သတင်း

ထီးလင်းတွင် ဓားစာခံ အမျိုးသား ၃ ဦး သတ်ဖြတ်ခံရ

တိုက်ခိုက်ခံရသည့် ရဲစခန်းသို့ စစ်ကူရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း ဖမ်းခေါ်သွားသူများထဲမှ ၃ ဦး အသတ်ခံရသည်၊ ၁ ဦး ထွက်ပြေးနိုင်ခဲ့သည်ဟု မကွေးတိုင်းတော်လှန်ရေးအင်အားစုက ပြောသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ဖမ်းဆီးသွားသူများထဲမှ အမျိုးသား ၃ ဦး စက်တင်ဘာလ ၂ ရက်နေ့တွင် သတ်ဖြတ်ခံခဲ့ရသည်ဟု  သိရသည်။

ဩဂုတ်လကုန်ပိုင်းတွင် ထီးလင်းမြို့နယ်တွင်ရှိ လျှော်ဖြူပင်ရွာ၊ ပြင်ဘရွာနှင့်၊ တိရွာတို့မှ ဒေသခံ ၁၂ ဦး ကို စစ်တပ်က ဖမ်းသွားပြီး နောက်ပိုင်းတွင် ၈ ဦးကို ပြန်လွှတ်ပေးခဲ့သည်၊ ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု တော်လှန်ရေး အင်အားစုက ဆိုသည်။ 

အသတ်ခံရသူတို့မှာ စစ်တပ်စစ်ကြောင်းနှင့်အတူ ပါသွားပြီး စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် ထီးလင်းမြို့အဝင်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင် တွေ့ရှိခဲ့ရသည့် တော်လှန်ရေးအဖွဲ့ဝင်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဆရာကျော်က အတည်ပြုသည်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး၊ အရပ်သား မော်တော်ယာဉ်မောင်း ၁ ဦးတို့ အသတ်ခံရပြီး  ရုပ်အလောင်းများကို ကောက်ယူနိုင်ခြင်းမရှိသေးဟုလည်း ယောတော်လှန်ရေးတပ် Yaw Revolution Army (YRA) ထီးလင်း မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ထီးလင်းမြို့စပ်မှာ ရုပ်အလောင်းတွေ ခုထိရှိတယ်။ သူတို့ကလည်း ကင်းပုန်းချထားတာရှိတယ်။ အလောင်းကိုလာကောက်ရင် ပစ်ဖို့ ကင်းပုန်းချထားတာ”ဟု ၎င်းက ပြောသည်။

စစ်တပ်က အရပ်သားများ၊ ရန်သူဟု ယူဆရသူများကို ခေါ်ဆောင်သွားပြီး ပစ်သတ်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ကို တောင်းယူဖော်ပြနိုင်ခြင်း မရှိသေးပေ။ အကျဉ်းသားများကို သတ်ဖြတ်မှု စွဲချက်များနှင့် ပတ်သက်ပြီး စစ်တပ်က ရံဖန်ရံခါ ငြင်းဆိုတတ်သည်။

အရပ်သားများကို စစ်ကြောင်းနှင့် အတူ ဓားစာခံအဖြစ် ဖမ်းခေါ်မှုများမှာ မကြာခဏ ပေါ်ပေါက်တတ်သည်။ လမ်းတွင် တိုက်ခိုက်ခံရမည်စိုးရိမ်သဖြင့် အကာအကွယ်အဖြစ် အသုံးချခြင်း ဖြစ်သည်ဟု သိရသည်။

စက်တင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ထီးလင်းမြို့ထဲသို့ ပြန်ဝင်လာသည့် ထိုစစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဂန့်ဂေါခရိုင် တပ်ရင်း ၁၅၊ ၁၆၊ ၁၇ တို့ဖြင့်စုဖွဲ့ထားသည့် YRA က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်သေဆုံးဒဏ်ရာရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း ထိုအချက်ကို  Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

ရေမျက်နီရွာ ရဲကင်းစခန်းကို ဩဂုတ်လလယ်ပိုင်းတွင် တော်လှန်ရေး အင်အားစု  တိုက်ခိုက်ရာ ထီးလင်းမြို့မှ စစ်တပ်က စစ်ကူပို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းသည် ဩဂုတ် ၁၈ ရက်နေ့တွင် ရေမျက်နီစခန်းကို ရောက်ရှိပြီးနောက် စခန်းအနီးဝန်းကျင် ကျေးရွာများကို စစ်ကြောင်းထိုးကာ လကုန်ပိုင်းတွင် ထီးလင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာလာသည်။

ထီးလင်းမြို့ တည်နေရာပြမြေပုံ

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ထီးလင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းမထိုးနိုင်သည်မှာ လနှင့်ချီ ကြာမြင့်နေပြီး ရေမျက်နီစခန်း တိုက်ခိုက် ခံရချိန်တွင်သာ ထီးလင်းမြို့မှ စစ်ကူပို့နိုင်သည်ဟု သိရသည်။

ဂန့်ဂေါ – ထီးလင်းကားလမ်းပေါ်ရှိ  အချက်အချာကျသည့် ရေမျက်နီ ရဲစခန်းကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုက ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တစ်ကြိမ်၊ ယခု ဩဂုတ်လတွင်တစ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ သို့သော် ကုန်းမြင့်ပေါ်တွင်ရှိပြီး ဘန်ကာ၊ ကတုတ်ကျင်းများဖြင့် အခိုင်အမာ အထိုင်ချထားသည့် ထိုရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပေ။ 

“ဘိလပ်မြေအိတ်တွေနဲ့ ဘန်ကာကို ကျကျနနလုပ်ထားတယ်။ ဒရုန်းတွေနဲ့ လုပ်ရင်တောင် မဖောက်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင်လုပ်ထားတယ်” ဟု ဂန့်ဂေါ ခရိုင် ပကဖ တာဝန်ခံ ဆရာကျော်က ဆိုသည်။ 

စစ်တပ်က လေကြောင်းအားပြုပြီး အပြင်းထန်ခုခံလေ့ရှိသည့်အပြင် တော်လှန်ရေးအင်အားစုများတွင်လည်း လက်နက်ခဲယမ်းနည်းပါးသည့်အတွက် စခန်းသိမ်းနိုင်ရန် ကြန့်ကြာနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ရေမျက်နီစခန်း တိုက်ခိုက်ခံရချိန်တွင် စစ်တပ်က လေကြောင်းပစ်ကူ သာမက ကပ်လျက်ရှိ ဂန့်ဂေါမြို့ နှင့် ထီးလင်းမြို့ဘက်မှ  မြေပြင် စစ်ကူစစ်ကြောင်းများ စေလွှတ်ခဲ့သည်ဟု သိရသည်။

ရေမျက်နီ စခန်းသည် မိုင် ၂၀ ခန့်အကွာ ကျောမြို့အတွင်းရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံ အမှတ် (၂၃) ကပစ ကို ကာပေးထားသည့် စခန်းဖြစ်နေသည့်အတွက်  စစ်တပ်က အပြင်းအထန် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုက သုံးသပ်သည်။

“ရေမျက်နီကို လက်လွှတ်လိုက်ရမယ်ဆိုရင် ကျော (ကပစ ၂၃) ကို ကာဖို့မလွယ်တော့ဘူး။ ဂန့်ဂေါကို တိုးလျှိုပေါက် ပေါက်သွားမယ့်အနေအထား” ဟု ဆရာကျော်က ပြောသည်။

ရေမျက်နီစခန်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကအင်အားဖြည့်တင်းထားပြီး ရွာကို မီးရှို့ခဲ့ရာ ဒေသခံများ ရွာထဲတွင် မနေရဲဘဲ တိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးမြောက်ပိုင်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု တို့ပါဝင်ရာ ယောဒေသ သည် လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုက နယ်မြေစိုးမိုးထားသည်။

Show More

Related Articles

Back to top button