
မေ ၁၄ ရက်တွင် ဝင်ရောက်လာသည့် အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်နှင့် ချင်းနယ်စပ် မကွေးတိုင်း ထီးလင်းမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မိုးသည်းထန်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် မတူပီမြို့နယ်မှ အိမ်ခြေ ၅၀၀ နီးပါး၊ ပလက်ဝမြို့နယ်မှ အိမ်ခြေ ၁၀၀ နီးပါး၊ ဟားခါးမြို့နယ် ဆတ္တားရွာမှ အိမ်ခြေ ၄၀ နီးပါးနှင့် ကန်ပက်လက်မြို့နယ် ထားအိမ်နူးရွာမှ အိမ်ခြေ ၂၀ ကျော် ပျက်စီးခဲ့ကြောင်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်မှုကို အန်တုနေသည့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက အတည်ပြုသည်။
အပျက်အစီးစာရင်းတွင် မတူပီမြို့နယ် ရေဇွာမြို့အနီး ကျေးရွာများဖြစ်သည့် ဟုန်လေးရွာမှ ဘုရားကျောင်း ၁ ကျောင်း၊ တိန်ဆီးရွာမှ ဘုရားကျောင်း ၃ ကျောင်း၊ တောင်လန်ရွာမှ ဘုရားကျောင်း ၁ ကျောင်း၊ ရွာဗား (က)၊ ရွာဗား (ခ) မှ ဘုရားကျောင်း ၁ ကျောင်း ပါဝင်သည်ဟု ကောင်စီသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
မုန်တိုင်းဝင်ပြီး နှစ်ရက်ကြာသည်အထိ ရခိုင်ပြည်နယ်ဘက်နှင့် နီးကပ်သည့် လေးမြို့ချောင်းအနီး ကျေးရွာများဘက်မှ သတင်းအချက်အလက်များ မရရှိသေးကြောင်း၊ ထိခိုက်ပျက်စီးမှုအရေအတွက် မြင့်တက်လာနိုင်ကြောင်း ကောင်စီသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
“ရခိုင်ကနေ (မုန်တိုင်း) လမ်းကြောင်းဖြတ်တော့ အဲ့ဒီရွာတွေက လမ်းကြောင်းတစ်လျှောက် ရွာတွေ ဖြစ်လို့ အထိအခိုက်များမယ်လို့ ခန့်မှန်းတယ်” ဟု ၎င်းက ဆိုသည်။
မတူပီမြို့နယ်တွင် အခြေစိုက်လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့ CDF (မတူပီ) ၏ တပ်ရင်းတပ်ဖွဲ့စခန်းများတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိနေပြီး ဆက်သွယ်ရေးအခက်အခဲကြောင့် အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း CDF မတူပီ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ချင်းပြည်နယ်အတွင်း မုန်တိုင်းဒဏ်ကြောင့် ရပ်ကွက်/ကျေးရွာ ၅ ခုမှ အိမ် ၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာအဆောက်အအုံ ၂ ခု ပျက်စီးကြောင်း ယနေ့ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွင် ဖော်ပြသည်။

မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးဆက်တိုက် ရွာသွန်းခဲ့သည့် မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ရေကြီးမှုကြောင့် စစ်ဘေးရှောင်တဲ ၁၂၀ ကျော် ပျက်စီးခဲ့ရကြောင်း ထီးလင်းအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Yaw Revolution Army (YRA) ထီးလင်းထံမှ သိရသည်။
၂၀၂၂ နိုဝင်ဘာတွင် စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိ ထန်းပင်ကုန်း ရွာလုံးကျွတ်နီးပါး ပြာကျခဲ့ရပြီးနောက် စစ်ဘေးရှောင်ဦးရေ ၆၀၀ ခန့် ထန်းပင်ကုန်းရွာနှင့် မောချောင်းကြား ကွင်းပြင်တွင် တဲထိုးနေထိုင်ချိန်တွင် ယခုကဲ့သို့ ရေဘေးနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။
မိုခါမုန်တိုင်းအရှိန်ကြောင့် ထီးလင်းမြို့နယ်တွင် မေ ၁၂ ရက်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် မောချောင်း ရေတက်လာသဖြင့် အိုင်းမပြင်ဟု ခေါ်သည့် နေရာတွင် တည်ဆောက်ထားသော တဲများ ပျက်စီးသွားခြင်းဖြစ်သည်ဟု YRA ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အိုင်းမပြင်က ချောင်းထက် ၁၀ ပေလောက် မြင့်ပါတယ်။ အဲဒီအိုင်းမပြင်အပေါ်မှာကို ရေထုက ပေ ၂၀ လောက်အထိ တက်လာတာပါ” ဟု သူက ပြောသည်။
ထို့ပြင် ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများ၊ ကောက်ပဲသီးနှံများ ရေနှင့် ပါသွားသည်၊ လယ်ယာလုပ်ငန်းခွင်သုံး ကျွဲ၊ နွား ၂၀ ကျော် သေဆုံးသည်၊ ရာသီဥတုဒဏ်ကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်အများအပြား ဖျားနာနေကြပြီး ဆေးဝါး လိုအပ်နေသည်ဟု ၎င်းက ဆိုသည်။
“လက်ဗလာ၊ ခြေဗလာပဲ ကျန်ခဲ့တာဆိုတော့ ရနိုင်သမျှသော အကူအညီတွေ လိုအပ်နေပါတယ်။..ထန်းပင်ကုန်းကတော့ တစ်ရွာလုံး ဘာမှ မကျန်တော့လောက်အောင်ဖြစ်ပြီး စားစရာဆန်လေး နည်းနည်းပါးပါးကို မကျန်ခဲ့တာပါ”

မိုခါမုန်တိုင်းကာလ လေပြင်းတိုက်ခိုက်မည့် အန္တရာယ်ကြောင့် စစ်ဘေးရှောင်များမှာ ဘေးလွတ်ရာ ကျေးရွာများသို့ ကြိုတင်ပြောင်းရွှေ့နေထိုင်သဖြင့် ချင်းနှင့် ထီးလင်းတွင် လူထိခိုက်မှုမရှိဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
တောင်တန်းဒေသ ချင်းပြည်နယ်၊ ချင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းတို့တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းပြီး တိုက်ပွဲများ မကြာခဏဖြစ်နေသည်။
တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မေ ၁၄ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံအတွင်း ရခိုင်၊ မကွေး၊ ချင်း၊ စစ်ကိုင်းတိုင်းတို့ကို ဖြတ်သန်းခဲ့သည်။
မုန်တိုင်းဗဟိုချက်ဖြတ်သန်းရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင်လည်း ထိခိုက်ပျက်စီးမှု များပြားကာ ဆက်သွယ်ရေးအခက်အခဲဖြစ်ပေါ်နေ၍ ထိခိုက်သေဆုံး ဒဏ်ရာရသူဦးရေ အတိအကျ အတည်မပြုနိုင်သေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)