အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် တပ်စွဲထားသည့် ကပေါင်းကျရွာတွင် နေအိမ်များ မီးလောင်နေ

စစ်ကောင်စီတပ် တပ်စွဲထားသည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာတွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ (ဇန်နဝါရီ ၂) နံနက်ပိုင်းတွင် မီးလောင်နေသည်ဟု ဒေသခံအချို့ထံမှ သိရသည်။ 

ယမန်နေ့တွင် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သဖြင့် တန့်ဆည်မြို့နယ် PDF များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်တပ်က စခန်းချတပ်စွဲခဲ့သော ကပေါင်းကျရွာတွင် ယနေ့နံနက်ပိုင်းက မီးလောင်နေခြင်းဖြစ်သည်။ 

“ရွာထိပ်မယ် အခုလောလောဆယ်တော့ မီးခိုးတွေတော့ မြင်နေရတယ် ပြောတယ်။ အတိအကျတော့ မသိရသေးဘူး။ လွန်ခဲ့တဲ့ နာရီဝက်လောက် (၁၀ နာရီခွဲလောက်) ကစပြီး မီးခိုးတွေတွေ့တာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကပေါင်းကျရွာ ဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။ 

မီးမလောင်ခင် ယနေ့ နံနက်အစောပိုင်းကလည်း ရွာအနီးဝန်းကျင်တစ်ဝိုက်ကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်တပ်က ရွာထဲမှာပဲ ရှိသေးတယ်။ မနက်က လက်နက်ကြီး ၁ ချက်ထုတယ်။ ဘောက်(သေနတ်ငယ်) အချက် ၂၀ လောက် ပစ်သေးတယ်။ ရွာရဲ့ အရှေ့မြောက်ဘက် လယ်တောစပ်ကို တောင်သူတွေမြင်လို့ လှမ်းပစ်သလားတော့ မသိဘူး” ဟု ကပေါင်းကျရွာခံ နောက်တစ်ဦးက ပြောသည်။ 

တန့်ဆည်မြို့နယ်အတွင်း အင်အား ၁၁၀ နီးပါး ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းကို ကပေါင်းကျကျေးရွာအနီးတွင် ဒေသခံ PDF အဖွဲ့က ယမန်နေ့ညနေပိုင်းတွင် လက်လုပ်မိုင်းဖြင့် စတင်တိုက်ခဲ့ပြီး ၄၅ မိနစ်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။  

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်သည့်အတွက် အသက် ၂၂ အရွယ် ကိုမျိုးချစ်စန်းဆိုသူ PDF တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သည်ဟု တန့်ဆည် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ယမန်နေ့တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် လက်လုပ်စိန်ပြောင်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၁၀ ဦးနီးပါး ထိခိုက်သေဆုံးနိုင်သည်ဟု အတူပါဝင်တိုက်ခိုက်ခဲ့သော K.P.K. ဆိုသော ကျေးလက်ပြောက်ကျားအဖွဲ့တစ်ခုက ထုတ်ပြန်ထားသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ 

“စစ်တပ်ဘက်က လက်နက်ကြီးနဲ့ စပစ်တော့ PDF ရဲဘော်တစ်ယောက် ကျဆုံးသွားတယ်။ ကိုယ့်ဘက်ကလည်း ပြန်ချတယ်။ (စစ်တပ်က)မိုင်းကွင်းနှစ်ကွင်းမှာ နေရာယူပြီးသားဖြစ်နေတယ်။ အဲ့ဒီတော့ မိုင်းဆွဲချလိုက်တယ်။ စိန်ပြောင်းနဲ့ သူတို့တည့်တည့်ကို ချိန်ပစ်တယ်။ မိုင်းကွင်းနှစ်ကွင်းကလည်း အကုန်ထိတယ်။ စိန်ပြောင်းနှစ်ပြောင်းကလည်း တည့်တည့်ထိတယ်” ဟု တန့်ဆည် PDF က ဆက်ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေသော မြို့ရွာများကို စစ်တပ်က ဆက်တိုက်ဝင်ရောက်စီးနင်းစဉ် ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိရာ ကပေါင်းကျရွာတွင်လည်း စစ်တပ်က မီးရှို့ခြင်းဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများက ယူဆသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ကပေါင်းကျကျေးရွာကို စစ်တပ်က တစ်ပတ်ကြာ ဝင်ရောက်တပ်စွဲပြီးနောက် နေအိမ်များကို မီးရှို့ခဲ့သည်။ 

အိမ်ခြေ ၇၀၀ ခန့်ရှိသည့် တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဧပြီလမှစ၍ စစ်တပ်က မကြာခဏ ဝင်ရောက်စီးနင်းနေရာ ဒေသခံ သုံးထောင်ကျော်မှာ သြဂုတ်လကုန်ပိုင်းကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

အဆိုပါရွာသည် ယခုအကြိမ်နှင့်ဆိုပါက ၁၁ ကြိမ်မြောက် စီးနင်းဖျက်ဆီးခံရခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ဒဏ် အများဆုံးခံရသည့် ရွာများအနက် တစ်ရွာအပါအဝင်ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button