အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝက်ဘ်ဆိုက် ၂၀၀ ကျော်ကို ‘အစိုးရညွှန်ကြားချက်အရ’ ပိတ်လိုက်သည်ဟု တယ်လီနောပြော

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဝက်ဘ်ဆိုက်ပေါင်း ၂၂၁ ခုကို ပိတ်ရန် ပြည်တွင်းတယ်လီဖုန်းအော်ပရေတာများကို ညွှန်ကြားခဲ့သဖြင့် မတ် ၃၀ မှစ၍ အားလုံးကို ပိတ်ပင်လိုက်ပြီ ဖြစ်သည်ဟု တယ်လီနောမြန်မာက မတ် ၃၀ တွင် သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အရ “တိကျစွာပြဋ္ဌာန်းထားသည့် ဝက်ဘ်ဆိုက်ပေါင်း ၂၀၇ ခုကို ပိတ်ပင်တားမြစ်ရန်” ဝန်ကြီးဌာနသည် မတ် ၁၉ နှင့် ၂၀ တို့တွင် တစ်ကြိမ်၊ သတင်းမှားနှင့် သတင်းတုများ ဖြန့်ချိနေသည်ဟုဆိုသည့် ဝက်ဘ်ဆိုက် ၁၄ ခုကိုလည်း ပိတ်ပင်ရန် မတ် ၂၃ တွင် တစ်ကြိမ် ပြည်တွင်းတယ်လီဖုန်းအော်ပရေတာများကို ညွှန်ကြားခဲ့သည်ဟု တယ်လီနောမြန်မာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ညွှန်ကြားချက်များတွင် ယင်းဝက်ဘ်ဆိုက်များသည် ညစ်ညမ်း အကြောင်းအရာများ၊ ကလေးသူငယ်များအပေါ် လိင်အလွဲသုံးမှုနှင့် သတင်းမှားများကို ဖြန့်ဖြူးနေကြောင်း ဝန်ကြီးဌာနက ဆိုထားသည်ဟု တယ်လီနောမြန်မာက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကနဦးတွင် ညစ်ညမ်းအကြောင်းအရာများ ခေါင်းစဉ်အောက်ရှိ ဝက်ဆိုက်ပေါင်း ၁၅၄ ခုကို မတ် ၂၃ တွင် တယ်လီနောက စိစစ်ပိတ်ပင်ခဲ့သော်လည်း “သတင်းတု” ဖြန့်ချိမှု ခေါင်းစဉ်အောက်ရှိ ဝက်ဘ်ဆိုက်များကို ပိတ်ပင်တားဆီးရန် တောင်းဆိုချက်ကိုမူ ခိုင်လုံသည့် ဥပဒေအကြောင်းပြချက် မရှိသည့်အတွက် လက်မခံခဲ့ကြောင်း တယ်လီနောက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော်လည်း ဝန်ကြီးဌာနနှင့် ထပ်မံဆွေးနွေးပြီးနောက် ဆန်းစစ်တွေ့ရှိမှုများအရ ကျန်ရှိသည့် ဝက်ဘ်ဆိုက်ပေါင်း ၆၇ ခုကို မတ် ၃၀ တွင် ပိတ်ပင်ခဲ့သည်ဟု တယ်လီနောက ပြောသည်။

“ယင်းတောင်းဆိုချက်အား လက်မခံပါက အများပြည်သူအား ဝန်ဆောင်မှုပေးရာတွင် သတင်းတု သတင်းမှားများက ပိုမိုကျယ်ပြန့်စွာ ဂယက်ရိုက်ခတ်လာနိုင်ခြေရှိသည်ကို ဆန်းစစ်တွေ့ရှိခဲ့ရပါသည်” ဟု တယ်လီနောက ဆိုသည်။

 

“ပိတ်ပင်ထားမည့် အတိုင်းအတာနှင့် အချိန်ကာလတို့ကို ကန့်သတ်ပေးရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ဆက်လက်ဆွေးနွေးသွားမည်” ဟုလည်း ဖုန်းအော်ပရေတာကုမ္ပဏီ တယ်လီနောက ဆိုထားသည်။

သတင်းအမှားတင်သည့် ဝက်ဘ်ဆိုက် နှင့် လိင်ဖျော်ဖြေရေးဆိုင်ရာ ဝက်ဘ်ဆိုက်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထားတစ်ခုတည်းနှင့် မဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် စိစစ်ပြီးမှသာ ဖုန်းအော်ပရေတာလေးခုထံ ပေးပို့ထားခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ကို မတ် ၂၆ တွင် ပြောခဲ့သည်။

သို့သော် Myanmar Now ၏ စုံစမ်းသိရှိမှုအရ ပိတ်ပင်ခံရသည့်အထဲတွင် တရားဝင် မှတ်ပုံတင်ထားသည့် သတင်းဌာနများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနနှစ်ခုဖြစ်သည့် နီရဉ္စရာသတင်းဌာနနှင့် DMG (Development Media Group) သတင်းဌာနများအပြင် Karen News သတင်းဌာနတို့ကို ဖုန်းအော်ပရေတာအချို့က ပိတ်ပင်ထားခဲ့သည်ကို Myanmar Now က မတ် ၂၆ တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။

ထို့အပြင် မန္တလေးအခြေစိုက် Mandalay In-Depth News ၊ VOM (Voice of Myanmar) နှင့် ရှမ်းပြည်နယ် တာချီလိတ်အခြေစိုက် Mekong News တို့ကဲ့သို့ တရားဝင်သတင်းဌာနများလည်း ထပ်မံပါဝင်လာသည်ကို တွေ့ရသည်။

Mandalay In-depth သတင်းဌာနတည်ထောင်သူ ကိုအောင်ဆန်းဦးက “ဒါက စီးပွားရေးအရ၊ ဂုဏ်သိက္ခာအရ နစ်နာသလို တစ်ဖက်ကျတော့လည်း တရားဝင်မှတ်ပုံတင်နဲ့ လုပ်နေတဲ့ သတင်းဌာနတွေကို လွတ်လပ်စွာသတင်းရယူခွင့်၊ သတင်းသိပိုင်ခွင့်ကို ခြိမ်းခြောက်တဲ့ သဘောဖြစ်သွားတယ်” ဟု ဆိုသည်။

Mandalay In-depth သတင်းဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာကို ယနေ့ (မတ် ၃၀) မနက်အထိ တယ်လီနောဖုန်းအင်တာနက်ဖြင့် ၀င်ရောက်ကြည့်ရှု့ခွင့် ရနေသေးသော်လည်း ညနေပိုင်းတွင် ဖုန်းအင်တာနက်အပြင် အခြား ဝိုင်ဖိုင် (WiFi) အင်တာနက်ဝန်ဆောင်မှုများမှပါ ၀င်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်ကြောင်း ဦးအောင်ဆန်းဦးက ပြောသည်။

Myanmar Now က Myanmar Net ဝိုင်ဖိုင်အင်တာနက်ဖြင့် Mandalay In-depth နှင့် Mekong News Agency တို့၏ ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရာတွင်လည်း ပိတ်ပင်ခံထားရသည်ကို တွေ့ရသည်။

Mekong News ၏ အင်တာနက်စာမျက်နှာကို ဝင်ရောက်ကြည့်ရှုသည့်အခါ တွေ့ရပုံ

 

ဖော်ပြပါသတင်းဌာနများအနက် အချို့၏ ဝက်ဘ်ဆိုက်များကို Ooredoo ဖုန်းအင်တာနက်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်နေသေးသော်လည်း MPT ကမူ အားလုံးနီးပါးကို ပိတ်ပင်ထားလိုက်ပြီ ဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဖုန်းအော်ပရေတာများထံ ညွှန်ကြားချက်အကြောင်းကို တယ်လီနောမြန်မာတစ်ခုတည်းကသာ ထုတ်ပြန်ထားပြီး အခြားအော်ပရေတာများ၏ ထုတ်ပြန်ချက်များကို မတ် ၃၀ အထိ မတွေ့ရသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button