အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အောင်ရဲထွေးသေဆုံးမှုကြောင့် ဖမ်းခံထားရသူများအား လူသတ်မှုဖြင့် စစ်ဆေးရန် တရားရုံးဆုံးဖြတ်

ရန်ကုန် – လူမှုကွန်ရက်ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုအတွက် သံသယရှိသူများအား လူသတ်မှုဖြင့် စွဲချက်တင်ရန် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ပထမအကြိမ် စစ်ဆေးမှုတွင် အမှုပိတ်သိမ်းပြီး လွတ်မြောက်ခဲ့သည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ) အောင်လေး နှင့် ကျော်စောဟန်(ခ)ကျော်စော တို့သည် လူသတ်မှု၊ အားပေးကူညီမှုများဖြင့် ဒုတိယအကြိမ် ထပ်မံတရားရင်ဆိုင်ရမည်ဖြစ်သည်။

ယနေ့တရားခွင်တွင် စွပ်စွဲခံရသူများကို တရားသူကြီးက အပြစ်ရှိပါသလားဟု မေးမြန်းရာ သုံးဦးလုံးက အပြစ်မရှိကြောင်း ဖြေကြားကြသည်။

သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့က အောင်ရဲထွေးကို ရိုက်နှက်ခဲ့သဖြင့် အောင်ရဲထွေး သေဆုံးခဲ့ရသည်ဆိုကာ ၎င်းတို့ နှစ်ဦးအား ၃၀၂ (၂) ဖြင့်၎င်း၊ ကျော်စောဟန်(ခ)ကျော်စော သည် ၎င်းတို့ နှစ်ဦး ပြစ်မှုကျူးလွန်အောင် အားပေးကူညီ သည်ဆိုကာ တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ တို့ဖြင့် စွဲချက်တင်ခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အဆိုပါ ပုဒ်မသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ထိ ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

တရားလိုပြသက်သေများ၏ ထွက်ဆိုချက်နှင့် ဓာတုဗေဒ ဆေးစစ်ချက်များ ကိုက်ညီသဖြင့် စွပ်စွဲခံရသူများ အနေဖြင့် ဖြေရှင်းရန် တာဝန် ရှိသဖြင့် စွဲချက်တင်ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားသူကြီးက ပြောကြားသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် စွပ်စွဲခံရသူ သုံးဦးလုံး ရှိနေခြင်း၊ အခင်းဖြစ်ပွားရာတွင် ရှိနေသည့် သွေးနှင့် စွပ်စွဲခံရသူများက ရဲစခန်းတွင် အပ်နှံသည့် အခင်းဖြစ်ပွားသည့်နေ့က ၎င်းတို့စီးခဲ့သော ဖိနပ်တွင် ပေနေသည့် သွေးများကို ဓာတုဗေဒဓာတ်ခွဲခန်းပို့၍ စစ်ဆေးရာတွင် ကိုက်ညီမှု ရှိကြောင်း တရားသူကြီးက ပြောကြားသည်။

၂၀၁၈သို့ ကူးပြောင်းမည့် နှစ်သစ်ကူးနေ့က ရန်ကုန်၊ သုဝဏ္ဏရှိ The One Entertainment Park တွင် အောင်ရဲထွေးကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်ဟု စွပ်စွဲခံခဲ့ရသည့် ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွဋ်အောင်(ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ကို ရဲက ဖမ်းဆီးခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်သည်။

၎င်းတို့ သုံးဦးကို အသက် ၂၅ နှစ်အရွယ် ဟာသသရုပ်ဆောင် သေဆုံးပြီးနောက် ရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့သော်လည်း ၂၀၁၈ ဇူလိုင်လတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အမှုကိုရုပ်သိမ်းခွင့်ပြုခဲ့သည်။

လူသတ်မှုကို စွဲချက်တင်သည့် အဆင့် မရောက်မီ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ်သက်၍ ဥပဒေကျွမ်းကျင်သူများနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပင် ဝေဖန်ခဲ့ရသည်။

ထို့နောက် အဆိုပါအမှုရုပ်သိမ်းခြင်း နှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းသတ်မှတ်ကာ အမှုတွင် ပါဝင်ပတ်သက်သူများကို စုံစမ်းစစ်ဆေးခဲ့သည်။

လူသတ်မှုတရားခံအဖြစ် စွပ်စွဲခံရသူ၏ မိဘများက လာဘ်ပေးကာ ကျေအေးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြီးနောက် အောင်ရဲထွေးသေဆုံးမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ၂၀၁၈ အောက်တိုဘာ ၉ ရက်မှစ၍ နောက်တစ်ကြိမ် ပြန်လည် စစ်ဆေးနေခြင်း ဖြစ်သည်။

အမှုပိတ်ပေးရန်အတွက် အကျင့်ပျက် ခြစားခဲ့သည်ဟုဆိုကာ ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင်တရားသူကြီး ဦးအောင်ကြည်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့် သုဝဏ္ဏနယ်မြေစခန်းမှူးဟောင်း ဦးချစ်ကိုကိုတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နှင့် ၅၆ တို့ဖြင့် အသီးသီးတရားစွဲခံရသည်။

အမှု ရုပ်သိမ်းရန်အတွက် စွပ်စွဲခံရသူများ၏ မိဘများက သေဆုံးသူ အောင်ရဲထွေး၏ မိသားစုကို ကျပ်သိန်း ၁၅၀၀၊ ရဲအရာရှိနှင့် တရားရေးဝန်ထမ်းများကို စုစုပေါင်း ကျပ်သိန်း ၇၃၀နှင့် အရက်ပုလင်း၊ ပါတိတ် စသည့်တို့ကို လာဘ်ထိုးခဲ့ကြောင်း ကော်မရှင်က ဆိုထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles