၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူများ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ပေါ်ပေါက်ခဲ့သည့် ကာဘိုးရွာလူသတ်မှု တရားရုံးတွင် ရောက်ရှိနေရာ တရားလိုက အမှုရုပ်သိမ်းပေးရန် စာတင်ထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်ပိုင်းတွင် စစ်တပ်ကျောထောက်နောက်ခံ USDP မဲဆွယ်ယာဉ်တန်းနှင့်အတူ လိုက်ပါလာသူများ၏ လက်ချက်ဖြင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာသား အသက် ၃၈နှစ်အရွယ် ကိုမျိုးဝင်းစိုးသေဆုံးမှုနှင့် စပ်လျဉ်း၍ အမှုပိတ်သိမ်းရန် ကြိုးပမ်းခြင်းဖြစ်သည်။
အထက်ပါလူသတ်မှုကြောင့် USDP ထောက်ခံသူ ၁၅ ဦးကို ရဲက ဖမ်းထားကြောင်း၊ ကိုမျိုးဝင်းစိုး၏ ဇနီး ဒေါ်လှမေကိုယ်တိုင် ထိုစဉ်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း Myanmar Now က ရရှိထားသည့် မေ ၂၆ ရက်စွဲပါ အမှုရုပ်သိမ်းစာတွင်တွေ့ရသည်။
ယင်းအမှုကို ကန့်ဘလူခရိုင်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည့် လူသတ်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂/၁၄၈ ဖြင့် လက်ခံထားပြီး အမှုရင်ဆိုင်နေရသူ ၁၅ ဦးကိုလည်း ကန့်ဘလူရဲစခန်း၌ပင် ချုပ်နှောင်ထားသည်။
သို့သော် စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြု၍ NLD ကိုဖယ်ရှားကာ ဖေဖော်ဝါရီ ၁တွင် အာဏာသိမ်းပြီးကတည်းက ပုံမှန်နှစ်ပတ်တစ်ကြိမ်ရုံးထုတ်စစ်ဆေးမှုကို တရားရုံးက ရပ်တန့်ထားသည်ဟု မြို့မိမြို့ဖတစ်ဦးက အတည်ပြုသည်။
ထို့နောက် အာဏာသိမ်းပြီး လေးလနီးပါးအကြာတွင် တရားလိုဖြစ်သူ ဒေါ်လှမေက အမှုရုပ်သိမ်းပေးရန် လျှောက်ထားလွှာတစ်စောင် ကန့်ဘလူခရိုင်ဥပဒေအရာရှိထံ ပေးပို့လိုက်ခြင်းဖြစ်သည်။

ဒေါ်လှမေ၏အမည်ကို ဖော်ပြထားသည့်နေရာတွင် လက်ဗွေရာတစ်ခုရှိနေပြီး အခွန်တံဆိပ်ခေါင်းကပ်ထားသည့် လျှောက်လွှာတွင် “ပါတီနိုင်ငံရေးအပေါ်တွင် ဆောင်ရွက်ခဲ့ကြမှုအပေါ်တွင် အခန့်မသင့်၍ ခင်ပွန်းဖြစ်သူ ဒဏ်ရာရရှိကာ သေဆုံးခဲ့ရပြီး တရားခံများမှ ကျူးလွန်ကြောင်း ယုံကြည်မှုမရှိပါ”ဟု ပါဝင်သည်။
“တရားခံများအနေဖြင့် အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်မှာ (၇)လခန့် ကြာနေပြီဖြစ်၍ စာနာထောက်ထားသောအားဖြင့် အမှုအား ဆက်လက်ဆောင်ရွက်လိုခြင်းမရှိပါ”ဟုလည်း ယင်းစာတွင် ရေးသားထားသည်။
ထို့အပြင် ယခုကဲ့သို့ အမှုရုပ်သိမ်းရန်လျှောက်ထားခြင်းသည် မည်သူတစ်ဦးတစ်ယောက်၏ ဖြားယောင်းသွေးဆောင်မှု၊ ခြိမ်းခြောက်မှုမပါဘဲ မိမိသဘောဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ အမှုရုပ်သိမ်းလွှာနှင့် ပတ်သက်၍ တရားလို ဒေါ်လှမေထံ Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ပြောပြလိုခြင်းမရှိကြောင်း ဒေသခံတစ်ဦးမှတစ်ဆင့် အကြောင်းပြန်သည်။
ကာဘိုးရွာ၏ စစ်ကောင်စီခန့် လက်ရှိအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ချိုကမူ ကာယကံရှင်၏ ဆန္ဒအရ အမှု ရုပ်သိမ်းလွှာတင်သည့်ကိစ္စကို ၎င်းကိုယ်တိုင်လိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း Myanmar Now ကို အတည်ပြုသည်။
“ကာယကံရှင်ရဲ့ သဘောနဲ့ ကမ်းလှမ်းလိုက်တယ်ပေါ့ဗျာ။ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးအနေနဲ့ သူက ရုံးကိုမသွားရဲလို့ လိုက်ပို့ပေးလိုက်တယ် ဒါပါပဲ။ အရင်က ဘာတွေဖြစ်ခဲ့တာတွေတော့ ကျွန်တော်မသိဘူး။ ကျန်တဲ့ဟာကတော့ တရားရုံးက သူ့ဟာသူ လုပ်သွားကိုင်သွားမယ်ထင်တယ်”ဟု ၎င်းက ပြောသည်။
လူသတ်မှုဖြင့် အမှုရင်ဆိုင်နေရသူများကို တရားလိုက ရုပ်သိမ်းရုံဖြင့် အမှုပိတ်သိမ်းရန်မှာ ပုံမှန်တရားစီရင်ရေးလမ်းကြောင်းအတိုင်း ဥပဒေနှင့်အညီဆိုလျှင် ဖြစ်နိုင်ခြေမရှိဟု ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်သည်။
“အခုဟာကတော့ အခြေအနေအရပ်ရပ်၊ အမျိုးမျိုးရှိတဲ့အခါကျတော့ ဥပဒေအရာရှိကိုယ်တိုင်က ဘယ်လိုလုပ်မလဲ။ အခုက ဘာမှကို ဆင်ခြင်တုံတရားနဲ့ကို စဉ်းစားလို့မရတဲ့ အခြေအနေဖြစ်နေတယ်။ ပြောရရင် လူသတ်မှုကိုဗျာ၊ ဘယ်သူမှ ရုပ်သိမ်းခွင့်မပေးဘူး”ဟု ၎င်းက ပြောသည်။
စစ်ကိုင်းတိုင်းလွှတ်တော်၊ ကန့်ဘလူမဲဆန္ဒနယ်အမှတ် ၂ အမတ်အဖြစ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံရပြီး ယခုအခါတိမ်းရှောင်နေရသည့် NLD ကိုယ်စားလှယ် ဦးနေဇင်လတ်ကလည်း ထိုသို့သောအမှုကို ကျေအေးပိတ်သိမ်းသည်ဆိုလျှင် အကြောက်တရားဖြင့် မဲတောင်းယူသည့်ဓလေ့ ထွန်းကားလာမည်ကို စိုးရိမ်ကြောင်း ပြောသည်။
“အင်အားကြီးတဲ့သူကပဲ ငါတို့ကို မဲပေးရင်ပေး၊ မပေးရင် မင်းတို့တွေ အခုလိုမျိုးခံရမယ်ဆိုတာမျိုး ဖြစ်လာနိုင်တယ်။ ပြီးတော့ ခါးပိုက်ဆောင်အဖွဲ့တွေ ဖွဲ့ပြီးတော့ ပြည်သူလူထုရဲ့ လွတ်လပ်စွာမဲပေးခွင့်ကို မတရားအကြမ်းဖက်ပြီးတော့ ရယူတာမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။
ကာဘိုးရွာလူသတ်မှုနှင့် စပ်လျဉ်း၍ တရားလိုကိုယ်တိုင် ရုပ်သိမ်းလွှာတင်ထားသည်မှာ တစ်လကျော်ပြီဖြစ်သော်လည်း ကန့်ဘလူခရိုင်တရားရုံးက မည်သို့ဆုံးဖြတ်ထားသည်ကို အတည်မပြုနိုင်သေးပေ။
အထက်ပါကိစ္စများနှင့် စပ်လျဉ်း၍ ကန့်ဘလူခရိုင်တရားရုံး၊ ဥပဒေရုံး၊ USDP နှင့် ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပေ။
ကာဘိုးဖြစ်စဉ်တွင် ကိုမျိုးမင်းစိုးသေဆုံးသည့်အပြင် ကျေးရွာအတွင်း ဝင်ထွက်သူများကို လက်ဆေးရန်၊ Mask တပ်ရန် ကြီးကြပ်သည့် ကိုဗစ်နိုင်တင်းကပ်ရောဂါကာကွယ်ရေးဂိတ်၊ လူနေအိမ် နှစ်လုံး၊ ဆိုင်ကယ် ၇ စီးကိုပါ ရိုက်နှက်ဖျက်ဆီးသည်အထိ USDP ထောက်ခံသူများက ရမ်းကားခဲ့ကြသည်။



