သတင်း

ထီးလင်းတွင် ၈ လကြာ အဖမ်းခံထားရသူ ၅ ဦး အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်တပ်က လပေါင်းများစွာ ဖမ်းဆီးထားသူ ဒေသခံတချို့ မီးပျက်၊ သော့ပွင့်နေသည့် အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားကြသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း စစ်တပ်က ၈ လ ကြာ ဖမ်းဆီးထားသည့် ဒေသခံ ၅ ဦး မြို့နယ်တရားရုံးအချုပ်ခန်းမှ ဇွန် ၂၄ ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသည်ဟု သိရသည်။

ထိုသူများသည် စစ်တပ် မကြာခဏစီးနင်းမီးရှို့လေ့ရှိသည့် ထန်းပင်ကုန်း၊ ပုဏ္ဏား၊ တောက်ဘက် စသည့် ကျေးရွာများမှ လူလတ်ပိုင်းအရွယ် အမျိုးသားများဖြစ်သည်ဟု ဒေသတွင်းလှုပ်ရှားနေသည့် ယောတော်လှန်ရေးတပ် (ထီးလင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်သားတွေ မမြင်လိုက်ဘူး၊ ညအချိန် တစ်နာရီခွဲ၊ နှစ်နာရီလောက်မှ ထွက်တာဖြစ်တယ်” ဟု သူက Myanmar Now ကို ပြောသည်။

“မီးကလည်း ပျက်နေတဲ့အချိန်ဖြစ်တယ်၊ သူတို့ကို ချုပ်နှောင်ထားတဲ့ အချုပ်ခန်းကလည်း သော့လပ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ အသာလေးခိုးပြီးတော့ ထွက်ခဲ့တာ”

လွတ်မြောက်လာသူများသည် ရပ်ရေးရွာရေးအတွက် ဦးဆောင်လုပ်နေသူများသာဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၈ လဝန်းကျင်က စစ်တပ်က စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံလိုက်ရသူများဖြစ်ပြီး လုံခြုံရေးအခြေအနေကြောင့် အသေးစိတ် ထုတ်မပြောလိုကြောင်း သူက ဆိုသည်။

“ကျေးရွာမှာ ရပ်ရေးရွာရေးတွေကို ဦးဆောင်လုပ်နေတဲ့သူတွေပဲဖြစ်ပါတယ်။ ပြည်သူတွေလောက်ပဲ ကျွန်တော်တို့က သတ်မှတ်ထားတဲသူတွေပါ။ PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး။ လက်နက်ကိုင်တွေတော့ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။

စစ်တပ်က ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း လွတ်မြောက်သွားသည့် ၅ ဦးကို မြို့အနီးတစ်ဝိုက်တွင် လိုက်လံရှာဖွေနေသည်ဟု သိရသည်။

စစ်ကောင်စီကို ထောက်ခံရေးသားနေသည့် အွန်လိုင်းစာမျက်နှာများတွင်မူ ထန်းပင်ကုန်းကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ခိုင်အပါဝင် ၅ ဦး ထွက်ပြေးလွတ်မြောက်သွား၍ လိုက်လံဖမ်းဆီးနေသည်ဟု ဖော်ပြနေကြသည်။

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူအများအပြားကို ဖမ်းဆီးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လ ၂၆ ရက် ထုတ်ပြန်ချက်တွင် ၂၀၆၃၁ ဦးထက်မနည်း ဆက်လက် ထိန်းသိမ်းခံထားရသည်ဟု ဆိုသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းရာ ထီးလင်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က မကြာခဏ စစ်ကြောင်းထိုးကာ ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်၊ နေအိမ်များကို ဖျက်ဆီးနေသည်။

မြို့ပေါ်နှင့် ရေမျက်နီကျေးရွာတွင်သာ စစ်တပ်နှင့် ပျူစောထီးတို့ အခြေစိုက် နေရာယူထားပြီး ကျန်နယ်မြေအများစုတွင် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသည်။

လက်တလောတွင် တိုက်ပွဲများငြိမ်နေပြီး စစ်တပ်ဘက်က ခံစစ်ပြင်ထားသည့် အခြေအနေဖြစ်ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းတောင်တန်း၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းမြောက်ဘက် ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထုတို့ ပါဝင်သည့် ယောဒေသမှာ ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားမှုအားကောင်းရာ ဒေသဖြစ်သည်။

Show More

Related Articles

Back to top button