
လူအများ နှစ်ခြိုက်စွာ အိပ်မောကျလေ့ရှိသော မနက် ၂ နာရီအချိန်တွင် သောကပွေနေသည့် ရွာသားများ သည် နွားလှည်းနှင့်တစ်မျိုး၊ ဆိုင်ကယ်နှင့်တစ်သွယ် နေအိမ်မှ စွန့်ခွာရန် အမှောင်ထုအောက်တွင် ခပ်သုတ်သုတ် ပြင်ဆင်နေကြသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုများ အားကောင်းခဲ့သည့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျရွာဘက်ကို စစ်ကား ၆ စီးဖြင့် စစ်သားများ ဆင်းလာသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာပြီး တိမ်းရှောင်ရန် ဩဂုတ် ၂၆ မနက်တွင် ပြင်ဆင်နေခြင်း ဖြစ်သည်။
အိုးခွက်ပန်းကန်တို့နှင့် နေ့စဉ် မဖြစ်မနေသုံးရမည့် အရာများကို တစ်ပါတည်း ယူဆောင်ခဲ့ရသည်ဟု ကပေါင်းကျကျေးရွာ ဒေသခံ အသက် ၅၀ ကျော်အရွယ်အမျိုးသားတစ်ဦးက ပြောပြသည်။
“နဂိုက စုဆောင်းထားတဲ့ ဆေးလေးတွေသာ အိတ်ထောင်ထဲ ထည့်ပြီး ပျာယီးပျာယာနဲ့ ပြေးရတာပဲ။ တချို့လည်း သက်ကြီးရွယ်အိုတွေ လှည်းပေါ်တင်ပြီး ထွက်ပြေးရတာ”ဟု ပစ်မှတ်ထားရန်ပြုခံရမည်ကို စိုးရိမ်သဖြင့် အမည်မဖော်ပြစေလိုသော ထိုအမျိုးသားက ပြောသည်။
စစ်ကောင်စီတပ်များ ရွာကို ဝင်မွှေမည့်သတင်းကြောင့် အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိသည့် ကပေါင်းကျရွာတွင် သက်ကြီးရွယ်အိုအနည်းငယ်မှအပ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရသည်။
ထို့နောက် ဩဂုတ် ၂၆ မနက် ၃ နာရီတွင် စစ်ကောင်စီတပ်က ထရပ်ကား ၆ စီးဖြင့် ကပေါင်းကျရွာသို့ ရောက်ရှိလာပြီး စတင်စီးနင်းခဲ့သည်။
တန့်ဆည်မြို့၊ အင်တိုင်းချောင်တွင် ရွှေရှာဖွေခြင်းဖြင့် အဓိကအသက်မွေးသည့် ကပေါင်းကျကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဧပြီလကုန်မှစ၍ အကြိမ်ကြိမ်မွှေနှောက်ရှာဖွေခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် ၇ ကြိမ်မြောက် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။
လက်နက်စွဲကိုင်တော်လှန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည့် စစ်ကိုင်းတိုင်းတွင် ကပေါင်းကျရွာသည် စစ်တပ်ဝင်ရောက်စီးနင်းမှု အများဆုံးနေရာ ဖြစ်လာသည်။
စီးနင်းရခြင်း အကြောင်းပြချက်
စစ်တပ်ဘက်က ဧပြီ ၁၇ တွင် ကပေါင်းကျရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦး၏ နေအိမ်ကို ဒေသခံ ၂၀၀ ကျော် ဝိုင်းဝန်းဖျက်ဆီးသည့်အတွက် နေအိမ် ၉ လုံးပျက်စီးသွားသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်ဟု စစ်ကောင်စီက နောက်တစ်နေ့တွင် သတင်းထုတ်ပြန်သည်။
ငွေကြေးအင်အားတောင့်တင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမာခံ ကပေါင်းကျရွာတွင် ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) များ ရှိနေသည်ဟု ဒလန်၏ သတင်းပေးမှုကြောင့် ယခုကဲ့သို့ အကြိမ်ကြိမ် မွှေနှောက်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆထားသည်။
“ဒလန်တွေကြောင့် ရွာသူရွာသားတွေက ဒုက္ခရောက်နေတာ။ ဘာအဖွဲ့အစည်းမှမရှိဘူး။ ဒလန်လုပ်တဲ့ သူတွေက သူတို့ဟာသူတို့ သတင်းပေးနေတာ” ဟု လုံခြုံရေးအရ အမည်မဖော်ဝံ့သည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တန့်ဆည်မြို့ဘက်မှ ထွက်လာသည့် စစ်သားအင်အား ၁၀၀ ကျော်သည် ရွာရှည်ရွာမှတစ်ဆင့် ကပေါင်းကျကျေးရွာသို့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဆင်းလာသည်။
ဩဂုတ် ၂၆ ၊ မနက် ၃ နာရီဝန်းကျင်၌ ကပေါင်းကျရွာထဲ ရောက်လာသည့် စစ်တပ်သည် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာ တောတောင်များဘက်သို့ လက်နက်ကြီးများဖြင့် တရစပ် လိုက်လံပစ်ခတ်ခဲ့သည့်အတွက် အသက်လုပြေးခဲ့ရသည်ဟု အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဒေသခံအများစု ဘေးလွတ်ရာသို့ အချိန်မီရှောင်တိမ်းနိုင်ခဲ့သည်။ သို့သော်လည်း ထွက်ပြေးတိမ်းရှောင်သည့် လမ်းတွင် စစ်တပ်နှင့် ပက်ပင်းတိုးပြီး ဖမ်းဆီးခံရသူတချို့ရှိသည်။
ကလေးတစ်ဦးဖခင်ဖြစ်သည့် အသက် ၃၂ နှစ်အရွယ် ကိုဟိန်းဇာသည် ရွာအပြင်ဘက် ထွက်ပြေးစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံလိုက်ရသည်။
ရက်ပိုင်းအကြာ ဒေသခံတချို့ အရဲစွန့်ပြီး ရွာထဲပြန်ဝင်ချိန် ကိုဟိန်းဇာ၏ ရုပ်အလောင်းကို တွေ့ခဲ့ကြောင်း၊ စစ်တပ် ပြန်လည်ဆုတ်ခွာပြီးနောက် ပိုမိုလုံခြုံစိတ်ချရသည့် စက်တင်ဘာ ၁ မှ ပျက်စီးနေသည့် အလောင်းကို ကောက်ယူသင်္ဂြိုဟ်နိုင်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရုပ်တွေက အကုန်ပျက်နေတာ။ သင်္ဂြိုဟ်တုန်းက ခြေတွေ၊ လက်တွေဆို ဘာမှမကျန်ဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဒေသခံ ၆ ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများကို ကိုးကားပြီး Myanmar Now က ကနဦးဖော်ပြခဲ့သော်လည်း လက်ရှိတွင် အလောင်းပြန်တွေ့ပြီး သင်္ဂြိုဟ်ပေးနိုင်သည့် အရေအတွက်မှာ ၄ ဦးသာ ရှိသေးကြောင်း ကပေါင်းကျရွာဒေသခံများက စက်တင်ဘာ ၅ က ဆိုသည်။
ကိုဟိန်းဇာ ၊ အသက် ၄၀ ဝန်းကျင် ဦးဇော်မင်းလေး၊ တောတွင်း၌ ပစ်ခတ်ခံရသည့် ကိုမိုးဆွေဦးနှင့် အမည်မဖော်ပြနိုင်ကြသေးသော ရုပ်အလောင်းတစ်လောင်းတို့ကို သင်္ဂြိုဟ်ပေးခဲ့သည်ဟု ဆိုသည်။

စစ်တပ် စတင်စီးနင်းစဉ်က ပစ်ခတ်ခံရသည်ဆိုသည့် အသက် ၂၅ နှစ်အရွယ် ကိုလွင်မိုးအပါအဝင် ဒေသခံ ၃ ဦးထက်မနည်း သေသည်ရှင်သည် မသိရဘဲ ပျောက်ဆုံးနေသည်ဟု ရွာခံတို့က ပြောသည်။
စစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ရွာအနောက်ဘက် တောတောင်များအတွင်း တိမ်းရှောင်ခဲ့သည့် ကိုမိုးဆွေဦးတို့ မောင်နှမတစ်စုသည် သြဂုတ် ၂၇ မနက်ပိုင်းတွင် ပုန်းခိုရာမှ ခေတ္တထွက်လာချိန် စစ်ကောင်စီတပ်က တွေ့ပြီး ပစ်ခတ်ရာ ကိုမိုးဆွေဦး ဝမ်းဗိုက် ကျည်ထိသွားသည်။ သူ၏ နှမဖြစ်သူ လက်မောင်းတွင် ထိမှန်ခဲ့သည်။
“သူတို့ ထမင်းစားနေတဲ့အချိန်မှာ ဝင်လာတော့ အကုန်လုံးပြေးတာပေါ့။ အဲ့ဒီတဲက လမ်းဘေးမှာပဲ။ လာပြီဆိုတာနဲ့ အကုန်ထပြေးတာ။ သူတို့ (စစ်သားများ)က ပစ်လိုက်တော့ ထိသွားတဲ့သူက ထိသွားတယ်” ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကိုမိုးဆွေဦး၏ ညီငယ်ဖြစ်သူက မိသားစုထံ ဖုန်းဆက်အကြောင်းကြားသဖြင့် အခြားနေရာ၌ စစ်ဘေးရှောင်တိမ်းနေသည့် မိခင်က လှည်းကိုယ်တိုင်မောင်းပြီး လိုက်ခဲ့သော်လည်း သားဖြစ်သူကို အသက်မမီခဲ့ပေ။
နောက်တစ်နေ့မနက်တွင် ကိုမိုးဆွေဦး၏ ရုပ်အလောင်းကို ရွာသို့ ပြန်လည်သယ်ဆောင်သင်္ဂြိုဟ်ခဲ့သည်။ သူ၏ နှမဖြစ်သူကို ကြက်ခြေနီအသင်း၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သည်။
တိုင်ကို လွှစက်နှင့်ဖြတ်၊ နေအိမ်ကို မီးရှို့
ကပေါင်းကျကျေးရွာသို့ စစ်ကောင်စီတပ် ယခင်က ၀င်ရောက်စဉ် အိမ်များ မွှေနှောက်၊ ဖျက်ဆီး၊ လုယက်ကာ နေ့တွင်းချင်း ပြန်ထွက်သွားသော်လည်း ယခုတစ်ကြိမ်တွင် ရွာအတွင်း ၄ ရက်ကြာ တပ်စွဲခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
ယခုအကြိမ်တွင် ပရိဘောဂများ၊ အသုံးအဆောင်များကို ရိုက်နှက်ဖျက်ဆီးရုံသာမက အဆောက်အအုံတိုင်များကို လွှစက်ဖြင့် ဖြတ်၊ အိမ်ကို ပြာပုံအတိဖြစ်သည်အထိ မီးရှို့သွားသည်ဟု ဒေသခံများက ဆိုသည်။
ရွာအလယ်ပိုင်းရှိ မရင်ရင်(အမည်လွှဲ) တို့နေအိမ်မှာ ဘုရားခန်းမှလွဲပြီး ကျန်အခန်းများရှိ ပရိဘောဂများ၊ ဗီရိုများ၊ တီဗီမှသည် ဂဏန်းတွက်စက်အထိ ပစ္စည်းအားလုံးထုခွဲရိုက်ဖျက်ပြီး တံခါးရွက်များ ဖျက်ဆီးခံခဲ့ရသည်။
“အမိုးနဲ့တိုင်တွေပဲ ကျန်တာ။ အောက်က နံရံလေးတွေပဲ ကျန်တယ်။ ဘုရားခန်းကလွဲလို့ ပစ္စည်းအကုန် ရိုက်ခွဲသွားတာ” ဟု မရင်ရင်က ပြောသည်။
ကိုယ်တိုင်လည်း တိမ်းရှောင်နေရပြီး ပိုင်ဆိုင်သည့်ပစ္စည်းမှန်သမျှ ဖျက်ဆီးခံရသည့်အတွက် စစ်တပ်ကို ရွံရှာမုန်းတီးနေသည်ဟု သူက လေသံခပ်မာမာဖြင့် ပြောသည်။
စစ်တပ်က ရွာရှိ အိမ်တိုင်းနီးပါးဝင်ရောက်မွှေနှောက်ခဲ့သည့်အနက် ဆိုးဆိုးရွားရွား ဖျက်ဆီးခံခဲ့ရသည့် အိမ် ၁၀ လုံး ဝန်းကျင်ရှိပြီး နှစ်ထပ်ပျဉ်ထောင်သွပ်မိုးအိမ်တစ်လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
တစ်အိမ်လုံးပြာပုံအတိဖြစ်ခဲ့ရပြီး ခြံထောင့်ရှိ ရေလောင်းအိမ်သာတစ်လုံးသာ ကျန်ရစ်သည်ဟု အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်မြင့် (အမည်လွှဲ)က ပြောသည်။

“ပစ္စည်းပစ္စယတွေ အောက်ကိုဆွဲချ၊ တိုက်ပန်းကန်ပြား(ကြွေပန်းကန်ပြား) တွေကိုလည်း တလင်းထဲကို ချထားပြီး ထုခွဲထားတဲ့ပုံတွေ မြင်ရတယ်။ မိသားစုရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ အလှူလုပ်ထားတုန်းက ဓာတ်ပုံတွေကိုလည်း အိမ်ခေါင်းရင်းက မဲဇလီပင်အောက်ကို အထပ်ကြီး အပုံကြီးပုံပြီးတော့ မီးရှို့ထားတာ” ဟု ဒေါ်မြင့်မြင့်က နှမြောတသစွာ ဆိုသည်။
ပြည်သူ့အိုးအိမ်များကို အငြိုးတကြီးဖြင့် မွှေနှောက်ထုခွဲဖျက်ဆီးနေသည့် စစ်တပ်၏ လုပ်ရပ်နှင့် ပတ်သက်ပြီး ကပေါင်းကျရွာဒေသခံတစ်ဦးက ယခုကဲ့သို့ ဝေဖန်သည်။
“စစ်တပ်က ဒီလောက်ကြီးယုတ်မာလိမ့်မယ်လို့ မထင်ခဲ့ဖူးဘူး။ အခုတော့ တွေ့တဲ့လူပစ်သတ်၊ တွေ့တဲ့အိမ်၊ ဖျက်ဆီး၊ မီးရှို့ဆိုတော့ ဘာပြောရမယ်မှန်းတောင် မသိတော့ဘူး”ဟု သူက ပြောသည်။
ထိုရွာရောက် စစ်သားများ ထိုသို့ ဖျက်ဆီးရသည့် အကြောင်းရင်း မေးမြန်းရန် ကြိုးစားသော်လည်း စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို တယ်လီဖုန်းဆက်သွယ်နိုင်ခြင်း မရှိသေးပါ။
ဒေသခံဓာတ်ပုံဆရာတစ်ဦး ဩဂုတ် ၃၁ တွင် သွားရောက်ရိုက်ကူးထားသည့် ကပေါင်းကျေးရွာအခြေအနေ မှတ်တမ်းဓာတ်ပုံများအရ အိမ်ကြီးအိမ်ကောင်းများကို နံရံခွာချကာ နေအိမ်အတွင်း ရိုက်ခွဲဖျက်ဆီးထားသည်။ လက်နက်ကြီးအစအနများ၊ မီးလောင်ပျက်စီးထားသည့် နေအိမ်များကိုပါ တွေ့ရသည်။
ကပေါင်းကျရွာတွင် တပ်စွဲပြီး သောင်းကျန်းခဲ့သည့် စစ်ကောင်စီတပ်သားများအနက် အင်အား ၅၀ နီးပါး ခန့် ပါဝင်သည့်အဖွဲ့သည် သြဂုတ် ၂၉ ရက်တွင် ရွာအနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ လိပ်ခြံရွာကိုလည်း ဆက်လက်မွှေနှောက်ခဲ့သည်။
လိပ်ခြံရွာတွင် ဒေသခံ ၁၀ ဦးနီးပါး ဖမ်းဆီးခေါ်ဆောင်မသွားမီ စစ်တပ်က ရွာအတွင်း ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးသည်။
ကပေါင်းကျရွာနှင့် လိပ်ခြံရွာကို စီးနင်းခဲ့သည့် စစ်တပ်သည် သြဂုတ် ၃၀ တွင် ပြန်လည်ထွက်ခွာသွားပြီးနောက် ရက်ပိုင်းအကြာတွင် အနီးအနားကျေးရွာများဖြစ်သည့် ကံကလေးကုန်း၊ ကျေးကုန်း၊ သစ္စေးပင်လှ စသည့် ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေဆဲဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရန်ကြောင့် ရှောင်တိမ်းနေရသည့် ကပေါင်းကျရွာခံများမှာ စစ်တပ် ပြန်လည်ထွက်ခွာသွားပြီးဖြစ်သော်လည်း လုံခြုံရေးစိုးရိမ်နေရဆဲဖြစ်သည့်အတွက် ရွာအတွင်း မပြန်ဝံ့ဘဲ ရွာနှင့် မလှမ်းမကမ်းတွင် ရှောင်တိမ်းနေဆဲဖြစ်သည်ဟု အသက် ၃၀ ဝန်းကျင်အရွယ် မရင်ရင် (အမည်လွှဲ) က ပြောသည်။
“နွေဦးတော်လှန်ရေးကြီး မြန်မြန်အောင်ချင်တယ်။ တစ်ပြည်လုံးလည်း အေးချမ်းစေချင်တယ်။ အဲ့ဒါမှပဲ ကျွန်တော်တို့လည်း ကိုယ့်အိမ်ကိုယ့်ရာနဲ့ နေနိုင်မှာ” ဟု မိသားစုနေအိမ် ဖြိုဖျက်ခံထားရသည့် ထိုအမျိုးသမီးက ပြောလိုက်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe