အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက သတင်းမီဒီယာများကို စတင်ဖိအားပေးခြိမ်းခြောက် 

သတင်းမီဒီယာများအနေဖြင့် ‘အာဏာသိမ်းအစိုးရ’ ဟု သုံးနှုန်းခြင်းမပြုရန်နှင့် ဆက်လက်သုံးစွဲ​နေပါက ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) ရက်တွင် သတိပေးခြိမ်းခြောက်လိုက်သည်။

မီဒီယာကဏ္ဍကို စည်းကမ်းကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု စစ်တပ်ပိုင် မြဝတီရုပ်သံက ယမန်​နေ့ညပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။ 

သတင်းမီဒီယာများအနေဖြင့် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အာဏာသိမ်းအစိုးရဟု မမှန်မကန် သုံးနှုန်းခြင်းမျိုးအပါအဝင် လူထုဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန်” စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာကောင်စီနှင့် သတင်းစာတိုက်အချို့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် အကြောင်းကြားစာ ပေးပို့ခဲ့သည်။ 

စစ်ကောင်စီ၏ ဖိအားပေးခြင်းခံရပြီးနောက် သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ၂၄ ဦးအထိ နုတ်ထွက်ခဲ့ရာ လက်ရှိတွင် ကောင်စီဝင်နှစ်ဦးသာ ကျန်ရှိတော့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အာဏာသိမ်းစစ်ကောင်စီအလိုကျ အဖွဲ့အစည်းမဖြစ်အောင် ရပ်တည်ကာကွယ်ရန် မလွယ်ကူတော့သဖြင့် နုတ်ထွက်လိုက်သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် တွေ့ရသော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) စာရေးဆရာ ထက်မြတ်၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။ 

“ရေရှည်တွင် စစ်ကောင်စီမှ အစားထိုးတာဝန်ပေးမည့်အလိုတော်ရိများ ပါဝင်လာမည်မှာ ငြင်းပယ်၍ မရအောင် သေချာလှပါသဖြင့် သတင်းမီဒီယာကောင်စီမှ မိမိသဘောဆန္ဒအတိုင်း နုတ်ထွက်ပါကြောင်း” ဟု ၎င်း၏ နုတ်ထွက်စာက ဆိုသည်။  

သတင်းမီဒီယာများအနေဖြင့် ခက်ခဲစွာလျှောက်လှမ်းရမည့်အချိန်ဖြစ်ကြောင်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ မော်ကွန်းသတင်းဌာန အယ်ဒီတာ ဦးဇေယျာလှိုင်က ပြောသည်။

“သတင်းမီဒီယာကို ထပ်မံတင်းကျပ်မယ့် ခြေလှမ်းတွေဆိုတာ အသေအချာပဲ။ ခက်ခက်ခဲခဲ လျှောက်လှမ်းရမယ့်အချိန် ရောက်လာပြီ” ဟု ဦးဇေယျာလှိုင်က ဆိုသည်။ 

သတင်းသမားများကို ထိန်းသိမ်းဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် စစ်ကောင်စီပေးသည့် ဖိအားပေးခဲ့သည်ဟု နုတ်ထွက်ခဲ့သူတစ်ဦးဖြစ်သူ ဒေါ်ဝေမာသိမ့်က ပြောသည်။ 

“မီဒီယာက စကားလုံးအတိုကောက်နဲ့ဖြစ်စေ၊ အများနားလည်တဲ့ စကားလုံးနဲ့ဖြစ်စေ သုံးခွင့်ရှိတယ်။ ဟိုလိုမလုပ်ရဘူး။ ဒီလိုမလုပ်ရဘူးဆိုတာက မီဒီယာကို ဖိနှိပ်ချုပ်ချယ်တာဖြစ်တယ်။ စတုတ္ထမဏ္ဍိုင်ကို အသိအမှတ်ပြုတယ်လည်း ပြောသေးတယ်။ အဲဒီလိုဆိုရင် သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကိုလည်း အသိအမှတ်ပြုရမယ်။ သတင်းရေးသားခွင့်ကိုလည်း အသိအမှတ်ပြုရမယ်”ဟု ဒေါ်ဝေမာသိမ့်က ဆိုသည်။

ကောင်စီဝင်တစ်ဦးအနေနှင့်ဖြစ်စေ၊ မီဒီယာကောင်စီအနေနှင့်ဖြစ်စေ သတင်းသမား၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးကို ကာကွယ်ပေးနိုင်ဖို့ အနေအထားမတွေ့ရသောကြောင့် ကောင်စီမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 

နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက် နေပြည်တော်၌ ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခြင်း မပြုသည့်နည်းလမ်းဖြင့် ပြည်တွင်းအခြေစိုက် သတင်းဌာနများ၏ သတင်းသမားအများစု သပိတ်မှောက်ခဲ့ကြသည်။ 

သတင်းစာတိုက်စီမံအုပ်ချုပ်သူတို့၏ ဖိအားပေးမှုကြောင့် ထိုသတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့ရသူများလည်းရှိရာ ထိုသတင်းဌာနတွင် လုပ်ကိုင်နေသော သတင်းသမားတချို့ နုတ်ထွက်ခဲ့ကြသည်။ 

အင်္ဂလိပ်− မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည့် Myanmar Times သည် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့သည့်အတွက် သတင်းထောက်၊ အယ်ဒီတာ ဝန်ထမ်း ၂၀ ကျော်အပြင် အခြားဌာနများမှ ဝန်ထမ်းများ နုတ်ထွက်သွားရာ ကုမ္ပဏီ၏ ထုတ်ဝေရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။

စစ်ကောင်စီ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို သွားရောက်သတင်းမယူရန် Myanmar Times သတင်းထောက်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသော်လည်း ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များက နေပြည်တော်ရှိ ၎င်းတို့၏ သတင်းထောက်နှစ်ဦးကို ဖိအားပေး၍ သတင်းယူခိုင်းခြင်း၊ စစ်ကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာရန် ညွှန်ကြားခြင်းတို့ကြောင့် ထွက်ရခြင်းဖြစ်သည်ဟု အလုပ်ထွက်ခဲ့သူအချို့က ဆိုသည်။

အလုပ်ထွက်သည့် Myanmar Times ဝန်ထမ်းအရေအတွက် အတိအကျမသိရသေးသော်လည်း ဖေဖော်ဝါရီလကုန်တွင် ထပ်မံအလုပ်ထွက်မည့် ဝန်ထမ်းများလည်းရှိသေးသည်ဟု သိရသည်။

လက်ရှိထုတ်ဝေဖြန့်ချိနေသော သတင်းစာ၊ ဂျာနယ်နှင့် အွန်လိုင်းထုတ်ဝေမှုများ အပါအဝင် သတင်းလုပ်ငန်းအားလုံးကို ၃ လရပ်နားလိုက်ကြောင်း Myanmar Times သတင်းဌာနက ဖေဖော်ဝါရီ ၂၃ တွင် ကြေညာထားသည်။

ဤအတောအတွင်း နိုင်ငံအနှံ့ပေါ်ပေါက်နေသော စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် သတင်းသမားများ မှတ်တမ်းတင်သတင်းယူလျက်ရှိရာ မြစ်ကြီးနားအပါအဝင် ဒေသတချို့တွင် သတင်းသမားတချို့ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles