စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာတွင် ယမန်နေ့ (စက်တင်ဘာ ၁၉) ညနေပိုင်း၌ စစ်တပ်သတင်းပေး (ဒလန်) ဟု နာမည်ကြီးနေသူ မိသားစုဝင် ၅ ဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခဲ့သည်။
ရွာအနောက်ဘက် ၂ မိုင်အကွာရှိ ရွှေမျောလုပ်ကွက်၌ နေထိုင်သည့် အသက် ၅၀ အရွယ် ဦးဆန်းဝင်းတို့မိသားစု ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံ ၃ ဦးက အတည်ပြုသည်။
“စစ်သားတွေလာရင် သူတို့ကပဲ ထောက်ပံ့ရေးလုပ်နေတယ်ဗျာ။ ရွာထဲက အိမ်တွေဖျက်ဆီးတာတွေလည်း သူတို့သားသမီးတွေပါတယ်နဲ့ တူတယ်။ အဲဒီလိုသတင်းတွေကြောင့် သတ်လိုက်တယ်လို့ ကြားတာပဲဗျာ”ဟု သက်လတ်ပိုင်းအရွယ် ကပေါင်းကျရွာသားတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူများမှာ ဦးဆန်းဝင်း၊ ဇနီး ဒေါ်ချစ်၊ သားများဖြစ်သည့် ၁၈ နှစ်အရွယ် မောင်ဇင်မင်းထွန်း၊ ၁၆ နှစ်အရွယ် မောင်ဇင်မင်းသူ၊ ၁၂ နှစ်အရွယ် မောင်အောင်မျိုးသူတို့ဖြစ်ကြောင်း သိရသည်။
လာရောက်ပစ်ခတ်သောအဖွဲ့နှင့် သေဆုံးသူမိသားစု အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံတချို့က ပြောသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
“သူတို့ကတော့ ရွာက သတင်းပေးဒလန်တွေနဲ့ ရင်းရင်းနှီးနှီးနေတာ ရှိတယ်။ လက်နက်တွေ ဝယ်ထားတယ်လို့ သတင်းထွက်တာတွေတော့ ရှိတယ်”ဟု ကပေါင်းကျရွာ ဒေသခံနောက်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်အတွင်း တန့်ဆည်နယ်တွင် စပ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းစဉ် ဦးဆန်းဝင်း၏ သားတစ်ဦးက လမ်းပြအဖြစ် ကူညီပေးခဲ့ကြောင်း သတင်းကြားသိထားသော်လည်း ထိုမိသားစုကို ပစ်ခတ်မှုမှာ ၎င်းတို့ လက်ချက်မဟုတ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦးက ပြောသည်။
“နယ်မြေရှင်းလင်းရေးလုပ်တော့ လမ်းပြက ဖအေနဲ့ သားနဲ့ ပါတယ်ပေါ့။ ဒါပေမယ့် ဘာလို့ ၅ ယောက်စလုံး ရှင်းသွားလည်း မသိဘူးဗျ။ ကျွန်တော်တို့ PDF က လုပ်တာတော့မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ စစ်ခွေးကိုပဲ တိုက်ဖို့ကြိုးစားနေတာ”ဟု သူက ဆက်ပြောသည်။
ကပေါင်းကျရွာတွင် ဦးဆန်းဝင်းမိသားစုအပါအဝင် စစ်ကောင်စီသတင်းပေးဟု ဆိုကာ သတ်ဖြတ်ခံရသူ ၈ ဦးအထိ ရှိလာပြီဖြစ်ပြီး ယခုမိသားစုဝင် ၅ ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်ကြောင့် ရွာကို စစ်တပ်က နောက်တစ်ကြိမ် ထပ်မံစီးနင်းမည်ကို ဒေသခံများက စိုးရိမ်နေသည်။
စစ်တပ်က ၇ ကြိမ် ဝင်ရောက်စီးနင်းခဲ့သည့် ကပေါင်းကျကျေးရွာတွင် ဒေသခံ ရွာသား ၃ ဦး ပျောက်ဆုံးကာ ၄ ဦး ပစ်သတ်ခံထားရသဖြင့် တန့်ဆည်မြို့နယ်၌ စစ်ကောင်စီဒဏ် အခံရဆုံး ကျေးရွာဖြစ်သည်။
အိမ်ခြေ ၁၀၀၀ ခန့်ရှိ ကပေါင်းကျကျေးရွာသည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းသည့် ကျေးရွာဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၆ စီးနင်းမှုတွင် ရွာသား ၄ ဦး အသတ်ခံရပြီး နေအိမ် ၁၀ လုံး ကျော် ဖျက်ဆီးခံရသည်။
လက်ရှိတွင် ကပေါင်းကျရွာသူရွာသား ၃၀၀၀ နီးပါးသည် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရန်ကို ကြောက်ရွံ့၍ ရွာသို့ မပြန်ရဲဘဲ တိမ်းရှောင်နေရသည်။
တန့်ဆည်မြို့နယ်အတွင်းတွင်လည်း ဇွန်လ၌ စစ်တပ်သတင်းပေး (ဒလန်) ဟု ရပ်ရွာက စွပ်စွဲထားသည့် အုပ်ချုပ်ရေးမှူးဟောင်း ၃ ဦး သတ်ဖြတ်ခံထားရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p