အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းနှင့် မုံရွာတွင် သံဃာအပါး ၃၀၀ ကျော် ကိုဗစ်ကူးစက်ခံထားရ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကူးစက်မှု မြင့်တက်လျက်ရှိရာ မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းမြို့ရှိ ပရိယတ္တိစာသင်တိုက်တစ်ခုနှင့် မုံရွာမြို့ရှိ စာသင်တိုက်တစ်ခုတွင် သံဃာအပါး ၃၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည်ဟု သိရသည်။ 

စစ်ကိုင်းတောင်ရိုးအတက်လမ်းရှိ ရဟန်းနှင့် သာမဏေအပါး ၅၀၀ နီးပါးရှိ မြစကြာကျောင်းတိုက်တွင် ဖျားနာနေသည့် သံဃာများကို ဇူလိုင် ၁၅ ရက်က ကျန်းမာရေးစစ်ဆေးခဲ့ရာ သံဃာ ၁၉၈ ပါးတွင် ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

“ကိုယ်တော်တွေ စာမေးပွဲဖြေတာကြတာလည်းရှိတော့ အဲ့ဒီကများ ကူးသလား၊ တုပ်ကွေးဖြစ်လို့ ဆေးခန်းဘာညာ သွားရင်းနဲ့များဖြစ်သလား မပြောတတ်ဘူး။ ကျန်တဲ့အချိန်ကတော့ အရမ်းတင်းကျပ်တယ်၊ ဝင်တာထွက်တာ၊ နှာခေါင်းစည်း (Mask) မတပ်ရင် သွားဖို့လာဖို့ခက်တယ်” ဟု ကျောင်းတိုက်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းကျောင်းတိုက်သည် ပရိယတ္တိ၊ ပဋိပတ္တိစာပေများ သင်ကြားသည့် စာသင်တိုက်တစ်ခုဖြစ်ပြီး၊ သာမဏေ၊ သံဃာ အပါး ၅၀၀ နီးပါး ရှိသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိတွင် ရောဂါကူးစက်ခံရသည့် သံဃာတော်များအား အဆောင်များခွဲခြားကာ ဆေးကုသမှုပေးခြင်း၊ ကျောင်းတိုက်ကို အသွားအလာကန့်သတ်ခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

မုံရွာမြို့တွင် အကြီးဆုံးပရိယတ္တိစာသင်တိုက်ကြီးတစ်ခုဖြစ်သော ဇောတိကာရာမတိုက်တွင် ကိုဗစ်ကူးစက်ခံရသူအချို့ တွေ့ရှိခဲ့သောကြောင့် ကျောင်းရှိသံဃာတော်များကို စစ်ဆေးခဲ့ရာ သံဃာအပါး ၁၂၀ တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရသည်ဟု အဆိုပါကျောင်းတိုက်မှ ဆရာတော် ဦးပညာတိက္ခက အတည်ပြုသည်။ 

“ကိုယ်တော်တချို့ ဖျားနေကြတာနဲ့ စစ်ကြည့်တော့ ကိုဗစ်ဖြစ်နေတာ။ ပုံမှန်အချိန်ဆို သံဃာအပါး ၅၀၀ ကျော်ရှိတယ်။ ဒီကာလမတိုင်ခင်စောစောပိုင်းက ကိုယ်တော်တချို့ ဇာတိပြန်ကုန်ကြတာနဲ့ အခု တိုက်မှာက ၃၆၈ ပါး ကျန်တယ်။ အခုစစ်ပြီးသလောက် ၁၂၀ မှာ ကူးစက်ခံထားရပါတယ်” ဟု ၎င်းက မိန့်သည်။ 

“အခုလက်ရှိကို မစစ်ရသေးတဲ့ ကိုယ်တော်တွေကို စစ်ပေးနေတယ်။ ဒီနေ့ ဘယ်လောက်တွေ့မယ်၊ မတွေ့ဘူးကတော့ မသိရသေးဘူး။ မြို့နယ်ကျန်းမာရေးက ဆရာဝန်တွေ လာစစ်ပေးပါတယ်” ဟု ဆရာတော်က ဆက်မိန့်သည်။

ယင်းကျောင်းတိုက်ကို အသွားအလာကန့်သတ်ပြီး ဆေးစစ်၍ သံဃာတော်များကို ဆေးကုသမှုပေးနေကြောင်း၊ လိုအပ်သည့်ဆေးဝါးနှင့် အစားအသောက်များ လုံလောက်စွာရရှိနေကြောင်း၊ ကူးစက်ခံရသည့် သံဃာတော်များတွင် ရောဂါလက္ခဏာပြင်းထန်စွာခံစားနေရသူ မရှိသေးကြောင်းလည်း သိရသည်။

မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်မှ သံဃာ ၁၁ ပါးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည်ကို ဇွန်လအတွင်းက တွေ့ရှိခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ သံဃာအပါး ၃၀၀ ကျော်ရှိ စာသင်တိုက်တစ်ခုတွင် သံဃာ ၄၂ ပါး ကိုဗစ်ကူးစက်ခံထားရသည်ဟု မန္တလေးအခြေစိုက်ပရဟိတအသင်းတစ်ခုက Myanmar Now ကို ပြောကြားထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles