သတင်း

ဂန့်ဂေါမြို့နယ်ထဲမှ ပုထိုးလုံရေနံမြေကို တော်လှန်ရေးတပ်များလက်ထဲမှ စစ်တပ်ပြန်သိမ်း

ဂန့်ဂေါမြို့နယ်၊ ပုထိုးလုံ ရေနံမြေအနီးတွင်လည်း စစ်ကောင်စီ၏ ကပစ-၂၃ စစ်လက်နက်ထုတ်စက်ရုံလည်းရှိနေပြီး နယ်မြေစိုးမိုးမှု ပြန် ယူလို၍ စစ်ကောင်စီတပ်က ရေနံမြေကို ပြန်လည်ရယူခဲ့သည်ဟု ယူဆရကြောင်း ဒေသကာကွယ် ရေးအဖွဲ့များက မှတ်ချက်ပြုထားသည်။

တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မကွေးတိုင်းရေနံမြေများအနက် ဂန့်ဂေါမြို့နယ်၊ ပုထိုးလုံ ရေနံမြေကို စစ်တပ်က ယခုလဆန်းတွင် ပြန်လည် သိမ်းပိုက်ကာ တပ်စွဲနေရာယူထားကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ် လလယ်ခန့်တွင် လက်လွှတ်ခဲ့ရသော အဆိုပါရေနံမြေကို ပြန်လည်ရယူရေးအတွက် စက်တင်ဘာလဆန်း တွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာခဲ့သည်။

ထို့နောက် စက်တင်ဘာ ၃ ရက်နေ့က ကျောတိုက်နယ်အတွင်း တစ်နေကုန် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီး နောက်တစ်နေ့ (စက်တင်ဘာ ၄) တွင် ၁၀ မိုင်ခန့်အကွာရှိ ကျောမြို့နယ် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၃) မှ  စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံက ဆိုသည်။ 

လေကြောင်း ပစ်ကူယူ၍ အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးလာသည့်အတွက် တော်လှန်ရေး အင်အား စုများ ဆုတ်ခွာခဲ့ပြီး စက်တင်ဘာ ၄ ရက်ညပိုင်းတွင်  ပုထိုးလုံရေနံမြေသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ  ရောက်ရှိသွား သည်ဟု အထက်ပါ ပအဖ တာဝန်ခံက အခြေအနေကို ပြောသည်။

“ပြင်ဆင်မှုတွေလုပ်ပြီး နောက်ကိုဆုတ်ပေးထားလိုက်တယ်။ လောလောဆယ်တော့ သူတို့အပေါ်မှာပဲ ထိုင်နေသေး တယ်။ …. လတ်တလောကတော့ သူတို့ ပြန်ရသွားပြီလို့ ပြောလို့ရတယ်” 

လက်ရှိတွင် ပုထိုးလုံရေနံမြေ၌ စစ်တပ်က ပြန်နေရာယူထားသော်လည်း ထိုနေရာရှိ လုပ်ငန်းများမှာ ၂၀၂၃ ကတည်း က ရပ်ဆိုင်းနေ၍ ထုတ်လုပ်မှုအပိုင်း လည်ပတ်နိုင်ခြင်း မရှိသေးပေ။

အဆိုပါပုထိုးလုံရေနံမြေမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ကျောမြို့သို့ပို့ပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း ဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများ ပြင်းထန်လာ၍ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တာဝန်ခံ အင်ဂျင်နီယာနှင့် အဖွဲ့မှာ စက်ရုံမှ ထွက်ခွာသွားကြသည်။ ထို့နောက် စစ်တပ်နှင့်ရဲများက ထိုရေနံမြေ၌ လုံခြုံရေးဆက်ယူထားခြင်းဖြစ်ကြောင်း မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှ ထိပ်တန်းအရာရှိကြီးတစ်ဦးက ပြောထားသည်။ 

ဩဂုတ် ၁၅ ရက်တွင် ပုထိုးလုံရေနံမြေအတွင်း စစ်ကောင်စီတပ်စွဲထားသည့် Well 1 ထုတ်လုပ်ရေးစခန်း ရေနံမှော် ကင်းစခန်းနှင့် ရေနံကျင်း ကင်းစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဂန့်ဂေါခရိုင်တပ်ရင်းများ၊ ကျောတိုက်နယ် ပကဖ၊ ကျောင်းသားတပ် ABSDF နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ဖြစ်သော CDF KKG တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထိုရေနံမြေသိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဒုအရာခံဗိုလ်တစ်ဦး အပါအဝင် ၁၂ ဦးကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်

စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် ကပစ -၂၃ နှင့် ၁၀ မိုင်ခန့် သာကွာဝေးပြီး အနီးဝန်းကျင်ရှိ စစ်စခန်းများ အတွက် လုံခြုံရေးအရ အရေးပါသည့် ထိုနေရာကို လက်မလွှတ်လိုသဖြင့် နယ်မြေစိုးမိုးရေး စစ်တပ်က ပြန်ကြိုးပမ်း လာခြင်းဖြစ်နိုင်ကြောင်း ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဆရာကျောင်းက မှတ်ချက်ပြု သည်။

ကျောမြို့ အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်တို့မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည့်နည်းတူ ကျောမြို့ထဲရှိ စစ်တပ် မိသားစုဝင်များမှာလည်း ကပစ -၂၃ သို့ ပြောင်းရွှေ့ သွားကြောင်း သိရသည်။

မကွေးတိုင်းအတွင်းရှိ ဩဂုတ်လက သိမ်းပိုက်ထားသည့် ပခုက္ကူမြို့နယ် သာကြီးတောင်ရေနံမြေနှင့် ဧပြီလအတွင်း က သိမ်းပိုက်ထားသည့် ပေါက်နှင့်မြိုင်မြို့နယ်ကြားရှိ လက်ပံတိုရေနံမြေတို့ကို လက်ရှိအချိန်ထိ တော်လှန်ရေးအင် အားစုများက နယ်မြေစိုးမိုးထားဆဲဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများထံမှသိရသည်။ 

မကွေးတိုင်းအတွင်း ပြည်ထောင်စုအဆင့် စီမံခန့်ခွဲခွင့်ရှိသော ရေနံမြေ ၇ ခုဖြစ်သည့် မန်းရေနံမြေ၊ ထောက်ရှာ ပင်/ကမ်းနီရေနံမြေ၊ ရေနံချောင်း ရေနံမြေ၊ ချောက်/ လမ်းရွာ ရေနံမြေ၊ ကျောက်ခွက်/ လက်ပံတို/ အရာတော် ရေနံမြေ၊ စပယ်/ သာကြီးတောင်ရေနံမြေနှင့် ထန်းကိုင်းရေနံမြေတို့မှ ၂၀၁၉ တွင် ရေနံစိမ်းစည် ၂၁ သိန်းကျော် ထွက်ခဲ့ကြောင်း အရပ်သားအစိုးရလက်ထက် မကွေးတိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ 

သာကြီးတောင် ရေနံမြေ၊ မန်းရေနံမြေ၊ ထောက်ရှာပင်၊ ချောက်/ လမ်းရွာ၊ ကျောက်ခွက်၊ လက်ပံတိုရေနံမြေတို့မှ ၂၀၁၉ ခုနှစ် အောက်တိုဘာ မှ ၂၀၂၀ စက်တင်ဘာအတွင်း သဘာဝဓတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၄၀၀ ကျော် ထွက်ရှိခဲ့ကြောင်း တိုင်းအစိုးရ စီမံဘဏ္ဍာနှင့် စည်ပင်သာရေးဝန်ကြီးက ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြောထားသည်။ 

နိုင်ငံအလယ်ပိုင်း မကွေးတိုင်းသည် လက်နက်ကိုင်ခုခံမှုအားကောင်းပြီး စစ်ကိုင်း၊ ချင်းတို့နှင့် ထိစပ်နေသည့် မကွေး တိုင်းမြောက်ပိုင်းတွင် တောင်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည်။

Show More

Related Articles

Back to top button