သတင်း

ဂန့်ဂေါ PDF ၄ ဦး မြစ်သာဆည်တိုက်ပွဲတွင် သေဆုံး

ယမန်နေ့ (မေ ၂၆) တွင် မကွေးတိုင်း၊ ဂန့်ဂေါမြို့အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နယ်မြေစိုးမိုးထားသည့် မြစ်သာဆည်တွင် တိုက်ပွဲဖြစ်ရာ PDF  ၄ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ 

သေဆုံးသူတို့မှာ ကိုပူတီ၊ မောင်မောင်ကဲ၊ ဆွိ၊ ပေါကြီးတို့ ဖြစ်သည်ဟု ဂန့်ဂေါ PDF ၏ တောင်ပိုင်းပြန်ကြားရေးတာဝန်ခံ ကိုတိုးမောင်က ပြောသည်။ 

“ကျွန်တော်တို့ဘက်မှာ အားနည်းနေတဲ့အပိုင်းကို သိသွားရတာပေါ့။ လက်နက်အင်အား ကွာတယ်ဆိုတာကို” ဟု ၎င်းက ဆိုသည်။ 

“သူတို့ဆီက မောင်းပြန်နဲ့ဆိုတော့ တရစပ် ပစ်ခတ်တော့ ကျွန်တော်တို့တွေက ဘယ်လိုမှ တိုက်ခိုက်လို့ မရဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မြင်သာသွားတာပေါ့”

ယမန်နေ့ လေကြောင်းသုံးပစ်ခတ်တိုက်ခိုက်ပြီးနောက် ရဟတ်ယာဉ်ဖြင့် ချထားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြစ်သာဆည်အနီး စခန်းချနေရာယူထားကြောင်း၊ PDF က ထုတ်လုပ်ထားသည့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခဲ့သော်လည်း ဆည်ကျိုးမည်စိုး၍ ချင့်ချိန်နေရကြောင်း အထက်ပါ တာဝန်ခံက ဆက်ပြောသည်။ 

“တိုက်ပွဲဖြစ်တာဆိုတော့ ဆည်ရဲ့ကြံ့ခိုင်မှုကို မထိခိုက်ဖို့တော့ ကြိုးစားရမှာပဲ။ ဆည်ရဲ့ သာမန်နေရာမျိုးတွေကတော့ အထိအခိုက်တော့ ရှိနိုင်မှာပဲဗျ။ ကျွန်တော်တို့ဘက်ကနေတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ရမှာပဲ” ဟု ဆိုသည်။ 

တိုက်ပွဲကြောင့် ဆည်အနီးအနားရှိ စံပယ်၊ စင်ပုံ၊ ပနန်း၊ ယင်းမာ စသည့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၅၀၀၀ ကျော်သည် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးပုန်းရှောင်နေရသည်။ 

မြစ်သာဆည်ကို ဒေသခံ PDF များက ၁ နှစ်နီးပါး သိမ်းယူခဲ့ပြီး ယမန်နေ့တိုက်ပွဲကြောင့် PDF များ ထိုနေရာကို စွန့်ခွာခဲ့ရသည်။

စစ်အစိုးရခေတ် ၂၀၀၂-၂၀၀၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မြစ်သာဆည်မှာ ဂန့်ဂေါမြို့နယ်၊ ပြင်သာကျေးရွာအနီးတွင် တည်ရှိသည်။

ယောဒေသ ထီးလင်းမြို့နယ်အတွင်း စစ်ရှောင်နေကြရသော ဒေသခံများကို မေ ၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-YDF ထီးလင်း တပ်ခွဲ ၃ SSN)

ဂန့်ဂေါ PDF ဘက်မှ ဆည်ကို ထိခိုက်မည်ကို စိုးရိမ်၍ ထိန်းသိမ်းဆောင်ရွက်နေသည်ဟု ဆိုသော်လည်း အင်အားကောင်းသည့် ယောဒေသကာကွယ်ရေးအဖွဲ့ (YDF)  ထီးလင်းကမူ ထိုအချက်ကို ငြင်းဆိုသည်။ 

ဒေသခံ PDF များနှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ထိခိုက်လာပါက မြစ်သာဆည်၏ လုံခြုံရေးကို တာဝန်ယူမည် မဟုတ်ဟု YDF (ထီးလင်း) တာဝန်ခံက ပြောသည်။ 

“အဓိကပြောချင်တာကတော့ ဒီကောင်တွေက ဒီတိုင်းပဲ ထွက်မသွားဘဲနဲ့ စခန်းချဖို့ရှိတယ်ဆိုရင်တော့ ပြင်ဆင်ထားတဲ့ ပြင်ဆင်မှုတွေရှိတယ်။ ပြည်သူတွေအတွက် အထိအခိုက်အနည်းဆုံးဖြစ်အောင် လုပ်သွားဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြစ်သာဆည်တစ်ခုလုံးကို ဖောက်ခွဲမည်မဟုတ်သော်လည်း စစ်ကောင်စီတပ် တပ်စွဲထားသည့် ဆည်၏ နေရာအချို့ကို ဖောက်ခွဲနိုင်ရန် စီစဉ်ထားကြောင်း၊ ဆည်အောက်ပိုင်းမှ ကျေးရွာများ ထိခိုက်မည်စိုးရိမ်၍ စောင့်ကြည့်နေကြောင်း ၎င်းက ဆက်ပြောသည်။ 

“မြစ်သာဆည်ကိုဖောက်ခွဲမယ်ဆိုရင် ပြည်သူတွေ အခက်အခဲတွေရှိနိုင်တယ်။ စစ်ကောင်စီဘက်က သေတာ နည်းနည်းပဲ သေမယ်။ ပြည်သူတွေက ပိုပြီး ဒုက္ခရောက်နိုင်တယ်။ ဒါပေမဲ့ လုံးလုံး မတတ်နိုင်တဲ့အဆုံးမှာတော့ ဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။

PDF က တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသည်ဆိုသော်လည်း ဂန့်ဂေါမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင်မူ ၇ ဦးထက်မနည်း သေဆုံးသည်ဟု ဖော်ပြထားသည်။

ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် မြို့ပေါ်တွင်သာ အသက်ဝင်ပြီး ကျေးရွာများတွင် တော်လှန်ရေးတပ်များကသာ စိုးမိုးထားနိုင်သည်ဟု YDF က ထုတ်ဖော်ပြောဆိုထားသည်။

ဤအတောအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေရာ အဓိကကားလမ်းများရှိရာအနီးရှိ ကျေးရွာများကို စစ်တပ်က မီးရှို့တိုက်ခိုက်လေ့ရှိသလို သတင်းဌာနများကိုလည်း ၎င်းတို့ မီးမရှို့ကြောင်း ဖြေဆိုလေ့ရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုင်ငံအနှံ့အပြားရှိ လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံးကို မီးရှို့ခဲ့ကြသည်ဟု အရပ်ဘက်လေ့လာရေးအဖွဲ့ (Data For Myanmar) က မေ ၁ တွင် ထုတ်ပြန်ကြေညာထားသည်။ ထိုအထဲတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ လူနေအိမ်ပေါင်း ၉၇၂ လုံး ပါဝင်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button