သတင်း

စစ်မီးတောက်နေသည့် ယောဒေသတွင် စစ်ရှောင်များ အကူအညီလိုအပ်နေ

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့ ထိစပ်ရာ ယောဒေသတွင် စစ်ဘေးရှောင် ထောင်နှင့်ချီ ရှိနေပြီး ရိက္ခာဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များ၊ အကူအညီပေးနေသူများက ပြောသည်။ 

စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကို လိုက်လံတိုက်ခိုက်စဉ် အိမ်များကို မီးရှို့နေရာ ဂန့်ဂေါ – ကလေး လမ်းပေါ်မှ ကျေးရွာများမှာ ရွာလုံးကျွတ် တိမ်းရှောင်လာကြသည်ဟု ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများကူညီရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  

“ပြန်စရာ အိမ်မရှိတဲ့သူတွေကို အဓိကထားပြီးတော့ သူတို့ကတော့ အမြဲတမ်း မပြန်တော့ဘူး။ စစ်ရှောင်စခန်းမှာပဲ နေလိုက်တယ်။ စစ်ကြောင်းရှိလို့လာတဲ့ သူတွေကျတော့ စစ်ကြောင်းရှိတဲ့အချိန်မှာ ခဏတဖြုတ်ပဲ လာပြီးတော့ စစ်ကြောင်းရှင်းရင် သူတို့ အိမ်မှာပဲ သူတို့ ပြန်နေကြတယ်” ဟု ၎င်းက ပြောသည်။ 

“လောလောဆယ်ကတော့ ဝေးဝေးက လှူတာမရှိသေးဘူး။ အနီးအနားကပဲ ရပ်ရွာတွေ ကိုယ့်နီးစပ်ရာတွေကပဲ အလှူခံတာတွေပဲ ရှိသေးတယ်” 

မွှေ့လယ်၊ နှမ်းခါး၊ ထယ်လှော်၊ ကျွန်းဒတ်၊ စန်းမြို့၊ မြင်သား၊ သာလင်း၊ ကန်၊ ရှောက်ပင် ကျေးရွာ ၉ ရွာမှ နေအိမ် ၄၀၀ နီးပါး မီးရှို့ခံထားရပြီး လူဦးရေ ၃၀၀၀ ခန့် ယာယီစစ်ရှောင်စခန်း ၅ ခု တွင် ရောက်နေသည် ဟု ၎င်းက ဆက်ပြောသည်။  

၎င်းတို့ကော်မတီ၏ ဒီဇင်ဘာ ၄ ထုတ်ပြန်ချက်တွင် ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော စသည့် ယောဒေသ ၅ မြို့တွင် နေထိုင်သူများ၊ အဝေးရောက်ဒေသခံများက ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။ 

ဒေသခံ PDF တပ်ဖွဲ့များ ခြေကုပ်ယူထားသည့် ယောဒေသမှာ တောင်တန်းနှင့် ချိုင့်ဝှမ်း ပေါများပြီး ပြောက်ကျားစစ်ဆင်ရေးအားကောင်းမှုကြောင့် စစ်ကောင်စီ အထိနာစေသည့် ဒေသတစ်ခုဖြစ်သည်။ 

မကြာခဏ ချုံခိုတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်က ထိုဒေသကျေးရွာများကို အငြိုးထားပြီး မကြာခဏ ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးလေ့ရှိသည်ဟု ဒေသခံတို့က ပြောသည်။

ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းပြန်ဖြေကြားခြင်း မရှိသေးပေ။

စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့သည် ပြည်သူတို့ကို အကာအကွယ်ပေးနေကြောင်း၊ PDF များသည် အဖျက်သမားများဖြစ်ကြောင်း ၎င်းတို့ချုပ်ကိုင်ထားသည့် သတင်းစာများတွင် နေ့စဉ်လိုလို ဖော်ပြနေသည်။ 

စန်းမြို့ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက မြေပြင်တွင်မူ ထိုဝါဒဖြန့်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု Myanmar Now ကို ပြောသည်။

ဒီဇင်ဘာ ၂၀ တွင် ၎င်းတို့ရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ၊ စစ်တပ်ထောက်ခံသည့် အရပ်သား ပျူစောထီးအဖွဲ့မှ လက်နက်ကိုင်များက ရွာကို မြောက်ဘက်နှင့် တောင်ဘက်မှ ဝင်ရောက်တိုက်ခိုက်ပြီး ပစ္စည်းများလုယက်ကာ အိမ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု ပြောသည်။

“မီးမလောင်တဲ့သူတွေလဲ အကုန်ဆုံးရှုံးတယ်၊ မီးလောင်တဲ့သူတွေလဲ အကုန်ဆုံးရှုံးတယ်ရှင့်။ ဖောကား (စစ်ထရပ်ကား) တွေနဲ့ တိုက်ပြီး ယူသွားကြတယ်။ ကျွန်မတို့မှာ တအားနာပါတယ်ရှင့်” ဟု ၎င်းက ပြောသည်။ 

၎င်း၏ နေအိမ်အပါအဝင် နေအိမ် ၃၆ လုံး မီးလောင်ခဲ့ရသည်ဟု စန်းမြို့ကျေးရွာဒေသခံ ၅၀၀ ခန့်နှင့်အတူ  စစ်ရှောင်စခန်းတစ်ခုတွင် ရောက်နေသည့် ထိုအမျိုးသမီးက ဆိုသည်။

ဆန်၊ ဆီနှင့် အိုး ၂ လုံးသာ သယ်ဆောင်လာနိုင်ခဲ့ပြီး နှစ်ထပ်အိမ်၊ ဆိုင်ကယ်၊ ဝက်တစ်ကောင်၊ ပရိဘောဂပစ္စည်းများအားလုံး ဆုံးရှုံးပျက်စီးခဲ့ရကြောင်း ထိုအမျိုးသမီးက ဆိုသည်။

စပါးရိတ်သိမ်းရန် လိုအပ်နေသော်လည်း ရွာနှင့် ဝေးသည့် ယာတောများတွင်သာ မိသားစုလိုက် သွားရောက်နေထိုင် ရိတ်သိမ်းနေကြကြောင်း သူက ဆက်ပြောသည်။ 

“ကျွန်မတို့ ရွာက လူအင်အားတွေက များများရှိပြီး လက်နက်တွေမရှိတော့ ခုလိုမျိုး အဆုံးရှုံးခံပြီးတော့ ဖြစ်နေကြရတယ်ရှင့်” ဟု ၎င်းက ပြောသည်။ 

ကျန်းမာရေးအတွက် ဆရာဝန်၊ သူနာပြုများ လိုအပ်သည်ဟု ၎င်းက ဆိုသည်။ 

အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက သူတို့မိသားစုသည် စန်းမြို့နှင့် အနည်းငယ်ဝေးသည့် တောင်ယာတဲတွင် အခြားမိသားစု ၃ စုနှင့်အတူ နေကြသည်ဟု ဆိုသည်။ 

“ကျွန်မတို့ဆီက အနောက်ဘက်လည်း ထွက်မရ၊ မြောက်ဘက်လည်း ထွက်မရ၊ ထွက်လမ်းက တောင်ဘက်ပဲ ရှိတာဆိုတော့ ကျွန်မတို့ဆီမှာ စားသောက်ကုန်တွေဘာတွေ ကုန်ခြောက်တွေပေါ့လေ။ အဲဒီဟာတွေက သယ်ယူဖို့ ခက်ခဲနေတာ” ဟု ၎င်းက ဆက်ပြောသည်။ 

“စစ်ရှောင်အတွက်တွေလဲ ဆောင်းတွင်းဆိုတော့ စောင်တို့ဘာတို့ လိုအပ်နေတာပေါ့လေ” 

စန်းမြို့ကျေးရွာ၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ ပျူစောထီး အားကောင်းသည့် ကျေးရွာများတွင် စစ်ကောင်စီ တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။ 

“အရေးတော်ပုံ အောင်ချင်တာပေါ့။ ရန်သူကြားမှာ နေရတာဆိုတော့ ကျွန်မတို့ရွာက ပိုပြီးတော့ ခက်ခဲနေတယ်။ အမြဲတမ်း အိပ်ရင်လဲ ဖြောင့်ဖြောင့်တန်းတန်း မအိပ်ရဘူး” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။ 

“တောထဲတောင်ထဲမှာ အအေးလဲ တအားပိုတာဆိုတော့ ခက်ခဲတာဆိုတော့ ကျမ်းမာရေးကအစ သက်ကြီးပိုင်းတွေက”

ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာအနီး တွေ့ရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး သရုပ်ဖော်ထားသည်ကို ဖေဖော်ဝါရီ ၂၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-CJ) 

ယောဒေသကို အကြီးအကျယ် ထိုးစစ်ဆင်ရန်အတွက် စစ်ကောင်စီက ပြင်ဆင်နေပြီး ကျောမြို့ရှိ စစ်လက်နက်စက်ရုံအနီး ရဟတ်ယာဉ်ကွင်းများ တည်ဆောက်နေသည်၊ ပျူစောထီး အားကောင်းသည့် ကျေးရွာများတွင်လည်း ရဟတ်ယာဉ် ဆင်းသက်နေသည်ဟု ကြားသိရကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

“ကျွန်တော်တို့ဘက်ကို ရဟတ်ယာဉ် သုံးတော့မယ် ထင်တယ်။ တိုက်ပွဲတွေကို လေကြောင်းပစ်ကူ ကြီးကြီးကျယ်ကျယ် သုံးမဲ့သဘောရှိတယ် ထင်တယ်ဗျ။ မြေပြင်မှာက သူတို့ မနိုင်တော့ဘူးလေ” ဟု ၎င်းက ပြောသည်။ 

အထိနာနေသည့် စစ်ကောင်စီတပ်က ရွာများကို မီးရှို့ခြင်းမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ၏ ရိက္ခာနှင့် စစ်အသုံးစရိတ်များကို ဖြတ်တောက်နိုင်ရန် ရည်ရွယ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“ပြည်သူတွေကလဲ စစ်ဘေးရှောင်နေရတယ်ဆိုတော့ ကျွန်တော်တို့ ရဲဘော်တွေအတွက် ထားတဲ့ ရိက္ခာတွေကို သူတို့အတွက် အသုံးပြုရတာမျိုးတွေ ဖြစ်လာတာပေါ့” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

စစ်သားများ ရွာတွင် မီးရှို့ဖျက်ဆီးသည်၊ စစ်ကောင်စီတပ်၏ ရန်ကြောင့် စစ်ဘေးရှောင်နေရသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်များကို အာဏာသိမ်းစစ်ကောင်စီက ငြင်းဆိုလေ့ရှိသည်။

ဇူလိုင်လဆန်းပိုင်းကမူ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်ကြီးအေးသဇင်မြင့်က PDF တို့ကြောင့် စစ်ကိုင်းတိုင်း ကျေးလက်ဒေသခံများ ထွက်ပြေးရခြင်းဖြစ်သည်ဟု ပြောထားသည်။ 

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေလာရင် ဖမ်းဆီးမယ်၊ ရိုက်နှက်ညှဉ်းဆဲမယ် စသည်ဖြင့် ခြောက်လှန့်ထားတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကျေးရွာအနီး ရောက်တာနဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးကြတဲ့အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

“ဒီလိုဖြစ်အောင်လဲ တမင်ဖန်တီးနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ရွာတွေဆိုတဲ့ အသုံးအနှုန်းဟာ အနောက်မျှော်မီဒီယာတွေ အမြဲသုံးနေကျဖြစ်ပါတယ်”

ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ အနောက်မြောက်လွင်ပြင်ဒေသနှင့် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်များ အားကောင်းသည့် ချင်းတောင်တန်းတို့ကို ချိတ်ဆက်ပေးထားသည့် ယောတောင်တန်းသည် စစ်ရေးဗျူဟာကျနေပြီး ထိုဒေသကို စစ်ကောင်စီက စိုးမိုးနိုင်ရန် ကုန်းကြောင်းသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button