စစ်ကောင်စီ လက်နက်ကိုင်များ တပ်စွဲထားသည့် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အုန်းထွဲရွာအနီး ယမန်နေ့ (ဇွန် ၁၅) က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။
ထီးလင်းမြို့၊ မြောက်ဘက် ၄ မိုင်ခန့်အကွာ အုန်းထွဲရွာတွင်း စစ်တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီး အင်အား ၁၅၀ နီးပါး တပ်စွဲထားကြောင်း၊ စစ်တပ်ကင်းပုန်းက ပစ်ခတ်ရာ ယောတော်လှန်ရေးတပ် (Yaw Revolution Army- YRA) ထီးလင်းအဖွဲ့မှ အသက် ၁၉ နှစ်အရွယ်များဖြစ်သော တပ်စုမှူး ကိုဝေယံလင်း၊ ရဲဘော် ကိုဝင်းကိုနိုင်တို့ သေဆုံးခဲ့ကြောင်း ထိုအဖွဲ့က ပြောသည်။
“ရှေ့ပွိုင့်နဲ့ ကင်းပုန်းနဲ့ ထိတွေ့မှုဖြစ်တယ်။ နောက်ဘက်ကလည်း၊ ကျောဘက်ကလည်း ကြိုပြီး စောင့်ပစ်တာမျိုး ရှိတယ်။ နောက်ကလည်း ပစ်တယ်၊ ရှေ့ကလည်း ပစ်တယ်။ ညှပ်ပစ်ခံရတာပါ။ လက်နက် ၁ လက်လည်း သိမ်းဆည်းခံလိုက်ရတယ်” ဟု YRA ထီးလင်းအဖွဲ့ခေါင်းဆောင် သခင်ဇော်က ပြောသည်။
ကြိုတင်နေရာယူထားသည့် စစ်တပ်၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးအဖွဲ့များမှာ ခေတ္တမျှသာ ပြန်လည်ပစ်ခတ်ပြီး ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။
“ရဲဘော်အလောင်းက ဆွဲမထုတ်နိုင်ခဲ့ဘူး။ စစ်ကောင်စီဘက်က ဆွဲခေါ်သွားပြီး ညပိုင်းမှာ မီးရှို့တယ်လို့ သိရပါတယ်”
ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) တစ်ဦးအပါအဝင် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း YRA ထံမှ သိရသည်။
အလားတူ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ပျောက်ဆုံးနေပြီး စစ်ကောင်စီတပ်က ဖမ်းမိသွားခြင်း ဟုတ်မဟုတ် အတည်မပြုနိုင်သေးကြောင်း YRA အဖွဲ့ခေါင်းဆောင်က ဆိုသည်။
ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇွန် ၁၄ က ထီးလင်းမြို့မှ ထွက်လာသည့် ခြေလျင်တပ်ရင်း (ခလရ ၅၀) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များမှ ဖြစ်ကြောင်း၊ အုန်းထွဲရွာတွင် ညအိပ် တပ်စွဲခဲ့ပြီးနောက် ယနေ့ (ဇွန် ၁၆) နံနက်အစောပိုင်းတွင် ကျေးရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ထီးလင်းမြို့နယ်တွင် မြို့အနီးတစ်ဝိုက်ကျေးရွာများကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးနေသည်။
ပြီးခဲ့သည့် ဧပြီလက ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ထီးလင်းမြို့နယ်တွင်လည်း မြို့ပေါ်နှင့် ရေမျက်နီကျေးရွာတွင်သာ စစ်တပ်နှင့် ပြည်သူ့စစ်များ အခြေစိုက် နေရာယူထားပြီး ကျန်နယ်မြေအများစုတွင် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသည်။
ခုခံမှုအားကောင်းရာ ချင်းတောင်တန်း၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းမြောက်ဘက် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုတို့ ပါဝင်သည့် ယောဒေသမှာ ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းရာ ဒေသဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အကြာ မြို့နယ် ၃၃၀ အနက် ၁၉၈ မြို့နယ်သာ တည်ငြိမ်အေးချမ်းမှု ရှိကြောင်း ယခုနှစ်ဆန်းတွင် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားပြီးနောက် တော်လှန်ရေး အားကောင်းရာ ဒေသများမှ မြို့နယ် ၄၀ ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ထီးလင်းမြို့နယ်လည်း ပါဝင်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)