြောင်း၊ သေဆုံးအရေအတွက်နှင့် အထိအခိုက်စာရင်းကို အတိအကျမပြောနိုင်သေးကြောင်း စစ်ရှောင်များကို အကူအညီပေးနေသည့် ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“ဆည်ဘက်ကို လေယာဉ်ဝဲနေတာကိုတော့ မြင်နေရတယ်။ စစ်တပ်ကကောင်တွေ ၅၀ ဝန်းကျင် ချခဲ့တယ်လို့လည်း ကြားတယ်” ဟု ၎င်းက ဆိုသည်။

ယောဒေသတွင် စစ်တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ အဓိကကားလမ်းများရှိရာ အနီးရှိ ကျေးရွာများကို စစ်တပ်က မကြာခဏ မီးရှို့တိုက်ခိုက်လေ့ရှိသည်။ 

စစ်တပ်က အနယ်နယ်အရပ်ရပ်တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။ ရွာမီးရှို့မှုမှာမူ ၎င်းတို့၏လက်ချက်မဟုတ်ဟု တုံ့ပြန်လေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၃၀ က ကျောမြို့အခြေစိုက် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ ထွက်လာသည့် စစ်ကားကို YDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး အများအပြားသေဆုံးခဲ့သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button