သတင်း

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ရွာ တိုက်ပွဲတွင် နှစ်ဖက်ကျဆုံးမှုများရှိ

မကွေးတိုင်း ဆောမြို့နယ် လောင်းရှည်ရွာတွင်  ဒီဇင်ဘာ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၅ ဦး၊  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်သား ၂ ဦး သေဆုံးသည်ဟု သိရသည်။

အမှတ် ၂၁  ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) မှ စစ်သား ၇၀ ကျော်က  စစ်ကား ၂ စီးဖြင့်  ညောင်ပင်ရွာသို့ ရောက်ရှိလာပြီးနောက် တိုက်ပွဲဖြစ်ပွားသည်ဟု လောင်းရှည်-PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကားတစ်စီးကို နံနက် ၇ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်ဘက်မှ သေဆုံး ဒဏ်ရာရသွားကြသည်ဟု သူက  ပြောသည်။

“မိုင်းကွင်းရဲ့ ဘေးမှာ ကင်းအဖွဲ့ရှိတယ်၊ ဒီကားဖြတ်တဲ့အချိန်မှာ ကျွန်တော်တို့ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် ပစ်လိုက်နိုင်တယ်၊ ကားပေါ်ပါ လူတွေကို။  အဲဒီအချိန်မှာ ၃ ဦးကတော့ ကျသွားတယ်၊ ရဲဘော်တွေ သေသေချာချာမြင်လိုက်ရတယ်” ဟု သူက ပြောသည်။

ထို့နောက် ညောင်ပင်ရွာအနီးတွင် စုစည်းမိသည့် စစ်ကောင်စီတပ်မှ အင်အား ၇၀ ကျော်သည် မိုင်အနည်းငယ်ဝေးသည့် ကံလယ်ရွာသို့ ခြေလျင်စစ်ကြောင်းထိုးစဉ်  လမ်းတွင် နောက်တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့သည်ဟုလည်း ပြောသည်။

မွန်းလွဲချိန်တွင် စစ်ကောင်စီတပ်က ကံလယ်ရွာသို့ ဝင်ရောက်စီးနင်းကာ ထွက်မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့သူတချို့၊ တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအချို့ကို ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။ 

ထို့နောက် ကံလယ်ရွာမှ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးကာ ညောင်ပင်ရွာသို့ ပြန်လည်ဆုတ်ခွာစဉ် ဒေသခံများကို ဓားစာခံအဖြစ် ခေါ်ဆောင်သွားသည်ဟု သိရသည်။တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်နှင့် ဒေသခံမည်မျှဖမ်းဆီးသွားသည်ကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

လောင်းရှည်-PDF ခရိုင်တပ်ရင်း(၆)မှ ရဲဘော် ၂ ဦး သေဆုံးခြင်းမှာ တိုက်ပွဲအတွင်း စစ်ကောင်စီ စီးနင်းထားသည့် ကံလယ်ရွာသို့ သွားရောက်ထောက်လှမ်းစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ညနေ ၅ နာရီလောက်မှာ ကံလယ်ကျေးရွာပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ရဲဘော် ၂ ဦးနဲ့ စစ်ကြောင်းနဲ့သွားတိုးမိတယ်၊ သူတို့က ရွာအခြေအနေကို သွားထောက်လှမ်းတာမှာ တိုးမိပြီး ရဲဘော်နှစ်ဦး ကျသွားတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နောက်တစ်နေ့ ဒီဇင်ဘာ ၁၁ တွင် တပ်ကူလာသည့် စစ်ကောင်စီတပ်များနှင့် ကံလယ်ရွာမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ ညောင်ပင်ကျေးရွာတွင် ဆုံပြီးနောက်  ဒေသခံ အများစုကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

၎င်းတို့ဆက်လက်ဖမ်းဆီးထားသည့်  ဒေသခံလူငယ်တစ်ဦးကို မြို့အရှေ့ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသည့် ကပစ(၂၁)သို့  ခေါ်ဆောင်သွားပြီး ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။တိုက်ပွဲတွင် လောင်းရှည်-PDF မှ ခရိုင်တပ်ရင်း(၆)နှင့်တပ်ရင်း(၃)တို့အပြင် စလင်းအဖွဲ့၊ စေရာအဖွဲ့နှင့် မိုးကြိုးအဖွဲ့တို့က ပူးပေါင်းခုခံခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် မကွေးတိုင်း ယောဒေသအတွင်း လက်နက်ကိုင်တော်လှန်ရေးများ အားကောင်းလာခဲ့သည်။

ယောဒေသအတွင်း လောင်းရှည်-PDF အဖွဲ့သည့်လည်း အားကောင်းသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ ရ(NUG) ၏ ဂန့်ဂေါခရိုင် တပ်ရင်းများအဖြစ် ရပ်တည်နေသည်။

ဒီဇင်ဘာ ၆ မှစတင်ကာ လောင်းရှည်-PDFက မြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာတွင်ရှိသည့် ကံလယ်ရွာနှင့် ညောင်ပင်ရွာတို့တွင် NUG ၏ မူဝါဒများကို ရှင်းပြကာ ဒေသခံများကို သွားရောက် စည်းရုံးစဉ် စစ်ကောင်စီတပ် ရောက်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button